Thursday, December 20, 2007

ကချင်ပြည်နယ်တွင်း စစ်တပ်ရိက္ခာ စပါးများ စုဆောင်းနေ

မျိုးကြီး
Thursday, 20 December 2007 14:16 - မြန်မာစံတော်ချိန်

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တပ်ရိက္ခာအတွက် စစ်တပ် အဝယ်ဒိုင်များ ကိုယ်တိုင် ကွင်းဆင်းကာ ဒေသခံ လယ်သမားများထံမှ စပါးဝယ်ယူလျှက် ရှိသည်။

ဗန်းမော်မြို့နယ် မြို့သစ် ကုန်းတော ကျေးရွာများတွင် ဒီဇင်ဘာ(၁ဝ) ရက်နေ့မှ စတင်ကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (၂၁) တပ်ရင်း အဝယ်ဒိုင်များမှ ကွင်းဆင်း ဝယ်ယူနေပြီး တင်းပေါင်း ၆ဝဝ အထိ ဖြည့်တင်းသွားမည်ဟု သိရသည်။

အလားတူ တနိုင်းမြို့နှင့် နမ္မတီးမြို့ ကားလမ်းတလျှောက် ကျေးရွာများတွင် ဒေသကွပ်ကဲရေး ဌာနချုပ် (တနိုင်း) လက်အောက်ရှိ တပ်ရင်းအဝယ်ဒိုင်များ၊ မိုးကောင်း မိုးညှင်း မြို့နယ်များတွင် စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ် (၃) တပ်ရင်း အဝယ်ဒိုင်များ၊ မြစ်ကြီးနား ဝိုင်းမော်ဘက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ထောက်ပို့) ဌာန အဝယ်ဒိုင်များဖွင့်၍ နိုဝင်ဘာ လကုန်ပိုင်းကစ၍ ဝယ်ယူစုဆောင်းလျှက် ရှိသည်။

သို့သော် ဒေသခံ လယ်သမားများ၏ ပိုင်ဆိုင်သည့် လယ်မြေဧက စာရင်းများကို ပြုစုကောက်ယူကာ လယ်မြေ ပိုင်ဆိုင်သည့်အပေါ် မူတည်၍ တဧကလျင် စပါး (၂) တင်းနှုန်း မရောင်းမနေရ ရောင်းကြရသည်။ မိုးရာသီ စပါးပေါ်ချိန်တွင် လက်ရှိစပါးတတင်း ကျပ် (၄ဝဝဝ) ပေါက်နေသော်လည်း စစ်တပ် စပါး အဝယ်ဒိုင်များမှ တတင်းလျှင် (၂၅ဝဝ) ဖြင့်သာ ဈေးဖြတ်ကြသည်။

“သူတို့ စာရင်းအတိုင်း ရောင်းပေးရတော့ အဲဒါလည်း နစ်နာတာပဲ။ စာရင်းမှာပါတဲ့အတိုင်း မရောင်းပေးရင် လယ်သိမ်းမယ်လို့ ခြိမ်းခြောက်တယ်” ဟု ကချင်လယ်သမားတဦးက ပြောသည် ၊၊

သို့သော် ရောင်းချမည့် စပါးတင်း အရေအတွက်အလိုက် လယ်သမားများကို ငွေကြိုတင် ထုတ်ပေးခဲ့သည် ၊၊

“စိတ်မချမ်းသာပါဘူး။ သူတို့ လုပ်သလို ခံနေရတာပဲ။ အတိုက်အခံ လုပ်ရင်လည်း အကြောင်းအမျိုးမျိုးပြပြီး အရေးယူတာ ခံရမယ်ဆိုတော့ ဒီအတိုင်းပဲ နေကြတာပေါ့” ဟု သူက ပြောသည်။

ယခင်က စစ်အစိုးရ၏ ဆန်စပါး ဝယ်ယူရေးဌာန ဖြစ်သည့် ကုန်သွယ်လယ်ယာဌာနကို လွပ်လပ်သော ကုန်သွယ်ရေး မူဝါဒအရ ဟုဆိုကာ အစိုးရ ချုပ်ကိုင်သည့် စပါးဝယ်ယူရေး စနစ်ကို ၂ဝဝ၄ ခုနှစ်တွင် တရားဝင် ဖျက်သိမ်းပေးလိုက်သော်လည်း စစ်တပ်အတွက် လိုအပ်သည့် ရိက္ခာရရှိစေရန် ကုန်သယ်များမှတဆင့် ဝယ်ယူလာပြီး ယခုအခါ စစ်တပ်ကိုယ်တိုင် အဝယ်ဒိုင်များဖွင့်၍ ဈေးနှိမ် ဝယ်ယူနေခြင်း ဖြစ်သည်။


စခန်းတာဝန်ခံ နှုတ်ထွက်ခွင့် တောင်းဆိုမှု ခရိုင်ဝန်ပယ်ချ

သန်းထိုက်ဦး
Wednesday, 19 December 2007 20:57 - မြန်မာစံတော်ချိန်

ထိုင်း၊ မြန်မာနယ်စပ် ကရင်နီ ဒုက္ခသည်စခန်းအတွင်း လူတဦးသေဆုံးခဲ့သည့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားပြီးနောက် အုပ်ချူပ်ရေးဆိုင်ရာ ထိုင်းတာဝန်ရှိသူက နုတ်ထွက်ခွင့် တောင်းဆိုခြင်းကို ခရိုင်အရာရှိက ပယ်ချလိုက်သည်။

စနေနေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ ဒုက္ခသည်စခန်း အမှတ် (၁) အတွင်း လူငယ်များနှင့် ထိုင်းလုံခြုံရေးများ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားရာ ကရင်နီ လူငယ်တဦး သေနတ်မှန် သေဆုံးပြီးနောက် စခန်း၏ အဓိကတာဝန်ရှိသူ ထိုင်းလူမျိုး အုပ်ချုပ်ရေးဆိုင်ရာ အရာရှိက နုတ်ထွက်ရန် တောင်းဆိုခဲ့ရာ မယ်ဟောင်ဆောင် ခရိုင်ဝန်က ပယ်ချခြင်း ဖြစ်သည်။

စခန်းကော်မတီဥက္ကဌ ဦးဖိုးရယ်က “အဲဒီ ၁၆ ရက်နေ့မှာလေ (ဖုဝ) မယ်ဟောင်ဆောင် ခရိုင်ဝန်ကြီး အစည်းအဝေးမှာ သူတရားဝင် ဒီ (အောဆော်) လုံခြုံရေး ကြီးကြပ်သူတွေကိုလည်း မထားရှိတော့ဘူး ဆိုရင်လည်း သူလည်းအလုပ်ကနေ ထွက်မယ်လို့ တရားဝင် ပြောတယ်လေ။ ဒါပေမဲ့ ခရိုင်ဝန်ကြီးက ဒီကစ္စက ခင်ဗျား ရှင်းရမဲ့ကိစ္စဆိုတော့ ခင်ဗျာနားလို့ မရသေးဘူးပေါ့။ အဲဒီတော့ ဒီကိစ္စပြီးမှဘဲ အလုပ်က နားရမယ် မနားရဘူး ဆိုတာနောက်မှပဲ သိရမယ်” ဟု ပြောသည်။

“သူလည်း ရိပ်တော့ ရိပ်မိမှာပါ။ သူတို့ရဲ့ လူတွေက စခန်းအထဲမှာ စခန်းသူ စခန်းသားတွေရဲ့ အပေါ်မှာ ပစ်မှုတွေနဲ့ ပတ်သက်ပြီးတော့ သူ့မှာ လုံးလုံး တာဝန်ရှိတယ်ဆိုတာ သူခံစားရမယ်။ နောက်ပြီးတော့ သူ့လူတွေ လုပ်တာမှန်သမျှ တချို့ဟာတွေက အထက်က စည်းမျဉ်းစည်းကမ်းတွေနဲ့ ညှိနေတာတွေ ရှိတယ်။ အဲဒါကို သူကောင်းကောင်း သိတယ်” ဟု ဆက်ပြောသည်။

အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ နုတ်ထွက်လိုခြင်းနှင့် စပ်လျဉ်း၍ မယ်ဟောင်ဆောင်ရှိ ခရိုင်ရုံးအား မဇ္ဈိမက ဆက်သွယ် မေးမြန်းရာတွင် ပြောရေးဆိုခွင့်ရှိသူ ခရီးလွန်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

သေနတ်ထိမှန် သေဆုံးသွားသည့် လူငယ်အား ယမန်နေ့ မွန်းလွဲပိုင်းတွင် သဂြိုလ်လိုက်ပြီ ဖြစ်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်မြို့ရှိ ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းအား ၁၉၉၆ ခုနှစ်တွင် လူဦးရေ ၃ဝဝဝ ခန့်ဖြင့် အစပြုခဲ့ရာ လက်ရှိ စခန်းတွင်းနေထိုင်သူ ဦးရေ ၂၄ဝဝဝ ခန့် ရှိနေသည်။



အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများအတွက် ကျောင်းကား မလုံလောက်

မောင်ဒီး
Wednesday, 19 December 2007 19:37 - မြန်မာစံတော်ချိန်

အာဏာပိုင်များမှ ကျောင်းကား အလုံအလောက် ချမပေးသည့်အတွက် စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ အခက်အခဲ တွေ့ကြုံ နေရကြောင်း အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားများ အပြောအရ သိရသည်။

ရန်ကုန်တိုင်း သန်လျင်မြို့ပြင် တာဝ အရပ်ရှိ အရှေ့ပိုင်းတက္ကသိုလ်တွင် အဝေးသင်၊ ဝိဇ္ဇာ ဘာသာတွဲများ ဖြေဆိုနေကြသည့် ကျောင်းသားများအတွက် အာဏာပိုင်များက ကျောင်းကား ၂ စီးသာ စီစဉ်ပေးထားသဖြင့် ကျောင်းသားဦးရေနှင့် ကားစီးရေ မမျှခြင်း ဖြစ်သည်။

“စီးမယ့်ဦးရေနဲ့ ပေးထားတဲ့ ကားနဲ့ လုံးဝမမျှဘူးရှင့်။ အဲဒီအခါကျရင် ကျမတို့က မတ်တပ်ရပ် စီးရတယ်။ အပြန်လိုမျိုးဆိုရင် နောက်ကျသွားရင် လုံးဝမရတော့ဘူး။ ဘတ်စ်ကားစီးပြီး ပြန်ရပြီပဲ” ဟု အရှေ့ပိုင်းတက္ကသိုလ် အဝေးသင်ကျောင်းသူ မစန္ဒီထွန်းက မဇ္ဈိမသို့ ပြောသည်။

အလုံမြို့နယ်အတွင်းရှိ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများကို အလုံမြို့နယ် ခန်းမအနီးရှိ မှတ်တိုင်တွင် နံနက် ၆ နာရီ ၄၅ မိနစ်တွင် တကြိမ်၊ ၇ နာရီတွင် တကြိမ် စုစုပေါင်း ၂ကြိမ်သာ ကြိုပို့လုပ်ပေးပြီး၊ ကား ၂ စီးသာ စီစဉ်ပေးသည့်အတွက် နောက်ကျသော ကျောင်းသားများ၊ ဘတ်စ်ကားများကိုသာ စောင့်ဆိုင်းကာ စီးနေကြရသည်။

“ကားတွေက မီနီဘတ်စ်တစီး၊ BM ဟီးနိုးကားတစီး ၂ စီးထဲပေးထားတယ်။ ကားတစီးမှာ ကျောင်းသားတွေက မရှိဘူးဆိုရင် အနည်းဆုံး ၃ဝ ပဲ။ ဒါတောင် မစီးရဘဲ ကျန်ခဲ့တဲ့ ကျောင်းသားတွေက ကားတစီးစာ ရှိတယ်။ စီးလို့ ရတယ်ဆိုရင်လည်း ပြွတ်သိပ်နေပြီး တွယ်စီးနေရတယ်” ဟု မစန္ဒီထွန်းက ပြောသည်။

ထို့အပြင် လိုင်းကားစီးလျှင် ကျပ် ၃ဝဝ ကုန်ကျမည့် ခရီးကို ကျောင်းကားခ ကျပ် ၄ဝဝ ပေးနေရခြင်းကိုလည်း ကျောင်းသားများက ကန့်ကွက် ပြောဆိုကြသည်။

တနင်္လာမှ စတင်ကာ အဝေးသင်တက္ကသိုလ် ဝိဇ္ဇာဘာသာရပ် စာမေးပွဲကို စတင်ဖြေဆိုနေပြီး ၁ဝ ရက် ကြာမြင့်မည် ဖြစ်သည်။

ယခင်ရက်ပိုင်းအတွင်းက ကျောင်းတွင်း အနက်ရောင် အဝတ်စား ဝတ်ဆင်ခြင်းကို ပြင်းထန်စွာ တားမြစ်ထားပြီး၊ ဝတ်ဆင်သူများအား တွေ့ရှိပါကလည်း စာမေးပွဲခန်းစောင့် ဆရာ၊ ဆရာမများက ကျောင်းသားများ၏ ခုံနံပါတ်ကို မှတ်ယူခြင်းနှင့်အတူ သတိပေး ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။



ဒေါ်စု လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း လှူတန်းမှုများ ပြုလုပ်

ထိန်လင်း
Wednesday, 19 December 2007 17:49 - မြန်မာစံတော်ချိန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ရွှေဝါရောင် တော်လှန်ရေးအတွင်း ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသားလူငယ်များကို မေတ္တာပို့ အမျှဝေသည့် ဆွမ်းလောင်းလှူပွဲများ အင်္ဂါနေ့တိုင်း ပြုလုပ်သွားမှာဖြစ်ကြောင်း မိတ္ထီလာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်သည်။

ယမန်နေ့ကလည်း သံဃာ အပါး ၁ဝဝ ကျော်ကို ဆွမ်းကပ်လှူပြီး ဆက်လက်၍လည်း ဒေါ်အောင်ဆန်းစုကြည် မလွတ်မချင်း ပြုလုပ်သွားမှာဖြစ်ကြောင်း မိတ္ထီလာ အန်အယ်ဒီအတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

“အရင်ကတည်းက ဘုန်းကြီးကျောင်းတွေကို သွားပြီးတော့ လှူဒါန်းခဲ့ပေမယ့် သူတို့က နောက်ကနေလိုက်ပြီး ဘုန်းကြီးတွေကို ဘာတွေလှူသွားသလဲ၊ ဘာတွေပြောသွားသလဲ ဆိုပြီး မေးတော့ ဘုန်းကြီးတွေလည်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ နှစ်ဘက်စလုံး စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုတော့ လမ်းကြွလာတဲ့ ဘုန်းကြီးတွေကို အိမ်မှာပဲ ပင့်လောင်းဖြစ်တော့တယ်” ဟု သူမက ပြောသည်။

ဆုတောင်းဆွမ်းလောင်းလှူပွဲကို ဒေါ်မြင့်မြင့်အေး၏ ထဲ့လှူငွေဖြင့် ကမကထ ပြုခြင်းဖြစ်သည်။

အလားတူ ယမန်နေ့က ဆုတောင်း ဆွမ်းလောင်းပွဲများကို မန္တလေးတိုင်းအတွင်း ဝမ်းတွင်း၊ သဲတောနှင့် သာစည်မြို့တို့တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ရှိ အန်အယ်ဒီ ရုံးချုပ်တွင်လည်း ပြုလုပ်ခဲ့သည်။

အင်္ဂါနေ့တိုင်း ဆုတောင်းပွဲကို စတင်ဦးဆောင်ခဲ့သူ ဒေါ်နော်အုန်းလှကလည်း မှော်ဘီမြို့နယ်အတွင်း ငါးလွှတ်ကာ ကုသိုလ်ပြုခဲ့သည်။



အမေရိကန် အောက်လွှတ်တော်က ဒေါ်စုကို ရွှေတံဆိပ်ချီးမြှင့်ရန် ရွေးချယ်

မဇ္ဈိမသတင်းဌာန
Wednesday, 19 December 2007 17:05 - မြန်မာစံတော်ချိန်

အမေရိကန် အောက်လွှတ်တော်က အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားများအတွက် အမြင့်ဆုံးဆုဖြစ်သော ကွန်ဂရက်ရွှေဆုကို ချီးမြှင့်ရန် တနင်္လာနေ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

ငြိမ်းချမ်းရေး၊ အကြမ်းမဖက်မှု၊ လူ့အခွင့်အရေးအတွက် သူမ၏ ရဲစွမ်းသတ္တိနှင့် မဆုတ်မနစ်သော ပိုင်းဖြတ်မှုကို အသိအမှတ် ပြုသည့်အနေဖြင့် အဆိုပါဆုကို ချီးမြှင့်ရန် ရွေးချယ်ချယ်ခဲ့ခြင်း ဖြစ်သည်ဟု အောက်လွှတ်တော်က ပြောသည်။

လွှတ်တော်အမတ် ဂျိုးဇက်ကရိုးလေးက ဆုအတွက် အဆိုပြုခဲ့ပြီး အောက်လွှတ်တော်အမတ် ၄ဝဝ က အပြည့်အဝထောက်ခံမဲ ပေးခဲ့ခြင်းဖြစ်သည်။

ကွန်ဂရက်ရွှေဆုသည် မြန်မာပြည်တွင် လွန်ခဲ့သည့် ၁၈ နှစ်အတွင်း ၁၂ ကြာမျှ အထိန်းသိမ်းခံနေရသော ကမ္ဘာ့နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာမှ ချီးမြှင့်ခဲ့သည့် ဆုများအနက် နောက်ဆုံးတခု ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၄၅ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်နေခဲ့သော စစ်အစိုးရကို အတိုက်အခံပြုကာ ဒီမိုကရေစီ ဖော်ဆောင်ရေး လှုပ်ရှားမှုကြီးကို ဦးဆောင်နေသည်။

ဝါရှင်တန်အခြေစိုက် US Campaign for Burma မှ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က “ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာရဲ့ အလေးထားမှုကို အဓိကအားဖြင့် ပြသရာ ရောက်ပါလိမ့်မယ်။ ပြီးတော့လည်း သူမကို လိုအပ်နေတဲ့ ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့ နိုင်ငံတကာ အဖြေရှာမှုကို ပိုတိုးလာစေမှာပါ” ဟု ကျေညာချက်ထဲတွင် ပြောသည်။

သူက ဆက်ပြီး “မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အောင်မြင်စေဖို့ အဓိပ္ပာယ်ပြည့်ဝပြီး အချိန်ဇယားပါတဲ့ လုပ်ငန်းစဉ်တရပ် ရရှိဖို့ ကမ္ဘာက ဖိအားပေးဖို့ အချိန်တန်ပြီ” ဟု ပြောသည်။

ယခုဆုကို ရှေ့တန်းစစ်မျက်နှာတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် အောင်မြင်သည့် စစ်ခေါင်းဆောင်များကို ချီးမြှင့်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် အရပ်သားဆု ဖြစ်လာခဲ့ပြီး၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ အာဖရိက နိုင်ငံရေးခေါင်းဆောင် နယ်ဆင်မန်ဒဲလား၊ အိန္ဒိယမှ လူမှုဝန်ထမ်း မာသာထရီဇာ၊ တီဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားနှင့် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ (၂) တို့ကဲ့သို့ ထူးချွန်ထက်မြက်သူများကို ပေးအပ်ခဲ့သည်။

သို့သော်လည်း ဆုချီးမြှင့်ရေးအတွက် ဆီးနိတ် ခေါ် အထက်လွှတ်တော်၏ အတည်ပြုချက် လိုအပ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates