Friday, December 21, 2007

စာနယ်ဇင်းသမားများ ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင်

နန်းဒေဝီ
Friday, 21 December 2007 19:14 - မြန်မာစံတော်ချိန်

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွင်း မှတ်တမ်းတင် ရိုက်ကူးမှုပြုခြင်း သို့မဟုတ် ဆန္ဒပြရာတွင် ပါဝင်ခဲ့သောကြောင့် စစ်အစိုးရက လိုက်လံ ဖမ်းဆီးနေသဖြင့် စာနယ်ဇင်းနယ်ပယ်မှ အနည်းဆုံး ၉ ဦး ထိုင်းနိုင်ငံ နယ်စပ်မြို့များသို့ ရောက်ရှိလာခဲ့ကြသည်။

ဒီဇိုင်းပညာရှင် ကိုသီဟမောင်မောင်၊ စာရေးဆရာ ကိုသတိုး၊ ကဗျာဆရာ ကိုကျော်သူမိုးမြင့်၊ ကိုထက်ဇော် (ပန်းသတင်း) ကိုမိုးကျော် (စပယ်ဖြူမဂ္ဂဇင်း) နှင့် ကဗျာဆရာ ကိုအောင်ဝေး၊ ဓာတ်ပုံ သတင်းထောက် လောအယ်စိုးတို့ ပါဝင်သော မီဒီယာသမားများ တိမ်းရှောင်လာခဲ့ရခြင်း ဖြစ်သည်။

“ကျနော့် သူငယ်ချင်းတွေက ပြေးနေကြပြီ၊ ကျနော်တော့ အေးအေးဆေးဆေး နေသေးတယ်။ ဒါပေမယ့်လို့ အိမ်ကို ဧည့်စာရင်း လာစစ်တာမျိုး၊ မသိမသာ ထောက်လှမ်းတာမျိုး၊ ပတ်ဝန်းကျင် လမ်းထိပ်ကနေ စုံစမ်းထောက်လှမ်း လုပ်နေတာမျိုး၊ တဖြည်းဖြည်းနဲ့ သွားလာရတာ၊ စီးပွားရေး၊ လူမှုရေးတွေအပြင် တချိန်ချိန်မှာ တနည်းမဟုတ်ရင် တနည်း ကျနော် ဒုက္ခ ရောက်တော့မယ်ဆိုတာ သိလာရတယ်” ဟု ဒီဇိုင်းပညာရှင် ကိုသီဟမောင်မောင် (၃၆) နှစ်က မဇ္ဈိမ ကို ပြောသည်။

အာဏာပိုင်များ ဖမ်းမိလိုသူများ မတွေ့ရှိပါက မိသားစုဝင်များအား ခေါ်ယူစစ်ဆေးခြင်းနှင့် ပိုင်ဆိုင်မှုများကိုပင် သိမ်းဆည်းကြောင်း ကျောက်ဆည်ဇာတိ၊ ကဗျာဆရာ ကိုကျော်သူမိုးမြင့် (၂၇)နှစ်က ပြောသည်။

“အိမ်မှာ ကျနော့်ကို မတွေ့တော့ ကျနော့် မိန်းမကို ၁ ရက်နဲ့ တည ခေါ်ယူစစ်ဆေးတယ်၊ အိမ်မှာ ကျန်ခဲ့တဲ့သူတွေအတွက် ဘယ်လိုမှ မလုံခြုံပါဘူး၊ ဒါပေမဲ့လို့ ဘာမှလုပ်လို့ မရပါဘူး၊ ဒီလိုမှ တရားဝင် ကွာရှင်းမလုပ်ရင် ကျနော့် အမျိုးသမီးနဲ့ အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဒုက္ခပေးမှာမလွဲဘူး” ဟုပြောသည်။

“အထင်ကရ ဆေးစက်များ” ကဗျာစာအုပ်ကို ယခုနှစ်၂ဝဝ၇ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့သည့်အတွက် ကိုကျော်သူမိုးမြင့်သည် စစ်ကြောရေးစခန်းသို့ ရောက်ခဲ့ဖူးပြီး ဒဏ်ငွေဖြင့် ပြန်လွတ်လာဖူးသည်။

သို့သော် စက်တင်ဘာ ၁၉ ရက်တွင် ပုံနှိပ်ဥပဒေနှင့် ညှိစွန်းသည်ဟု ပြောဆိုကာ တိုင်းတရားရုံးမှ ဆင့်ခေါ်စာ ပို့ခဲ့သည့်နောက်ပိုင်း ရက်ပေါင်း ၂ဝ ကျော် ပြည်တွင်းတွင် ရှောင်တိမ်းနေခဲ့ရပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီအမှုက အောက်ရုံးမှာပြတ်ပြီးသား၊ ဒါပေမဲ့လို့ မန္တလေး တိုင်းရုံးကနေ ပြန်ပြီးတော့ တရားစွဲတယ်၊ ပုံနှိပ်ဥပဒေနဲ့ ညှိစွန်းတယ် ဆိုပြီးတော့ ဖမ်းဝရမ်းပါ ထုတ်လာတယ် အဲဒီကတည်းက ကျနော် ရှောင်နေရတယ်၊ နောက်ဆုံးတော့ အောက်တိုဘာ ၁၂ ရက်နေ့မှပဲ ထိုင်းရောက်လာတယ်” ဟု သူက ပြောသည်။

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ယခုလ ပထမပတ်က ပြုလုပ်သော နအဖ သတင်းစာ ရှင်းလင်းပွဲတွင် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော စာပေ အနုပညာရှင်များကို အမျိုးသားရေး စိတ်ဓာတ် အခြေခံ အားနဲသူများအဖြစ် အာဏာပိုင်များဘက်က စွပ်စွဲပြောဆိုခဲ့သည်။

ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (RSF) ၏ ၂ဝဝ၇ ခုနှစ် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အခြေအနေ ထုတ်ပြန်ချက်တွင် သတင်းထောက်များကို ဖိနှိပ်ချုပ်ချယ်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်အတူ အဆိုးဆုံးအဆင့်တွင် တည်ရှိသည်။

သြဂုတ်နှင့် စက်တင်ဘာ လူထုဆန္ဒ ထုတ်ဖော်ပွဲကာလမှ အာဏာပိုင်များမှ ၄ ဦးထက်မနည်း ဖမ်းဆီးထားသည်။

ဂီတကမ္ဘာဂျာနယ်၏ အယ်ဒီတာဟောင်းလည်း ဖြစ်ပြီး ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းခြင်းအား ထောက်ခံ ဆန္ဒပြခဲ့သည့်အတွက် အာဏာပိုင်များက ထောင်ဒဏ် လေးနှစ်ကျခံခဲ့ရသည့် ကိုသတိုး (၂၉)နှစ်သည် ကလောင်အမည်ပင် ပြောင်းလဲခဲ့ရသည်။

“ထောင်ကထွက်ပြီးတော့ သတိုးနဲ့က စာရေးလို့ အဆင်မပြေတော့ဘူး၊ ဒါကြောင့် ထောင်ကထွက်ပြီးတော့ ၂ဝဝ၃ ခုနှစ်ကစပြီး ငြိမ်းချမ်းငြိမ်း နဲ့ဘဲစာရေးခဲ့တယ်၊ ဒါပေမဲ့လို့ စက်တင်ဘာ နောက်ပိုင်းတော့ လုံးဝကို စာရေးစားလို့ မရတော့ဘူး၊ ထောက်လှမ်းရေးတွေရဲ့ လိုက်လံ ဖမ်းဆီးမှုတွေက ရှိနေတယ်ဆိုတော့ ဘာမှကို လုပ်လို့ မရတော့ဘူး” ဟု သူက ပြောသည်။

မြန်မာပြည်မှ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများသည် ဆက်သွယ်ရေး နည်းပညာ တိုးတက်မှုကို ကောင်းမွန်စွာ အသုံးချနိုင်ခြင်းကြောင့် ကမ္ဘာတလွှား သတင်းထူးများ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။ ထို့အတူ သတင်းသမားများလည်း ပစ်မှတ် ဖြစ်ခဲ့ရသည်။ အချို့က ပြည်ပသို့ တိမ်းရှောင်လာနိုင်သလို အချို့ကတော့ ပြည်တွင်းတွင်ပင် ရှောင်တိမ်းနေရဆဲ ဖြစ်သည်။

သို့သော် သူတို့၏ စာနယ်ဇင်း စိတ်ဓာတ်ကား ကွယ်ပျောက်သွားခြင်း မရှိဘဲ အခွင့်ပေးလျှင် စာနယ်ဇင်းနယ်ပယ်မှာ လုပ်ရန် စိတ်အား ထက်သန်နေဆဲ ဖြစ်သည်။

“ခုလို အနုပညာများကို ပြည်တွင်းမှာ ရေးခွင့်မရတော့ဘူး ဆိုတဲ့အတွက် စိတ်ထဲမှာ ခံပြင်းတယ်၊ မကျေနပ်ဘူး၊ စိတ်ထဲမှာခံစားရတယ်၊ တော်တော်ခံစားရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အနုပညာ လုပ်ငန်းဆိုတာ သိတဲ့အတိုင်းဘဲ စိတ်ထဲကဖြစ်ပေါ်လာတဲ့ ကိစ္စ၊ အစိုးရကြောင့်တဲ့ ကဗျာဆရာဆိုတဲ့ ဟာကို အခွင့်ရေး ရသရွေ့ ရေးလို့ရတဲ့ နေရာကနေ လုပ်မယ်၊ လုပ်မရရင် လုပ်လို့ရတဲ့နေရာကနေ လုပ်မယ်” ဟု ကဗျာဆရာ ကိုကျော်သူမိုးမြင့်က ပြောသည်။



ပဲခူး ကလျာဏီသိမ်ကျောင်း ဆရာတော် ပြန်လွတ်လာ

ထိန်လင်း
Friday, 21 December 2007 18:21 - မြန်မာစံတော်ချိန်

ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရသူ ပဲခူးမြို့ ကလျာဏီ သိမ်ကျောင်းတိုက် ဆရာတော်ကြီးသည် ပြီးခဲ့သည့် တနင်္လာနေ့က ပြန်လွတ်လာခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်တွင် ဆရာတော်ကြီး ဦးတေဇောဘာသ (သက်တော် ၇၆ နှစ်) အား ရွှေတိဂုံ ဘုရားပေါ်မှအဆင်း စစ်ဖက်လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရွာသာကြီး စိတ်ရောဂါကု ဆေးရုံတွင် ၂၅ ရက်ကြာ ထိန်းသိမ်းထားရာမှ စခန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် ဆက်လက်ထားရှိကာ ယခုလ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“ရွှေတိဂုံဘုရားပေါ်က အဆင်းမှာ အဖမ်းခံရတယ်လေ။ ဘုမသိဘမသိနဲ့ ခေါ်သွားခံရတာ။ ၂၅ ရက်ကြာ အရူးထောင်မှာ နေခဲ့ရသေးတယ်။ တနင်္လာနေ့ကတော့ အိမ်ကို ပြန်ပို့ကြတယ်လေ။ အိမ်က မိသားစုတွေနဲ့လည်း ဓာတ်ပုံ ရိုက်သွားသေးတယ်။ ကောင်းကောင်းမွန်မွန် ပြန်ပို့ခဲ့တယ် ဆိုတဲ့အကြောင်း လက်မှတ်လည်း ထိုးလိုက်ရတယ်” ဟု သမီးဖြစ်သူ ဒေါ်မြတ်မြတ်ထွေးက မဇ္ဈိမကို ပြောပြသည်။

ယခင်က လေဖြတ်ဝေဒနာ ခံစားခဲ့ရသော်လည်း ဖမ်းဆီးမခံရခင်အထိ ဆရာတော်ကြီး တပါးတည်း ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်ဘုရားသို့ ဘုရားဖူးကြွချီနိုင်ခဲ့ပြီး ယခု ပြန်လွတ်လာရာ၌ ကျန်းမာရေး အခြေအနေ ကောင်းမွန်ခြင်း မရှိဘဲ ဖြစ်နေသည်။

ဒေါ်မြတ်မြတ်ထွေးက “ကျန်းမာရေးက အရင်တုန်းကတော့ အကောင်းပဲလေ။ ဟိုအရင်တုန်းက လေဖြတ်ခဲ့ဖူးတော့ ကုခဲ့ရသေးတယ်။ အခု စကားပြောတွေ တအားလေးနေတယ်။ ဆေးထိုးဆေးကျွေး လုပ်နေရတယ်။ ကိုယ်တွေလက်တွေကလည်း နာနေတယ် ပြောတယ်။ နဂို လေဖြတ်တဲ့ဒဏ်နဲ့ ပေါင်းပြီး အခု စကားတွေက မပီတော့ဘူး” ဟု ပြောသည်။

မလိုအပ်ဘဲ စိတ်ရောဂါကု ဆေးရုံတွင် ထားရှိခဲ့ပြီး ပြန်လွတ်လာသည့်အခါ ကျန်းမာရေး ချို့ယွင်းလာခဲ့သဖြင့် ကြည်ညိုသူ ဒါယိကာ၊ ဒါယိကာမများနှင့် ဆွေမျိုးသားချင်းများမှ စိတ်မကောင်း ဖြစ်နေကြသည်။

ယခုအခါ ဆရာတော်ကြီးသည် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ သမီးဖြစ်သူ၏ နေအိမ်တွင် သီတင်းသုံး နေထိုင်ပြီး ပဲခူးကျောင်းတိုက်သို့ ပြန်ကြွလိုလျှင် ဒေသအာဏာပိုင်များကို သတင်းပို့ရမည် ဖြစ်သည်။

စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှုအတွင်း မြို့တော်ခန်းမရှေ့တွင် သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ တပါးတည်း ဆန္ဒပြသကဲ့သို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ၃ ရက်ဆက်တိုက် တရားဟောခဲ့သည့် ဆရာတော်ကြီးအား စက်တင်ဘာလ ၂၆ ရက်နေ့တွင် အင်းစိန်ထောင်ထဲတွင် ဖမ်းဆီးချုပ်နှောင်ကာ အောက်တိုဘာလ ၂၅ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။



လွတ်လပ်ရေးနေ့ ဆန္ဒပြရန် နှိုးဆော်စာများ ပခုက္ကူတွင် ကပ်ပြန်ပြီ

ထိန်လင်း
Friday, 21 December 2007 16:50 - မြန်မာစံတော်ချိန်

မကွေးတိုင်း ပခုက္ကူမြို့တွင် လာမည့် လွတ်လပ်ရေးနေ့၌ သံဃာအားလုံး စုပေါင်း ဆန္ဒပြကြရန် နှိုးဆော်စာများ ယနေ့နံနက်က ကပ်ထားသည်။

လာမည့် နှစ် ၆ဝ ပြည့် လွတ်လပ်ရေးနေ့ ကျရောက်မည့် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပခုက္ကူမြို့ရှိ သံဃာထုအနေဖြင့် စုပေါင်းဆန္ဒပြပွဲကို ပြန်လည်ဖော်ထုတ်ရန် ရွှေဝါရောင်တော်လှန်ရေး စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ရှိ မဟာဝိဇယာရာမ (အရှေ့တိုက်) မြောက်ဘက်မုခ်တွင် နှိုးဆော်စာများ ကပ်ထားခြင်း ဖြစ်သည်။

“ဒီနေ့မနက် မြောက်ဖက်မုခ်မှာ ဇန်နဝါရီ ၄ ရက်နေ့ ဆန္ဒပြဖို့ စာတွေ ကပ်ထားတယ်။ ကိုရင်တွေ ဦးဇင်းတွေတော့ သွားဖတ်ကြတာပဲ” ဟု စာသင်တိုက်ကြီးမှ စာချဆရာတော် တပါးက မိန့်ကြားသည်။

နှိုးဆော်စာများ ကပ်ပြီး မကြာမီအချိန်အတွင်းမှာပင် ဒေသခံ ရဲများက လာရောက် ခွါယူသွားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ကံဆောင်သပိတ် ပြန်လည်လုပ်ဆောင်ရန် နှိုးဆော်စာများကို ပခုက္ကူမြို့ ကျောင်းတိုက်များအနီး၌ ကပ်ထားခဲ့သည်။

စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးအား နအဖ က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ရန်ကုန်နှင့် အခြားမြို့နယ်များရှိ ကျောင်းတိုက်များသို့ ဝင်ရောက်စီးနင်းကာ စာသင်သား သံဃာများကို နေရပ်သို့ပြန်ရန် အတင်းအကျပ် နှင်ထုတ်ခဲ့သဖြင့် ပခုက္ကူမြို့ရှိ စာသင်တိုက်များတွင် စာသင်သား သံဃာများ ၃ ပုံတပုံခန့်သာ သီတင်းသုံး ကျန်ရစ်ခဲ့သည်။

ပခုက္ကူမှ ဆရာတော်က “အရင်က သံဃာအပါး ၆ဝဝ ကျော် ရှိတာ။ အခုတော့ ၂ဝဝ လောက်ပဲ ကျန်တော့တယ်။ စာမေးပွဲလည်း မဖြေတော့ဘူးဆိုတော့ စက်တင်ဘာ အရေးအခင်း ပြီးကတဲက ပြန်သွားကြတာ။ ပြန်မလာတော့ဘူး” ဟု မိန့်ကြားသည်။

မြို့နယ် အာဏာပိုင်များက “ဆရာ-ဒကာ” စီမံချက်ဟူ၍ ချမှတ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအား ဘုန်းတော်ကြီး ကျောင်းများတွင် ဝေယျာဝစ္စများ လုပ်ဆောင်စေကာ သံဃာတော်များ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့် သတင်းပေးရန် ညွှန်ကြားထားသည်ဟု သံဃာတော်က ဆက်မိန့်ဆိုသည်။

ကျောင်းဆရာတဦးကလည်း “ကျနော်တို့တော့ ရွှေလမ်းအနောက်ဘက်က ဘုန်းကြီးကျောင်း တကျောင်းမှာ တာဝန်ကျတယ်။ မလုပ်လို့ကလည်း မရဘူးဆိုတော့ လုပ်ရတာပေါ့” ဟု ပြောသည်။

ရွှေဝါရောင် တော်လှန်ရေးအတွင်း ပခုက္ကူ သံဃာတော်များကို ကြိုးကွင်းပစ်ဖမ်းခြင်း၊ ဓာတ်တိုင်တွင် ကြိုးနှင့်တုပ်ကာ ရိုက်နှက်ခြင်း၊ အတင်းအကျပ် လူဝတ်လဲခြင်း အစရှိသည့် လုပ်ရပ်များကို အာဏာပိုင်များက ကျူးလွန်ခဲ့သည့်အတွက် သူတို့ ကြီးကြပ်စီစဉ်ပေးသည့် သံဃာစာမေးပွဲကို ဖြေဆိုခြင်း မပြုရန် ပခုက္ကူ သံဃာတော် အများစုက ဆုံးဖြတ်ထားကြသည်။



စစ်လက်နက်တင်ကား တိမ်းမှောက်ရာမှ အဖမ်းခံရ

မျိုးကြီး
Friday, 21 December 2007 16:17 - မြန်မာစံတော်ချိန်

ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်နှင့် သိန္နီမြို့ ကားလမ်းပေါ်ရှိ ဟိုလီကျေးရွာ အနီးတွင် ရိုင်ဖယ်သေနတ် အလက် ၅ဝ ခန့်နှင့် ကျည်ဆံသေတ္တာများ တင်ဆောင်လာသည့် ဟိုင်းလပ် အမြန်ယာဉ်တစီးကို လွန်ခဲ့သည့် သီတင်းပတ် သောကြာနေ့က ဒေသအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။

လက်နက်တင်ယာဉ်သည် သိန္နီနှင့် ၄၅ မိုင်ကွာဝေးသော ဟိုလီကျေးရွာ အနီး၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာမှ လက်နက် တင်လာသည့်ယာဉ် ဖြစ်သည်ကို အာဏာပိုင်များက သိရှိသွားပြီးနောက် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“သတင်းရလို့ ဖမ်းမိတာတော့ မဟုတ်ဘူး။ ဟိုလီကုန်းတက်မှာ ဝိတ်နဲ့ အရှိန်နဲ့မောင်းတော့ ကားမှောက်သွားလို့ တခြား ခရီးသွားကားတွေက တွေ့သွားတာပေါ့။ အဲဒီကတဆင့် သတင်းပေါက်ပြီး ဖမ်းမိသွားတာ။ ကားသမားကတော့ ထွက်ပြေးသွားတယ်” ဟု စစ်တပ်နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

ယာဉ်မောင်းဖြစ်သူ ထွက်ပြေး လွတ်မြောက်သွားသော်လည်း ကားပေါ်တွင် တင်ဆောင်လာသည့် အခြား ကုန်ပစ္စည်းများကို ပေးပို့ရမည့် လိပ်စာအရ သိန္နီမြို့ရှိ ပစ္စည်း ဂိုဒေါင်ပိုင်ရှင် ဦးလီကျင်ကွမ်းကို လုံခြုံရေး အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများသည် မည်သည့်အဖွဲ့အစည်းက ပိုင်ဆိုင်သည်ကိုမူ မသိရသေးပေ။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates