Thursday, November 1, 2007

အငြိမ့်လူရွှင်တော် ပါပါလေးကို ပြန်လွှတ်

မဇ္ဈိမသတင်းဌာန
Wednesday, 31 October 2007 18:24 - မြန်မာစံတော်ချိန်

နိုင်ငံကျော် အငြိမ့်လူရွှင်တော် ပါပါလေးသည် မနေ့ည ကိုးနာရီတွင် မန္တလေး အိုးဘိုထောင်မှ ပြန်လည် လွှတ်မြောက် လာသည်။

နှုတ်ခမ်းမွှေး ညီအကို ၃ ယောက်အနက် အကြီးဆုံးဖြစ်သူ ဦးပါပါလေး အသက် ၆၀ နှစ်ကို ရဲများက စက်တင်ဘာ၂၅ ရက်နေ့တွင် မျက်လုံးကို အဝတ်ဖြင့် စည်း၍ ရွှေစံရာလုံထိန်း အမှတ် (၄) စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

Par Par Lay
ပါပါလေး ဓါတ်ပုံ - Salween News Network

“ငါးညနှင့်နှစ်နေ့ကတော့ အပင်ပန်းဆုံးဘဲ။ အိပ်မယ် ကြံလိုက် လာခေါ်စစ်လိုက်နဲ့။ စစ်တာကတော့ ဘုန်းကြီးတွေနဲ့ အဆက်အသွယ် ရှိလား ဒါပဲ အဓိက မေးနေတာ” ဟု ပြန်လွတ်လာသူ ပါပါလေးမှ ပြောသည်။

ရွှေစံရာမှ အိုဘိုထောင်ကြိုး တိုက်ထဲတွင် ပြန်လွတ်လာသည် အထိ နေခဲ့ရသည်။

“လွှတ်တာက ညနေ လေးနာရီကတည်းက လက်မှတ်ထိုး၊ လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်နဲ့ ကိုးနာရီမှ အိမ်ပြန်ရောက်တယ်။ လက်မှတ်က (၁၅) ခါလောက် ထိုးရတယ်။ ဝန်ခံကတိတော့ မဟုတ်ဘူး” ဟု ဦးပါပါလေးမှ ပြောသည်။

ထောင်တွင်းနေစဉ် စစ်ဦးစီး ပထမတန်းအရာရှိ (ဂျီဝမ်း) တဦး ရောက်လာက မေးမြန်းရာမှ ဟာသဖြစ်ပုံလေးကို ပြန်လည်ပြောပြသည်။


ဂျီဝမ်း။ ။ခင်ဗျားတို့ကို အထက်က နွေးနွေးထွေးထွေး ကြိုဆိုရမယ်လို့ ပြောတယ်။ ရေနွေးနဲ့ ပက်သလိုပေါ့။

ပါပါလေး။ ။အေးပေါ့ဗျာ ရေအကျိုး ကိုးပါး ရတာပေါ့။

ဂျီဝမ်း။ ။ဆယ်ပါး မဟုတ်ဘူးလား၊ တပါးကကော။

ပါပါလေး။ ။တပါးက မန္တလေးထောင်ထဲ ရောက်နေတယ်။

ပါပါလေးနှင့် သူ၏ ညီလူမော်တို့၏ နှုတ်ခမ်းမွှေး ညီနောင်အငြိမ့်ကို အာဏာပိုင်များက ရာသက်ပန် ပိတ်ပင် ထားခဲ့သောကြောင့် နိုင်ငံခြားသားများကိုသာ အိမ်တွင်း ဖျော်ဖြေမှု လုပ်ဆောင်နေခဲ့သည်။

“တိမ်မြှုပ်နေတဲ့ မြန်မာ့အနုပညာကို ဖော်ထုတ်နေတာပါဘဲ” ဟု သူကဆိုသည်။

ပါပါလေးသည် ၁၉၉၆ခုနှစ်တွင် ဒေါ်အောင်ဆန်း စုကြည်အိမ်တွင် အငြိမ့် ဖျော်ဖြေမှုကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရသည်။

တိုင်းရင်းသားနှင့် အန်အယ်ဒီ ခေါင်းဆောင်များ ဖြစ်သည့် ဦးထောင်ကိုထန်း၊ ဦးပူကျင့်ရှင်းထန်၊ ဦးလှဖေ၊ ဦးမြင့်သိန်းတို့နှင့် ကျန်လေးဦးကိုလည်း မနေ့ညက ပြန်လည် လွတ်မြောက်လာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်း ခံထားခဲ့ရသော ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC) ဥက္ကဌ ဦးထောင်ကိုထန်း၊ ခေါင်းဆောင် ဦးပူကျင့်ရှင်းထန်၊ အန်အယ်ဒီ ပြောခွင့်ရ ဦးလှဖေနှင့် ဦးမြင့်သိန်းတို့ကို မနေ့ည ၁ဝနာရီတွင် ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။

“မနေ့က ည ၁ဝနာရီခွဲလောက်က အိမ်ပြန်လွတ်လိုက်တာပါ။ ရဝက၊ မြို့နယ်က လူကြီးတွေက အိမ်တိုင်ရာရောက် လာပို့ကြတာပါ။ အိမ်ကို လည်း အကြောင်းကြားတော့ ကျမတို့က မြို့နယ်ရုံးမှာ သွားခေါ်ရတာပါ။ သူတို့က အိမ်အရောက် ပို့ပေးပါတယ် ဆိုတဲ့ အကြောင်းကို အိမ်ထောင်ဦးစီး အနေနဲ့ လက်မှတ် ထိုးပြီးတော့ သွားခေါ်ရတာပါ။ အထဲမှာလည်း ကောင်းကောင်းမွန်မွန် နေရပါတယ်၊ ဆေးကုသတာတွေက အစလည်း လုပ်ပေးပါတယ်တဲ့” ဟု ဦးပူကျင့်ရှင်းထန်၏ သမီးက မဇ္ဈိမကိုပြောသည်။

အခုလည်း ကျန်းမာရေး ကောင်းပါတယ်။ သူက အော်ပရေးရှင်းလည်း ခဏခဏ လုပ်ခဲ့ဖူးတာတွေ ရှိပါတယ်။ လောလောဆယ်မှာတော့ မျက်စိက ဒုက္ခပေးနေတာပေါ့။ ဘာဝန်ခံချက်မှလည်း ထိုးခဲ့ရတာ မရှိပါဘူး။ ၃၄ ရက်တိတိ အထဲမှာ နေခဲ့ရတာပါ။ ခုတော့ ဆံပင်တွေ ဘာတွေ သွားညှပ်ပြီး သန့်ရှင်းရေး အပြင်မှာ သွားလုပ်နေပါတယ်” ဟု သူမက ဆက်ပြောသည်။


မဟာချိုင်ရှိ မြန်မာလုပ်သား တထောင်ကျော် အဖမ်းခံနေရ

မဇ္ဈိမသတင်းဌာန
Wednesday, 31 October 2007 17:24 - မြန်မာစံတော်ချိန်

တရားမဝင် မြန်မာလုပ်သားများကို ပိုက်စိတ်တိုက် ဖမ်းဆီးမှု စီမံချက်တခုကို ထိုင်းရဲများက မဟာချိုင် အရပ်တွင် ယနေ့ နံနက်မှ စတင်လျှက် ရှိရာ စုစုပေါင်း ၁၂ဝဝ ကျော် ဖမ်းဆီးခံရပြီး ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

နံနက် ၄ နာရီခန့်မှစတင်ကာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အနီးရှိ မဟာချိုင်တွင် ရဲ ၅ဝဝ ကျော်က ဘတ်စ်ကား ၂ဝ စီးနှင့် ကားအငယ်စား ၅ဝ ကျော်သုံး၍ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ကျနော် သိရသလောက် သူတို့က မြန်မာ အလုပ်သမားတွေ ဘယ်လိုနေကြလဲ၊ အလုပ် လုပ်နေကြလား၊ ဘာတွေလုပ်နေကြလဲ သိချင်လို့ လိုက်ဖမ်းတယ်လို့ ပြောတယ်။ မြန်မာနိုင်ငံက ထွတ်လာကြတာက ဒီ ၃-၄ လမှာ တသိန်းကျော်တယ်တဲ့။ အခု ထိုင်းမှာ မြန်မာပြည်က ၄ သိန်းကျော်လောက် ရှိတယ်။ ထိုင်းအစိုးရတွေက ဘာကြောင့် ဒီလောက် ထွက်လာကြတယ် ဆိုတာ သိချင်တယ်လို့ ကြားတယ်” ဟု မဟာချိုင်နေ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

လုပ်ငန်းခွင်ရှိ အလုပ်သမားများကိုလည်း ဝင်ရောက် ဖမ်းဆီးခဲ့သလို အလုပ်သမားကဒ်များ ပြပါကလည်း ခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ထိုင်းဒေသ အချို့တွင် အာဏာပိုင်များက ရွှေ့ပြောင်းလုပ်သားများ ညအချိန်မတော် အပြင်မထွက်ရ၊ ဖုန်းမကိုင်ရ၊ ဆန္ဒပြခွင့်မပြု၊ ဆိုင်ကယ်စီးခွင့် မရှိဟူသည့် အမိန့်တရပ်ကို လွန်ခဲ့သည် လအနည်းငယ်က ထုတ်ပြန်ထားခဲ့သည်။

ကိုကျော်ကျော်က “ကျနော်ကတော့ ရောက်တာ ၄ နှစ်ကျော်ပြီ။ ပြန်မယ် ဆိုရင်လည်း ကုန်ဈေးနှုန်း တက်နေတာနဲ့ မပြန်ချင်တော့ဘူး။ ထိုင်းနိုင်ငံမှာလည်း ပင်ပင်ပန်းပန်း လုပ်နေရတာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံထက် ပိုအဆင်ပြေတယ်။” ဟု ပြောပြသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အနည်းဆုံး တသန်းကျော် ရှိမည်ဟု အန်ဂျီအိုများနှင့် အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားကြသည်။



ပခုက္ကူမှာ သံဃာတော်များက မေတ္တာပို့ ချီတက်ဆန္ဒပြပြန်

မဇ္ဈိမသတင်းဌာန
Wednesday, 31 October 2007 13:38 - မြန်မာစံတော်ချိန်
Monks Demonstration in September
စက်တင်ဘာလ ၂၄ ရက်နေ့က လမ်းလျှောက် ဆန္ဒပြခဲ့ကြသော သံဃာတော်များ

တနိုင်ငံလုံးအနှံ့ သံဃာတော်များနှင့် လူထုဆန္ဒပြပွဲများ ဖြစ်ပွားခဲ့စေသော ပခုက္ကူမြို့တွင် ယနေ့တွင် ဘုန်းတော်ကြီး ကျောင်းတိုက် ၃ တိုက်မှ သံဃာတော် ၇၃ ပါးက မေတ္တာပို့ ချီတက် ဆန္ဒပြမှု ပြုလုပ်လိုက်ပြန်သည်။

ထင်မှတ်ဘဲ တလကျော် ကာလအတွင်း ပထမဆုံး ဆန္ဒပြပွဲ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်ပြီး စစ်အစိုးရ ဦးစီးသော ကြံ့ခိုင်ဖွံ့ဖြိုးရေးများ၏ ဟန်ပြ ညီလာခံ ထောက်ခံပွဲများကို တန်ပြန် ဆန့်ကျင် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။

အတိအကျ ပြောရရင် ၇၃ ပါးတိတိ၊ ၈ နာရီခွဲလောက်မှာ လမ်းမှာ တွေ့တယ်။ တချို့ ကိုယ်တော်တွေက ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ အနောက်တိုက်ကနေ စလာတယ်။ ဗောဓိမဏ္ဍိုင်တိုင် ကျောင်းရယ်၊ မြတိုက်ကျောင်း ရယ်ကပေါ့နော်” ဟု ပခုက္ကူ ဒေသခံက ဆိုသည်။

သာသနာ့ ဝိပုလာကျောင်းတိုက် (အနောက်တိုက်) မှ စတင်၍ ဗိုလ်ချုပ် လမ်းအတိုင်း အရှေ့ဘက်သို့ ကြွချီလာရာတွင် ဗောဓိမဏ္ဍိုင် ကျောင်းနှင့် မြတိုက်ကျောင်းမှ သံဃာအချို့ ပူးပေါင်း ပါဝင်လာပြီးနောက် အကြိုတော်ရုံ လမ်းသို့ ချိုးဝင်ကာ အရှေ့တိုက် ကျောင်းဝင်း ဖြတ်ဝင်ခဲ့ပြီး ပေါက်လမ်းအတိုင်း အနောက်သို့ ကွေ့၍ ရွှေကူဘုရားတွင် မေတ္တာပို့ ဆုတောင်းခဲ့ကြသည်။

ဆက်သွယ်တဲ့လူတွေ နောက်ကျသွားလို့ မေတ္တာပို့ပွဲကို ဦးဇင်းတွေ အကုန်လုံး မသိလိုက်လို့ အခုလို လူနည်း သွားတာ။ အနောက်ကလာပြီးတော့ အရှေ့တိုက်ထဲကနေ မြောက်ဘက်ကို ထွက်တယ်။ တိုက်ထဲက ကိုယ်တော်တွေ ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ ရွှေကူဘုရားမှာ မေတ္တာပို့ပြီးတော့ လူစုခွဲတယ်။ နောက်ရက် ဆက်လုပ်ဖို့ဆိုတာကတော့ မသေချာသေးဘူး” ဟု စာသင်တိုက်ကြီး တခုမှ ဦးဇင်းတပါးက မဇ္ဈိမကို ပြောသည်။

ပီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က လောင်စာဆီ ဈေးနှုန်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြနေသည့် ပခုက္ကူမှ သံဃာတော်များကို အာဏာပိုင်များက ကြိုးကွင်းပစ် ဖမ်းခြင်း၊ ဓာတ်တိုင်တွင် ကြိုးတုပ်ကာ ရိုက်နှက်ခြင်းနှင့် ဖမ်းဆီး လူဝတ်လဲခြင်းများ ပြုလုပ်ခဲ့သဖြင့် မကျေမနပ်ဖြစ်ကာ နအဖ စစ်ခေါင်းဆောင် အနေဖြင့် ဤဖြစ်ရပ်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပြီး တောင်းပန်ရန်နှင့် မတောင်းပန်ပါက ပတ္တနိကုဇ္ဇန ကံဆောင် မည်ဟု ပခုက္ကူရှိ သောတုဇ္ဇန ဘိက္ခု စာသင်သား သံဃာတော်များ အဖွဲ့က ပြောဆိုခဲ့ပြီးနောက် မြို့ကြီး အများအပြားတွင် ရွှေဝါရောင် သံဃာလူထု ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့သည်။

ဆိုပါ သံဃာ့ ဆန္ဒပြပွဲကြီးများကို စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းလိုက်သဖြင့် စက်တင်ဘာလ နှောင်းပိုင်းတွင် ဆန္ဒပြပွဲများ ရပ်တန့်ခဲ့ပြီးနောက်ပိုင်း သံဃာထုဆန္ဒပြပွဲကို ပထမဆုံးအကြိမ် ပခုက္ကူတွင် ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည်။

စ်အစိုးရက ညီလာခံ ထောက်ခံပွဲ တခုကို ယနေ့နံနက် ၆ နာရီခန့်က ပခုက္ကူ ခရိုင် အားကစားကွင်း၌ ကျင်းပရာ တအိမ်လျှင် တယောက် မတက်မနေရ တက်ရောက်ရမည် ဖြစ်ကာ တက်ရောက်ပါက ကျပ်ငွေ ၁၅ဝဝ ပေးမည်ဟု ရယက ဥက္ကဌများက စည်းရုံးခဲ့ကြသည်။ မတက်ရောက်ပါက ဒဏ်ငွေအဖြစ် ၃ဝဝဝ ကျပ် ပေးဆောင်ရမည်ဟုလည်း ပါရှိသည်။

သူတို့က ရွာကလူတွေကို အတင်းအကျပ် ခေါ်ပြီးတော့ ထောက်ခံပွဲလုပ်တယ်။ မြို့ခံ လူတွေကတော့ ဘောလုံးကွင်း မရောက်ခင် ဖြတ်လမ်းကနေ ပြန်ကြတယ်။ ရွာကလူတွေကတော့ ဘာမှန်းညာမှန်း မသိတော့ ဘောလုံးကွင်းထဲအထိ ပါသွားကြတယ်။ သူတို့ကိုတော့ ကားတွေနဲ့ ကြိုပို့လုပ်တယ် ပြောတယ်” ဟု ဒေသခံတဦးက ပြောသည်။



နာမည်ဆိုးဖြင့် ကျော်ကြားသူ ဘိန်းဘုရင် ခွန်ဆာ ကွယ်လွန်ပြီ


မဇ္ဈိမသတင်းဌာန
Tuesday, 30 October 2007 20:40 - မြန်မာစံတော်ချိန်

Drug Lord Khun Sa နာမည်ကြီး ရွှေတြိဂံဒေသ၏ ဘိန်းဘုရင် ခွန်ဆာသည် ရန်ကုန်မြို့တွင် သေဆုံးခဲ့ပြီဟု သိရသည်။

သေဆုံးမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း ဖြစ်ပွားခဲ့သည်ဟု ဖော်ပြနေသော်လည်း ရန်ကုန်ရှိ ရဲသတင်း ရပ်ကွက်တခု ကမူ ဘိန်းဘုရင်ကြီးသည် သူ့နေအိမ်တွင် တနင်္ဂနွေနေ့က သေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့်မှ အယ်ဒီတာ ဦးခွန်စိုင်းက မူးယစ်ဘုရင် ခွန်ဆာ (၇၄ နှစ်) သည် မသေဆုံးခင် ဆီးချို ရောဂါ၊ အဆီပတ် ရောဂါ၊ သွေးတိုးနှင့် ကိုယ်တပိုင်းသေ ဝေဒနာများဖြင့် နာတာရှည် ရောဂါကို ခံစားခဲ့ရသည်ဟု ဆိုသည်။

“သူ့ရုပ်အလောင်းကို ဒီနေ့မနက်က ရန်ကုန်က ရေဝေး သုဿာန်မှာ မီးသဂြုင်္ိဟ်ခဲ့တယ်။ ဈာပန အခမ်းအနားကို အကြီးအကျယ် မလုပ်ပါဘူး” ဟု သူက ဆက်ပြောသည်။

၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့သူ ဦးခွန်ဆာသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်အဆင့် နီးပါးရှိသည့် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ရှမ်းပြည် အရှေ့ပိုင်းတွင် ၁၉၇ဝ ခုနှစ် နှစ်လယ်ပိုင်းမှ ၁၉၉ဝ ခုနှစ် နှစ်လယ်ပိုင်းအထိ မူးယစ်ဆေးဝါး လုပ်ငန်းကို ထိန်းချုပ်ကာ အကြီးအကျယ် လုပ်ကိုင်ခဲ့သည်။ ထိုင်း-မြန်မာ နယ်စပ်တကြောတွင် ထိုင်းနိုင်ငံ မြောက်ပိုင်း Ban Hin Taek မြို့လေးကို တည်ထောင်ခဲ့ကာ ကွပ်ကွဲရေး ဌာနတခု ဖွင့်လှစ်၍ လုပ်ကိုင်ခဲ့သည်။

ရှမ်းပြည် ညီညွတ်ရေး တပ်မတော်ကို စတင် တည်ထောင်ခဲ့ခြင်းအားဖြင့် မြန်မာ စစ်အစိုးရထံမှ တိုင်းရင်းသား အခွင့် အရေးများ ရရှိရေးအတွက် တိုက်ပွဲဝင်နေသည့် တော်လှန်ရေး သမားသဖွယ် မိမိကိုယ်ကို ပုံဆောင်ခဲ့သည်။

သို့သော်လည်း ၁၉၉၆ ခုနှစ်တွင် လက်နက်ကိုင် ဘဝကို စွန့်လွှတ်ကာ မြန်မာ စစ်အစိုးရထံ လက်နက်ချ အလင်းဝင် ခဲ့ပြီး ရန်ကုန်မြို့တွင် မြန်မာ အာဏာပိုင်များ၏ ထိန်းသိမ်းမှု အောက်တွင် ဆက်လက် နေထိုင်ခဲ့သည်။

ခွန်ဆာကို မူးယစ် မှောင်ခိုမှုဖြင့် နယူးယောက်ရှိ တရားရုံးတခုမှ အလိုရှိခဲ့သည့် ၁၉၈၉ ခုနှစ်နောက်ပိုင်း ၇ နှစ် အကြာတွင် အလင်းဝင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် အာဏာသိမ်း မြန်မာ စစ်အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက် ရေးကို အပူတပြင်း လုပ်ဆောင်နေပြီဟု ကျေညာနေချိန် ဖြစ်သည်။

ခွန်ဆာ၏ ငွေကြေး ပိုင်ဆိုင်မှု မည်၍မည်မျှ ရှိသည်ကို အတိအကျ မသိရှိနိုင်သော်လည်း မြန်မာနိုင်ငံ မြို့ကြီး အချို့တွင် သူ၏ စီးပွားရေး ပိုင်ဆိုင်မှု ရှိနေကြောင်းနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ မြဝတီတွင် ဖွင့်လှစ်ထားသည့် ကာစီနို လောင်းကစားဝိုင်းကို ပိုင်ဆောင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။



အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းများ ပြုလုပ်နေ


မျိုးကြီး
Tuesday, 30 October 2007 20:30 - မြန်မာစံတော်ချိန်

လူထု ဆန္ဒြပမှုများ ထပ်မံ ဖြစ်ပေါ်လာပါက စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ပူးတွဲ အဓိကရုဏ်း နှိမ်နှင်းရေး လေ့ကျင့်မှုများကို စစ်တိုင်း နယ်မြေများတွင် သင်တန်းပေး လေ့ကျင့်နေသည်။

လုံထိန်းရဲ၊ စစ်တပ်နှင့် စွမ်းအားရှင် စသည့် အဖွဲ့ ၃ ဖွဲ့ကို ယခုလလယ်ပိုင်းမှ စတင်၍ ပူးတွဲ သင်တန်းပေး လေ့ကျင့်နေခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောကြားသည်။

အနောက်မြောက်ပိုင်းတိုင်း (နမခ) စစ်ဌာနချုပ် အခြေစိုက်ရာ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ဝါစက်ရုံဝန်း အတွင်း၌ လေ့ကျင့် သင်ကြားပေးနေပြီး သင်တန်းသား ၁ဝဝ နီးပါး တက်ရောက်နေသည်။

ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့များ အပါအဝင် စစ်တွေ၊ မော်လမြိုင် မြို့များတွင်လည်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။

တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ခေါ်) တယက ဥက္ကဌ စစ်တိုင်းမှူးများ၏ အစီအစဉ်ဖြင့် လုံထိန်း ရဲတပ်ဖွဲ့ဝင်များက ဦးစီးကာ သင်တန်းပေး လေ့ကျင့်ခိုင်းခြင်း ဖြစ်သည်။


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates