Monday, November 5, 2007

ဂမ်ဘာရီနှင့် နအဖ အရာရှိများ တွေ့ဆုံ

မဇ္ဈိမသတင်းဌာန
Monday, 05 November 2007 19:01 - မြန်မာစံတော်ချိန်

ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ဖမ်းဆီး ထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံခွင့် ရရှိရေးအတွက် ရှေ့ပြေးအဖြစ် နအဖ ထိပ်တန်း အရာရှိကြီး နှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

ယမန်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြား ဆက်သွယ်ရေး အရာရှိအဖြစ် တာဝန်ယူထားသူ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ကို တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (ယူအန်ဒီပီ) ရုံးမှ ထုတ်ပြန်သည့် ကျေညာချက်တွင် ပါရှိသည်။

မစၥတာ ဂမ္ဘာရီက

“အခုလို အစပြုတဲ့အဆင့်တွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး အပါအဝင်ဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးရေး ရည်ရွယ်ချက်ကို အရှိန်မြှင့်ရေးအတွက် စောနိုင်သမျှ စောနိုင်ဖို့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ဟု ကျေညာချက်တွင် ပြောထားသည်။

အသစ် ခန့်အပ်လိုက်သည့် နအဖ ဝန်ကြီးချုပ် သိန်းစိန်နှင့် တခြားသော အစိုးရ အရာရှိကြီးများကို မစ္စတာ ဂမ်ဘာရီ တွေ့ဆုံရန် အစီအစဉ် ရှိသည်ဟု ကုလသမဂ္ဂကလည်း သတင်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း နအဖ အကြီးအကဲနှင့် အစည်းအဝေး အပါအဝင် သူ၏ အစီအစဉ်ကိုမူ အသေးစိတ် ဖော်ပြခြင်း မရှိပါ။

မြန်မာပြည်တွင်း အခြေအနေများကို မကြာသေးခင်က ထုတ်ပြန်သုံးသပ်ခဲ့သည့် ယူအန်ဒီပီက ဌာနကိုယ်စားလှယ် ချားလိစ် ပက်ထရီကို ပြီးခဲ့သည့်အပတ် နှောင်းပိုင်းတွင် စစ်အစိုးရက နေပြည်တော်သို့ ဆင့်ခေါ်ကာ တိုင်းပြည်အတွင်းမှ ထွက်ခွါသွားရန် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က စတင် ရောက်ရှိလာသည့် မစ္စတာ ဂမ်ဘာရီသည် မစ္စတာ ပက်ထရီကို တွေ့ဆုံကာ ပြည်တွင်း အခြေအနေနှင့် ပက်ထရီ၏ ပုဂ္ဂိုလ်ရေး အကျပ်ရိုက်မှုတို့ကို ဆွေးနွေးခွင့် ရရှိခဲ့သည်။



ရှမ်းပြည်မှာ အိမ်ပေါ်တက်ပြီး တပ်သားသစ် ဆွဲခေါ်နေ

မျိုးကြီး
Monday, 05 November 2007 18:16 - မြန်မာစံတော်ချိန်

ရှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့ အခြေစိုက် နအဖ တပ်သားများသည် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ဆင်ခြေဖုန်း ရပ်ကွက်များရှိ လူနေအိမ်များသို့ ယခုလဆန်းမှ စတင်ကာ ညအချိန်တွင် ဝင်ရောက် စီးနင်း၍ တပ်သားသစ် စုဆောင်းနေသည်။

ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ဆင်ခြေဖုန်း ရပ်ကွက်များရှိ နေအိမ်များသို့ ညအချိန်မတော်တွင် စစ်သားများက ဝင်ရောက်ကာ အိမ်ထောင်စု တစုလျှင် သားယောက်ျား ၃ ဦး ရှိပါက ၂ ဦးနှင့် ၂ ဦးရှိပါက တဦးကျနှုန်းဖြင့် တပ်သားသစ်အဖြစ် မလိုက်မနေရဟု ဆိုကာ ခေါ်ယူနေခြင်း ဖြစ်သည်။

မိသားစုဝင်များမှ တပ်သားသစ်အဖြစ် ထည့်မပေးလိုပါက ကျပ်ငွေ ၅ သိန်း ပေးဆောင်ရသည်ဟု နိုဝင်ဘာလ ၁ ရက်နေ့က ကျောက်မဲမြို့မှ ထွက်ပြေးလာသူ တရုတ်-မြန်မာ နယ်စပ်ရောက် ရှမ်းလူငယ် တဦးက မဇ္ဈိမကို ယခုလို ပြောသည်။

“အိမ်တွေကို ညအိပ်နေတဲ့အချိန် စစ်တပ်က ဝင်ရှာတယ်။ ညီအကို ၃ ယောက်ရှိရင် ၂ ယောက် ခေါ်တယ်။ ၂ ယောက်ရှိရင် တယောက် ခေါ်တယ်။ မလိုက်ချင်ရင် ငွေ ၅ သိန်း ပေးရတယ်။ ကျနော်တို့ အိမ်ကို ဝင်ရှာတာ ကျနော် နောက်ဖေးတံခါးကနေ ပြေးလာလို့ လွတ်လာတာ။ အခု ဒီဘက်ကို ကျနော်နဲ့အတူ ပြေးလာတာ အားလုံး ၈ ယောက် ရှိတယ်။ အသက်ကတော့ ၁ဂ နှစ်ကနေ ၂၁ နှစ်ကြားထဲ။ အားလုံး လူငယ်တွေ” ဟု သူက ဆိုသည်။

လွန်ခဲ့သည့် ၃ လခန့်ကစတင်ကာ ကျေးရွာတရွာလျှင် လစဉ်တိုင်း စစ်သားသစ် ၃ ဦးနှုန်းကို ရဲတပ်ဖွဲ့ထံ ပို့ဆောင် ပေးရမည်ဟု ကျေးရွာ ရယက ဥက္ကဌများကို စစ်တပ်က ညွှန်ကြားခဲ့သော်လည်း လူပေးနိုင်ခြင်း မရှိသည့်အတွက် ယခုလို စစ်တပ်က ကိုယ်တိုင် လာရောက်ကာ ညအချိန်မတော် နေအိမ်ထဲသို့ ဝင်ရောက်၍ ဖမ်းဆီး ခေါ်ဆောင်နေခြင်း ဖြစ်ပြီး ထွက်ပြေးလာသည့်နေ့က ရပ်ကွက်ထဲမှ လူငယ် ၂ ဦး ခေါ်ဆောင်သွားခံရသည်ဟု သူက ဆက်ပြောသည်။

အလားတူပင် ရှမ်းပြည် (မြောက်ပိုင်း) မိုင်းရှုး၊ တန့်ယန်း မြို့နယ်များမှ တပ်သားသစ် အဖြစ် စုဆောင်း ခံထားရသူ ၁ဝဝ ကျော်ကို လားရှိုးအနီးရှိ လားရှိုး-မိုင်းရူး လမ်းခွဲ ကားလမ်းဘေး စစ်တပ်စခန်း တခုတွင် စုဆောင်းထားပြီး ဗမာစကား မတတ်သော တိုင်းရင်းသား အချို့လည်း ပါဝင်သည်ဟု တန့်ယန်း ဒေသခံများက ပြောသည်။

“မြို့ပေါ်တွေကတော့ မဟုတ်ဘူး။ မိုင်းရှုးဆိုလည်း မှော်ထဲလို နေရာတွေက ရွာပိုင်းတွေက များတယ်။ ခေါ်လာတာပေါ့။ ဗမာလည်း ပါတယ်၊ တောင်ပေါ်တွေက ဘယ်လို ခေါ်လာလည်း မပြောတတ်ဘူး၊ တချို့ရှမ်းတွေ ဗမာစကားတောင် မပြောတတ်တာတွေ ပါတယ်။ လားရှိုး-မိုင်းရှုး လမ်းခွဲမှာ စုထားတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယခုအခါ နအဖ တပ်ရင်းတခုသည် တလလျှင် တပ်သားသစ် ၂ ဦးကျ မဖြစ်မနေ စုဆောင်းကြရန် စစ်ရုံးချုပ်မှ ညွှန်ကြားထားပြီး၊ ၄ လပတ်လျှင် ၈ ဦး ပေးပို့နေရကြောင်းနှင့် သတ်မှတ်နှုန်းထားအတိုင်း မစုဆောင်းနိုင်ပါက သက်ဆိုင်ရာ တပ်ရင်းမှူးများကို ပြင်းထန်စွာ ပြစ်တင်ကာ ရာထူးတက်မှု နှောင့်နှေးစေရန်အတွက် နာမည်ကို မင်နီတားခြင်းများ ပြုလုပ်နေကြောင်း စစ်တပ် သတင်းရပ်ကွက် တခုမှ သိရသည်။

“တအား ရှုပ်နေတယ်။ အိမ်ပြန်ချင်လည်း ပြန်လို့ မဖြစ်သေးဘူး။ အိမ်မှာ ယောက်ျား မရှိလို့လည်း မဖြစ်ဘူး။ အခုက စပါးတွေ သိမ်းရတော့မယ်။ သူငယ်ချင်းတွေက မူဆယ်ဘက်မှာ အလုပ် ရှာနေကြတယ်” ဟု ထွက်ပြေးနေသူ ကျောက်မဲ ရှမ်းလူငယ်က ပြောသည်။



ပျံလွန်တော်မူ သံဃာတော်များ၏ ဖြစ်ရပ်အမှန် ဖေါ်ထုတ်ရန် သာသနာ့ ဥသျှောင် မေတ္တာရပ်

မဇ္ဈိမသတင်းဌာန
Friday, 02 November 2007 14:29 - မြန်မာစံတော်ချိန်

မြန်မာ စစ်အစိုးရကို ပျံလွန်တော်မူ သံဃာတော်များ၏ ဖြစ်ရပ်အမှန် ဖေါ်ထုတ်ပေးရန် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။

သာသနာတော် ညှိုးနွမ်းစေမည့် အပြုအမူ အပြောအဆိုနှင့် သံဃာတော်များအပေါ် လုပ်ကြံစွပ်စွဲ ပုတ်ခတ်မှုများ ချက်ချင်း တုန့်ပြန်ရန်၊ နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများကို အသုံးချပြီး ဓမ္မနည်းလမ်း မကျသော အမိန့် ဥပဒေများကို ထုတ်ပြန်ခြင်း မပြုရန်၊ သာသနာနှင့် စပ်ဆိုင်သော ဘုရား၊ ကျောင်းကန် စေတီ ပုထိုးများအပေါ်၌ စခန်းချနေသော လက်နက်ကိုင် တပ်ဖွဲ့များ ချက်ချင်း ထွက်ခွာရန် အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်သော မေတ္တာ ရပ်ခံချက်က ဆိုသည်။

"စစ်အစိုးရက အမျိုးဘာသာ၊ သာသနာကို ဖျက်ဆီးနေတယ်။ တောင်းဆိုထားတဲ့ အချက်တွေ မရမချင်း သပိတ်မလှန်သေးဘူး" ဟု သာသနာ့ ဥသျှောင် အဖွဲ့ချုပ် အတွင်းရေးမှူး ဆရာတော် ဦးဂုဏိဿရ က မိန့်ကြားသည်။

ဗုဒ္ဓဟူးနေ့တွင် ပခုက္ကူ သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြမှုသည် သာသနာ့ ဥသျှောင်အဖွဲ့၏ ဆန္ဒနှင့် တထပ်တည်း ဖြစ်ကြောင်းနှင့် ဆန္ဒပြ သံဃာတော်များ ဘေးအန္တရာယ် မကျရောက်အောင် ဒကာ၊ ဒကာမများ ပူးပေါင်းပါဝင် စောင့်ရှောက်၊ ကူညီထောက်ပံ့ခြင်း ပြုလုပ်ရန် ထုတ်ပြန်ချက်က ဆိုသည်။ ဥသျှောင် အဖွဲ့ချုပ် အနေဖြင့် "နိုင်ငံတကာ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် နားလည် ချစ်ကြည်မှု ရယူ၍ အကျိုးတူ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်" အချက် အပါအဝင် ဦးတည်ချက် (၆) ချက်ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆရာတော်မှ ထပ်မံ မိန့်ကြားသည်။

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ကို မြောက်အမေရိက၊ အာရှ၊ ဥရောပမှ ဆရာတော် ၄၉ ပါးမှ နှစ်ရက်ကြာ အစည်းဝေး ပြုလုပ်ပြီး အောက်တိုဘာ ၂၈ ရက် နေ့တွင် ကယ်လီဖိုးနီးယားတွင် ဖွဲ့စည်းခဲ့သည်။

ပီနန် ဆရာတော်ကြီး ဦးပညာဝံသသည် ဥက္ကဋ္ဌ ဆရာတော်အဖြစ် တာဝန်ယူပြီး၊ မစိုးရိမ် မဟယနယက ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသသည် ပဓာနစေရ (ဒါရိုက်တာ) ဆရာတော် အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates