Saturday, November 10, 2007

ဗန်းမော် အန်အယ်ဒီ ဒုဥက္ကဌ ဦးဘမြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

မျိုးကြီး
Saturday, 10 November 2007 18:26 - မြန်မာစံတော်ချိန်

ရွှေဝါရောင် သံဃာလူထု အရေးတော်ပုံအတွင်း ဒေသ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသူ ဗန်းမော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ဒုဥက္ကဌ ဦးဘမြင့်ကို ယခုအခါ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပြီ ဖြစ်သည်။

ဗန်းမော်မြို့နယ် အန်အယ်ဒီ ဒုဥက္ကဌ ဦးဘမြင့်ကို တိုင်းပြည်တဝှမ်း သံဃာလူထု လှုပ်ရှားမှု အကြီးအကျယ် ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဒေသ အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားကာ ယခုအခါ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု ဗန်းမော် ရဲစခန်းမှ မိသားစုဝင်များကို ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရားရုံးက ကျနော်တို့ကို သေသေချာချာ ပြောတာမျိုး မဟုတ်ပါဘူး။ သူ့အတွက် ရဲစခန်းမှာ ခေါက်ဆွဲ သွားပို့တော့ ရဲစခန်းက အရာရှိ တယောက်က ပြောလိုက်တာ။ ဦးဘမြင့် ရဲစခန်းမှာ မထားတော့ဘူး၊ ထောင်ကို ပို့လိုက်ပြီ၊ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်ပဲ ပြောတယ်ဗျာ။ ဘာကြောင့် အခုလို ထောင်ဒဏ် ချလိုက်တယ်၊ ဘယ်လို ပုဒ်မမျိုးတွေ တပ်တယ် ဆိုတာလည်း ဘာမှမပြောဘူး။ မနေ့ကပဲ တရားရုံးထုတ် စစ်ဆေးတယ်တဲ့ ဘာမှ မသိရပါဘူး။ အကျဉ်းရုံး တံခါးပိတ် စစ်ဆေးပြီး လူမသိသူမသိ ပြစ်ဒဏ် ချမှတ်လိုက်တာပေါ့” ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ဦးဘမြင့်ကို ဗန်းမော်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဗန်းမော်ညိုနွဲ့၊ အန်အယ်ဒီ ပါတီဝင်များ ဖြစ်သည့် ဦးမရမ်ဘောက်၊ ဦးထွန်းလှ၊ ဦးဇော်တင့်တို့နှင့်အတူ စက်တင်ဘာလ ၂၅ ရက်နေ့တွင် နေအိမ်များသို့ အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ အတူ ဖမ်းဆီးခံခဲ့ရသူ ပါတီဝင် ၄ ဦးကို ပြီးခဲ့သည့် လအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း သူ့ကို ဆက်လက် ဖမ်းဆီးထားကာ ယခုလို ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဦးဘမြင့် (၇ဝ နှစ်) သည် ယခင်က အထက်တန်းပြ ကျောင်းဆရာတဦး ဖြစ်ပြီး မဆလ စစ်အာဏာပိုင်များက ၁၉၇၅ ခုနှစ်တွင် သူပုန်များနှင့် ဆက်သွယ်သည်ဟု ဆိုကာ ထောင်ဒဏ် ၅ နှစ်၊ ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံကြီးတွင် ဗန်းမော် သပိတ်ခေါင်းဆောင် လုပ်ခဲ့သဖြင့် စစ်အာဏာ သိမ်းပြီးနောက် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ကျကာ၊ အန်အယ်ဒီ မြို့နယ် စည်းရုံးရေးမှူးဖြစ်သူ ဇနီးသည် ဒေါ်ယဉ်မေသည်လည်း ၁၉၈၉ ခုနှစ်တွင် ကျောင်းသား သူပုန်များနှင့် ဆက်သွယ်သည်ဟု နဝတ စစ်အာဏာပိုင်များက စွပ်စွဲကာ ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရဖူးကြောင်း သိရသည်။

ဦးဘမြင့်သည် အူကျရောဂါ၊ သွေးတိုး၊ နှလုံးနှင့် ဆီးချိုဝေဒနာများ ခံစားနေရသည်ဟု မိသားစုဝင်များ အဆိုအရ သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates