Saturday, November 10, 2007

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖွယ်ရှိ

ဦးမြင့်သိန်း (အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ)

“လတ်တလော အနေအထားက ကောင်းပါတယ်။ အခြေအနေ ကောင်းမှာပါ။ မနေ့က အမ (အောင်ဆန်းစုကြည်) အနေအထား ကောင်းပါတယ်။ မလွတ်သေးပါဘူး။လွတ်ဖို့ နီးပါပြီ။ စိတ်စော နေကြတာပါ။ အခြေအနေ ကောင်းလာမှာပါ။” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်သိန်းက မဇ္ဈိမ သို့ ပြောပြသည်။

Saturday, 10 November 2007 15:00 - မြန်မာစံတော်ချိန် (သတင်းလွှင့်တင်ချိန်)

ဒီချုပ်ဗဟို၊ ဆက်ဆံရေး ဝန်ကြီးတို့နှင့် ဒေါ်စု တွေ့ဆုံ

မဇ္ဈိမသတင်းဌာန
Friday, 09 November 2007 19:37 - မြန်မာစံတော်ချိန်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ခေါင်းဆောင်များနှင့်၎င်း၊ စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးနှင့်၎င်း ယနေ့ တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရပ်ကွက် အများအပြားကအတည်ပြု ပြောကြားပါသည်။

စစ်အစိုးရ အကြီးအကဲ ဦးသန်းရွှေနှင့် ထိမ်းသိမ်းခံ နိုဘယ်ဆုရှင် ဒေါ်စုတို့အကြား ဆက်ဆံရေး ဝန်ကြီးအဖြစ် ဆောင်ရွက်နေသူ ဦးအောင်ကြည်သည် မနက်ဖြန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း နိုင်ငံတော် ရုပ်မြင်သံကြား အစီအစဉ်မှ ကြာသပတေးနေ့ ညနေခင်းတွင် ထုတ်ပြန် ကြေညာ သွားခဲ့ပါသည်။ ထို့ပြင် “သူမ၏ မေတ္တာရပ်ခံချက်အရ” သူမအား သူမပါတီ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့်ပါ တွေ့ဆုံခွင့်ပြုမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ကြေညာ သွားခဲ့ပါသည်။

“ဒီချုပ်ခေါင်းဆောင်တွေ ဒီညနေ သူမ (ဒေါ်စု) နဲ့တွေ့မှာပါ။ ကျနော်ထင်တယ်၊ အခုလောက်ဆို တွေ့တောင် တွေ့နေ လောက်ပါပြီ” ဟု ဒီချုပ်၏ ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်သိန်းက မဇ္ဈိမသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများနှင့် စပ်လျဉ်း၍ အကြောင်းအရာ အသေးစိတ်ကို အနည်းအကျဉ်းသာ သိရပါသေးသည်။ နိုင်ငံတော် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော အစီအစဉ်တွင် နောက်ထပ် အသေးစိတ် သတင်း အချက်အလက်များ မပါရှိပါ။ ဒီချုပ် ကိုယ်စားလှယ် ဦးမြင့်သိန်း အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့် ဒီချုပ် ခေါင်းဆောင်များ မည်သူမည်ဝါ ဖြစ်မည်ဆိုသည်ကို ထုတ်ဖေါ် ပြောကြားနိုင်ခြင်း မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ဝန်ကြီး၊ ဒီချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တို့အကြား ဆွေးနွေးပွဲ များနှင့် စပ်လျဉ်း၍ ယခု သောကြာနေ့ ညနေအထိ ခိုင်လုံသော သတင်းတစုံတရာ မကြားရသေးပါ။ သုံးဦးသုံးဖလှယ် တပြိုင်တည်း ဆွေးနွေးနိုင်ဘွယ် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေပါသည်။

ဤဆွေးနွေးပွဲများမှာ ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ ဂမ်ဘာရီ၏ စတုတ္ထမြောက် ခရီးစဉ်အပြီး နောက်တရက် တွင် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ သူက ယခုခရီးစဉ်ကို မြန်မာနိုင်ငံ၏ ရှည်ကြာနေပြီ ဖြစ်သော နိုင်ငံရေး ထွက်ပေါက် ပိတ်နေခြင်းကို ဖြေရှင်းနိုင်မည့် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်အား အစပြုလိုက်နိုင်ပြီ ဖြစ်ကြောင်းနှင့် ယင်းသည် အရေးပါသော ခြေလှမ်းတရပ် ဖြစ်ကြောင်း ခရီးစဉ်အပြီးတွင် ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အတွက်မူ ယနေ့ ဆွေးနွေးပွဲသည် သုံးနှစ်အတွင်း သူမပါတီမှ ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါလိမ့်မည်။ သူမ အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်စဉ်ကို အစပြုရန် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အလည်အပတ် လာရောက်ခဲ့သော မစ္စတာ ဂမ်ဘာရီမှတဆင့် ကြာသပတေး နေ့တွင် ကြေညာချက် ထုတ်ပြန် ပြောကြားသွားခဲ့ပါသည်။

“ဤတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်စဉ် အောင်မြင်ရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကျမအနေဖြင့် အဆင်သင့် ရှိပါသည်” ဟု အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားပါသည်။ မြန်မာနိုင်ငံ ပြည်သူများ၏ အကျိုးစီးပွါး အတွက်၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုများ၏ အကျိုးစီးပွါးအတွက် လေးလေးနက်နက် ထည့်သွင်း စဉ်းစားကာ စစ်အစိုးရ နှင့်၎င်း၊ အခြား ဆက်စပ် ပတ်သက်သူများနှင့်၎င်း တွေ့ဆုံ ဆွေးနွေးမှုများ စတင်ရန် သူမအနေဖြင့် သဘောတူပါကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဆက်လက် ဖေါ်ပြ ပါရှိပါသည်။

“အဆိုပါ ရည်မှန်းချက် ပေါက်မြောက် အောင်မြင်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲကို အပြုသဘောဆောင်စွာ လျှောက်လှမ်းရန် ကျမအနေဖြင့် ပိုင်းဖြတ်ထားပြီး ဖြစ်ပါသည်။ သို့အတွက် အစိုးရကို၎င်း၊ အခြား ဆက်စပ် ပတ်သက်သူ အားလုံးကို၎င်း ဤစိတ်ဓါတ်အတိုင်း ကျမနှင့်အတူ လက်တွဲ ပါဝင်ကြပါရန် ဖိတ်ခေါ်ပါသည်”

မစ္စတာ ဂမ်ဘာရီကို တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပန်းရန် ဗမာပြည်သို့ နောက်တကြိမ် လာရောက် လည်ပတ်ပါရန် စစ်အစိုးရက ဖိတ်ကြားလိုက်ခြင်းသည် တိုးတက်မှု ခြေလှမ်းတရပ် ဖြစ်ပုံရကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံး၏ ကြေညာချက်တွင် ဖေါ်ပြ ပါရှိပါသည်။



ကုလ ယာယီကိုယ်စားလှယ်ကို စစ်အစိုးရ လက်ခံမည်

မဇ္ဈိမသတင်းဌာန
Friday, 09 November 2007 21:05 - မြန်မာစံတော်ချိန်

မြန်မာ စစ်အစိုးရသည် ကုလ ယာယီကိုယ်စားလှယ် လက်ခံ ထားရှိရေးကို ကုလအထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ခရီးစဉ်တွင်း သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ပြောကြားခဲ့သည်။

စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ကြာသာပတေးနေ့တွင် ပြန်လည် ထွက်ခွာသွားသော မစ္စတာ ဂမ်ဘာရီတို့ တွေ့ဆုံစဉ်တွင်း ယာယီ ကိုယ်စားလှယ် ထားရှိရေးကို သဘောတူခဲ့ခြင်း ဖြစ်သည်။

"ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၏ ယာယီ တာဝန်ခံဖြစ် အစားထိုး တာဝန်ပေးအပ်မည့် ပုဂ္ဂိုလ်ကို နှစ်ဖက်ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ကြပြီး ဖြစ်သည်" ဟု မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြခဲ့သည်။

မြန်မာပြည် စီးပွားရေးအပေါ် ဝေဖန် ထုတ်ပြန်ခဲ့သော ကုလကိုယ်စားလှယ် မစ္စတာ ပက်ထရစ်ကို နိုဝင်ဘာ ၂ ရက်နေ့တွင် စစ်အစိုးရမှ တာဝန်ထမ်းဆောင်ခွင့် ပိတ်ပင်ပြီး နောက်ပိုင်း ထုတ်ပြန် ပြောကြားခြင်း ဖြစ်သည်။

"တိုင်းပြည်တွင်း ဆန္ဒပြမှုများသည် လူ့အခွင့်အရေး ချိုးယွင်းမှု၊ အခြေခံ စီးပွားရေး ကျဆင်းမှုတွေကြောင့် ဖြစ်ပေါ်ရသည်" ဟု ပက်ထရစ်၏ ထုတ်ပြန်ချက်က ဆိုသည်။

စစ်အစိုးရသည် မစ္စတာ ပက်ထရစ်အား သူ၏ လုပ်ပိုင်ခွင့်ကို ကျော်ပြီး လုပ်ဆောင်သည် ဟု စွပ်စွဲခဲ့သည်။

မစ္စတာ ပက်ထရစ်သည် ၂၀၀၃ ခုနှစ်မှ စတင်၍ ယူအင်ဒီပီ ဌာနေ ကိုယ်စားလှယ်ဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။



ဘုရားဖူး နည်းပါးသွားသည့် ရွှေတိဂုံဘုရား

မဇ္ဈိမသတင်းဌာန
Friday, 09 November 2007 18:59 - မြန်မာစံတော်ချိန်

ဘုရားဖူးများ မှတ်ပုံတင် ယူဆောင်ခိုင်းခြင်းနှင့် စွမ်းအားရှင် လုံခြုံရေးများ ချထားခြင်းတို့ကြောင့် ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင် ဘုရားဖူးများ လျော့ကျနေသည်ဟု သိရသည်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင် ပြီးခဲ့သည့် အောက်တိုဘာ နှောင်းပိုင်းမှ စတင်ကာ ဘုရားမုခ်ဝတိုင်းတွင် စက္ကူအဖြူပေါ်၌ မင်အနီဖြင့် ‘ဘုရားဖူးလာ ရဟန်းများ၊ သာမဏေ၊ သီလရှင်များနှင့် အများပြည်သူတို့အား ပန်ကြားချက်’ ဟု ရေးသားထားကာ၊ အောက်တွင် မင်အနက်ဖြင့် ‘မိမိတို့နှင့်အတူ သက်ဆိုင်ရာ မှတ်ပုံတင်များ တစ်ပါတည်း ယူဆောင် လာကြပါရန်’ ရေးထားပြီး အောက်ပိုင်းတွင် ‘ဂေါပကအဖွဲ့’ ဟု ရေးထိုးထားသည်။

သည့်အပြင် ကုလကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ လာရောက်မည့် နေ့မှ စတင်ကာ ယမန်နေ့အထိ ရွှေတိဂုံဘုရားတွင် စွမ်းအားရှင် ဦးရေ ၂ဝဝ ခန့် လုံခြုံရေး ယူနေခဲ့ခြင်း ဖြစ်သည်။

ယခုလို ဘုရားဖူးလာပါက မှတ်ပုံတင် ယူဆောင်လာရန် သတိပေး နှိုးဆော်ချက် ကပ်ထားပြီး စွမ်းအားရှင်များ စောင့်ကြပ် နေကြခြင်းကြောင့် ဘုရားဖူးများ လာရောက်မှု နည်းပါးနေပြီး၊ ဘုရားအနီး ဈေးဆိုင်များ အရောင်းအဝယ် ထိုင်းမှိုင်းသွားသည်ဟု ဘုရားအနီး နေထိုင်သူများ အဆိုအရ သိရသည်။

“ဘုရားဖူးတွေ အရင်ကလောက် မလာတော့ဘူး။ စွမ်းအားရှင်တွေပဲ ဘုရားပေါ်မှာ များနေတာ။ သူတို့တွေက ဘုရားဖူးတွေကို မျက်စိဒေါက်ထောက် ကြည့်နေတော့ မလာချင်ကြတော့တာပေါ့။ အရောင်းလည်း ထိုင်းသွားတယ်” ဟု ရွှေတိဂုံ အနီးရှိ ဆိုင်ရှင်တဦးက ပြောသည်။

ရွှေတိဂုံ လုံခြုံရေးဌာနမှ တာဝန်ရှိသူကမူ “သံဃာတော်တွေ ကံဆောင်ပြီး နောက်ပိုင်းမှာ ဘုရားကို လုံခြုံရေးအရ စီမံချက်ထုတ် လုပ်လိုက်တဲ့ သဘောပါ။ တယောက်ချင်းစီတော့ လိုက်မစစ်ပါဘူး။ သံဃာတော်တွေကိုတော့ အဂါင်္နေ့မှာတော့ သံဃာကဒ်တွေ စစ်တယ်။ အဲနေ့မှာ လာဆုတောင်းကြတဲ့ ဘုန်းကြီးတွေ ရှိတယ်လေ၊ ဒါကြောင့်ပါ။ ကျန်တဲ့နေ့တော့ ပါပါ၊ မပါပါ ရပါတယ်။ လာလို့ ရပါတယ်” ဟု ပြောသည်။

စွမ်းအားရှင်များကို နံနက်ပိုင်းတွင် ၁၅ဝဝ ကျပ်၊ နေ့လည်ပိုင်းတွင် ၅ဝဝ ကျပ်နှင့် ညနေတွင် ၁ဝဝဝ ကျပ်နှုန်းဖြင့် ငွေပေးအဖွဲ့ ဆိုသော အဖွဲ့တခုမှ လိုက်လံ ပေးဝေနေခဲ့သည်ဟု ဘုရားအနီး နေထိုင်သူများက ပြောဆိုကြသည်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင် မင်အနက်ဖြင့် ရေးထားသော ဂေါပက အဖွဲ့၏ ထုတ်ပြန်စာ
ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင် မင်အနက်ဖြင့် ရေးထားသော ဂေါပက အဖွဲ့၏ ထုတ်ပြန်စာ


ကံဆောင် သပိတ်မှောက်ရန် ပခုက္ကူတွင် နှိုးဆော်စာများကပ်

မဇ္ဈိမသတင်းဌာန
Friday, 09 November 2007 18:14 - မြန်မာစံတော်ချိန်

မကွေးတိုင်း ပခုက္ကမြို့ရှိ စာသင်တိုက်ကြီးများ အနီး ဓာတ်တိုင်များတွင် မေတ္တာပို့ စီတန်းကြွချီခြင်း ပြန်လည် လုပ်ဆောင်ရန် အတွက် သံဃာတော်များကို နှိုးဆော်သည့် စာများ ယနေ့တွင် လိုက်လံ ကပ်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နိုင်ငံတဝှမ်း ပတ္တနိကုဇ္ဇန ကံဆောင်မှု စတင် ဖြစ်ပေါ်စေခဲ့သည့် ဆန္ဒပြ သံဃာတော်များကို အာဏာပိုင်များမှ အကြမ်းဖက် တိုက်ခိုက်ရာ မကွေးတိုင်း ပခုက္ကူမြို့တွင် သပိတ်မှောက် ကံဆောင်မှုကို ဆက်လက် လုပ်ဆောင်ရန် လှုံ့ဆော်ထားသည့် လက်ရေး စာစောင်များကို ကျောင်းတိုက်ကြီးများအနီး ဓာတ်တိုင်များ၌ ယနေ့ နံနက်ပိုင်းက ကပ်ထားခြင်း ဖြစ်သည်။

“ဒီကနေ့မနက် တွေ့ခဲ့ရတယ်။ အလက (၃) အရှေ့ဘက်က အရှေ့တိုက် အဝင်ဝ ဓာတ်တိုင်မှာ လက်ရေးနဲ့ ကပ်ထားတယ်။ မနက်ဖြန်မှာ မေတ္တာပို့ စီတန်းလမ်းလျှောက်ဖို့ ရေးထားတဲ့ နှိုးဆော်စာပါ” ဟု စာသင်တိုက်ကြီး တခုမှ သံဃာတော် တပါးက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက နအဖ အမျိုးသား ညီလာခံ လူထု ထောက်ခံပွဲကို ဆန့်ကျင် ဆန္ဒပြသည့် အနေဖြင့် ပခုက္ကူ သံဃာတော်များ စီတန်းလမ်းလျှောက် မေတ္တာပို့ရာတွင် ဦးဆောင်ခဲ့သည့် သံဃာ့ ခေါင်းဆောင် များသည် ထွက်ပြေး တိမ်းရှောင်နေရသော်လည်း ကံဆောင်မှု ဆက်လက် လုပ်ဆောင်ရန်အတွက် လက်ဆင့်ကမ်း ခေါင်းဆောင် သံဃာတော်များက ယခုလို နှိုးဆော်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု အခြား သံဃာတော် တပါးက မိန့်ကြားသည်။

မြန်မာပြည်တွင် သံဃာထု ဒုတိယအများဆုံး သီတင်းသုံးရာ ပခုက္ကူတွင် မဟာဝိဇယာရာမ (အရှေ့တိုက်)၊ မဟာဝိသုတာရာမ (အလယ်တိုက်)၊ သာသနာ့ ဝိပုလာရာမ (အနောက်တိုက်) ဟူ၍ စာသင်တိုက်ကြီး ၃ တိုက်ရှိရာ ဗောဓိမဏ္ဍိုင်၊ မြတိုက်၊ မတ္တထောင် စသည့် စာသင်တိုက်ငယ်များ ရှိပြီး အခြား ကျောင်းတိုက်ငယ်များနှင့် ဆိုပါက သံဃာတော်ပေါင်း ၄ဝဝဝ ကျော်ရှိသည်။

ပခုက္ကူ မြို့ပေါ်ရှိ GSM ဖုန်းလိုင်းများသည် ပြီးခဲ့သည့် ၅ ရက်ခန့်မှ စတင်၍ ပြတ်တောက်ခဲ့ပြီး ယနေ့တွင် ပြန်ဖွင့် လာကြောင်း သိရသည်။



ချင်းအမျိုးသမီးနှင့် ကလေးငယ်များ ဖမ်းဆီးခံရ

မဇ္ဈိမသတင်းဌာန
Friday, 09 November 2007 17:37 - မြန်မာစံတော်ချိန်

ချင်းအမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၁၃ ဦးကို မကြာသေးခင်က ဖမ်းဆီးခဲ့ခြင်းသည် မလေးရှား အာဏာပိုင်များ၏ ဥပဒေနှင့် မညီသော ဖမ်းဆီးမှု ဖြစ်သည်ဟု ချင်းလူ့အခွင့်အရေး အဖွဲ့က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ရှိ မိသားစုနှင့် ဆွေမျိုးသားချင်းများကို တွေ့ဆုံရန် သွားရောက်သူ ၂၁ ဦးသည် ၎င်းတို့ စီးနင်းလာသည့် ဘတ်စ်ကား ယဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က ပြောသည်။

သူတို့သည် ရပ်တည် နေထိုင်ရေးနှင့် စီးပွားရေး လုံခြုံမှု ရှိရန်အတွက် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့သူများ ဖြစ်သည်ဟု CHRO ကဆိုသည်။ ဖမ်းဆီးခံလိုက်ရသူ အများစုသည် မလေးရှားတွင် ကုလ ဒုက္ခသည်ရုံးတွင် မှတ်ပုံတင်ထားပြီး နေထိုင်နေသည့် ဆွေမျိုးသားချင်းများနှင့်အတူ တတိယနိုင်ငံသို့ သွားရောက်ခွင့် ရရှိရေး မျှော်လင့်ချက်ဖြင့် လာရောက်ကြခြင်းလည်း ဖြစ်သည်။

ယခုလို မြန်မာ ဒုက္ခသည်များကို ဖမ်းဆီးခြင်းသည် “မလေးရှားနိုင်ငံ အနေဖြင့် ချင်းအမျိုးသမီးများနှင့် ကလေးများ၏ အခွင့်အရေးများကို လစ်လျူရှုခြင်း ဖြစ်သည်” ဟု CHRO ကပြောသည်။

လက်ရှိအချိန်တွင် ချင်းအမျိုးသမီးနှင့် ကလေးငယ် ၇ဝ ခန့်သည် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ချုပ်နှောင် ခံထားရကြောင်းနှင့် နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားသော နိုင်ငံတခုဖြစ်သည့် မလေးရှားအနေဖြင့် လိုက်လျောညီထွေ ဖြစ်မနေကြောင်း CHRO က ပြောသည်။

အမျိုးသမီးများကို ခွဲခြားဖိနှိပ်မှုများ ဖယ်ရှားရေးနှင့် ကလေး အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို လိုက်နာရန် တာဝန်ရှိသည်နှင့်အညီ ချင်းအမျိုးသမီး အားလုံးနှင့် ကလေးများကို ချုပ်နှောင်ထားရာမှ ချက်ချင်း လွှတ်ပေးရန် CHRO က ပြောသည်။

“မလေးရှားရှိ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အထောက်အထားများ ကိုင်ဆောင်ထားသူများ အပါအဝင် ချင်းအမျိုးသမီးများနှင့် ကလေးများသည် မလေးရှား အာဏာပိုင်များ လက်တွင်း၌ အမြဲလိုပင် ဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ နေရပ်ရင်း ပြန်ပို့ခံရခြင်း အစရှိသည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နေရသည်” ဟု ကျေညာချက်တွင် ဖော်ပြထားသည်။

တရားမဝင် ချုပ်နှောင်ခံထားရသည့် ချင်းအမျိုးသမီး အားလုံးနှင့် ကလေးများကို ချက်ချင်း ပြန်လွှတ်ရန်နှင့် အာဏာပိုင်များ အနေဖြင့် အနာဂတ်တွင် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာရန် CHRO က ထပ်မံပြောဆိုသည်။

မလေးရှားတွင် ချင်းဒုက္ခသည်ပေါင်း တသောင်း နှစ်ထောင်ခန့် နေထိုင်ကြသည်ဟု သိရသည်။



ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား မစ္စတာ ဂမ်ဘာရီ၏ ထုတ်ပြန် ကျေညာချက်

မဇ္ဈိမသတင်းဌာန
Thursday, 08 November 2007 22:00 - မြန်မာစံတော်ချိန်

၈ ရက်၊ နိုဝင်ဘာ ၂ဝဝ၇

သင်တို့အားလုံး သိရှိသည့်အတိုင်း ကျွန်ုပ်သည် မြန်မာပြည် ခရီးစဉ်ကို ၃ ရက် နိုဝင်ဘာမှ ၈ ရက် နိုဝင်ဘာအထိ သွားရောက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ပင် တွေ့ဆုံခဲ့ပါသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေး အရာရှိ အနေဖြင့် အောက်ဖေါ်ပြပါ ထုတ်ပြန် ကျေညာချက်ကို သူမ၏ကိုယ်စား ထုတ်ပြန် ကျေညာပေးရန် ဒေါ်အောင်ဆန်းစုကြည်က အခွင့်အာဏာ ပေးအပ်ခဲ့ပါသည်။

  • ကျမ၏ နံဘေးတွင် အစဉ်အမြဲ ရည်တည်ပေးခဲ့ကြသော ပြည်တွင်းပြည်ပမှ မိတ်ဆွေအားလုံးကို အထူးပင် ကျေးဇူးဥပက္ကာရ တင်ရှိပါသည်။ ကျမတို့နိုင်ငံ၏ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် မဆုတ်မနစ် ရပ်တည် ထောက်ခံ ပေးခဲ့သည့် အတွက်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုလည်း အထူးပင် ကျေးဇူး ဥပက္ကာရ တင်ရှိပါသည်။
  • အောက်တိုဘာလ ၈ ရက်နေ့တွင် ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်ထားပေးခဲ့ခြင်းကိုလည်း ကျမ ကြိုဆိုပါသည်။ ၂၅ ရက်နေ့ အောက်တိုဘာတွင် ပထမဆုံးအကြိမ် ကျမတို့ တွေ့ဆုံခဲ့မှုသည် အပြုသဘော ဆောင်ပြီး နောက်ထပ် ပုံမှန် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ကျမ မျှော်လင့်ပါသည်။ ဤပဏာမအဆင့် ဆွေးနွေးညှိနှိုင်းမှုသည် မကြာမီ အချိန်အတွင်း ပြီးဆုံး၍ နအဖ ခေါင်းဆောင်များနှင့် အဓိပ္ပာယ်ရှိ၍ အချိန် ကန့်သတ်ချက်ရှိသော တွေ့ဆုံ ဆွေးနွေးမှုများကို စောနိုင်သမျှ စောစီးစွာ စတင်နိုင်လိမ့်မည် ဟုလည်း မျှော်လင့်ပါသည်။
  • တိုင်းပြည်၏ အကျိုးစီးပွားကို ထောက်ထား၍ ဤတွေ့ဆုံ ဆွေးနွေးမှုဖြစ်စဉ် အောင်မြင်စေရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကျမ အသင့် ရှိပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ကျမတို့၏ ကြိုးပမ်းမှု များကို လွယ်ကူ ချောမွေ့စေရန် ကူညီ ဆောင်ရွက် ပေးနေသည့် ကုလသမဂ္ဂ၏ လိုအပ်သော သြဇာ အရှိန်အဝါ အခန်းကဏ္ဍကိုလည်း ကြိုဆိုပါသည်။
  • ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင် ဒီမိုကရေစီ ပါတီများ၏ မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍကို ကောင်းစွာ နားလည် သဘောပေါက်သည့် အတွက်ကြောင့်၊ ကျမတို့ ပါတီဝင်များ၏ စွန့်လွှတ် အနစ်နာ ခံခဲ့ရမှုများကို နက်ရှိုင်းစွာ နားလည် သဘောပေါက်ခြင်းကြောင့်၊ အထွေထွေ အတွင်းရေးမှူး တဦးအနေဖြင့်‚ ကျမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒများ၊ ဆန္ဒများ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ယခုကဲ့သို့ အမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီ သွေးစည်း ညီညွတ်ရေးကို အထူးတလည် လိုအပ်နေသည့် အခါသမယတွင် အခြား နိုင်ငံရေး အဖွဲ့အစည်းများ၊ အင်အားစုများ၏ အကျိုးစီးပွားနှင့် ဆန္ဒသဘောထားများ၊ အထူးသဖြင့် ကျွန်ုပ်တို့၏ တိုင်းရင်းသား လူမျိုးစုများ၏ အကျိုးစီးပွားနှင့် ဆန္ဒ သဘောထားများကို တတ်နိုင်သမျှ ကျယ်ပြန့်စွာ အစဉ်တစိုက် အလေးအနက် ထည့်သွင်းစဉ်းစားရန် ကျမတွင် တာဝန် ရှိပါသည်။
  • ဤရည်မှန်းချက် အောင်မြင် ပေါက်ရောက်စေရန်အတွက်၊ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအတိုင်း သွားရန် ကျမ ပိုင်းဖြတ်ထားပြီး ဖြစ်ပါသည်။ သို့ပါ၍ အစိုးရနှင့်တကွ အခြား ဆက်စပ် ပတ်သက်သူအားလုံးကို ဤစိတ်ဓာတ်အတိုင်း ကျမနှင့် လက်တွဲ ဆောင်ရွက်ပါရန် ဖိတ်ကြားအပ်ပါသည်။
  • ကျမတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုနှင့် ဒီမိုကရေစီ တည်ရှိမှုတို့သည်‚၊ လူ့အခွင့်အရေး ကို အပြည့်အဝ လေးစားလိုက်နာပြီး တိုင်းပြည်တွင်းတွင် ငြိမ်းချမ်း သာယာစွာ ရှိမှုသည်၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အကောင်းဆုံးသော မျှော်လင့်ချက်ကို ပေးအပ်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ထိုသို့ ဖြစ်စေရန်အတွက် အိမ်နီးချင်း နိုင်ငံများနှင့်‚၊ အာဆီယံ အဖွဲ့ဝင် အခြားနိုင်ငံများနှင့်‚ နီးကပ်စွာ လက်တွဲ ဆောင်ရွက်သွားခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် လူသူလေးစားခံရသော အဖွဲ့ဝင် နိုင်ငံတနိုင်ငံ အနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍကို ပြသနိုင်မည် ဖြစ်ပါသည်။

ကျနော်သည် ယခုအခါ နယူးယောက်မြို့သို့ ပြန်ပြီး ကျွန်ုပ် ခရီးစဉ်၏ အကြောင်းအရာ အခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်း၍ အထွေထွေ အတွင်းရေးမှူးချုပ်ကို အစီရင်ခံရန် စီစဉ်ထားပါသည်။ ထို့ကြောင့် ယခုအချိန်တွင် သင်တို့၏ မေးခွန်းများကို ဖြေဆိုနိုင်မည် မဟုတ်သေးပါ။



ကုလကိုယ်စားလှယ် ဒေါ်စုနှင့် တွေ့ဆုံအပြီး ခရီးစဉ်အဆုံးသတ

မဇ္ဈိမသတင်းဌာန
Thursday, 08 November 2007 21:55 - မြန်မာစံတော်ချိန်

ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ဖမ်းဆီး ထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံပြီးနောက် ကြာသပတေးနေ့တွင် သူ့၏ ၅ ရက်ကြာ မြန်မာပြည် ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

လူထုခေါင်းဆောင်နှင့် ဆွေးနွေးပွဲ အသေးစိတ်ကို မသိရှိရသော်လည်း ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် ပတ်သက်သည့် ကျေညာချက် တစောင်ကို ထုတ်ပြန်ပေးရန်အတွက် မစ္စတာ ဂမ်ဘာရီကို ပြောဆိုခဲ့သည်ဟု ရန်ကုန်ရှိ ကုလရုံးအဆိုအရ သိရသည်။

ရန်ကုန်ရှိ ကုလရုံးမှ ထုတ်ပြန်သည့် ကျေညာချက်ထဲတွင် မစ္စတာ ဂမ်ဘာရီက “မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ထိရောက်တဲ့ ဆွေးနွေးပွဲ ဖြစ်စေမယ့် လုပ်ငန်းစဉ် တခု စတင်နိုင်ပါပြီ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖြစ်ထွန်းစေဖို့အတွက် အားလုံး ပါဝင်နိုင်မယ့် အဓိကအချက် တခုပါ” ဟု ပြောသည်။

သူ့ခရီးစဉ်အတွင်း မြန်မာဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် နအဖ အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သည်။ သို့သော်လည်း နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံနိုင်ခြင်း ရှိ၊ မရှိကိုမူ အတိအကျ မသိရှိနိုင်သေးပေ။

ရန်ကုန်မှ ကုလရုံး ကျေညာချက်တွင်မူ “ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ကြိုးစား အားထုတ်မှုနဲ့ အစိုးရ၊ အတိုက်အခံနဲ့ သက်ဆိုင်ရာ ပါတီတွေနဲ့ ညှိနှိုင်ခဲ့ခြင်းကြောင့် လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းက အခြေအနေမျိုး မဟုတ်တော့ပါဘူး” ဟု ရေးသားထားသည်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ချမ်းသာ ကြွယ်ဝခြင်း၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားနိုင်ရေး ရရှိစေဖို့အတွက် ပြည်တွင်းပြည်ပ နှစ်ခုစလုံးမှာ ရှိတဲ့ ပါဝင် ဆွေးနွေးသင့်သူ အားလုံးနဲ့ စေ့စပ်နိုင်အောင်” ကုလသမဂ္ဂ အနေဖြင့် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါသည် ဟု ဆက်လက် ရေးသားထားသည်။

“မစ္စတာ ဂမ်ဘာရီကို နောက်တခေါက် ပြန်လာဖို့ အစိုးရက ဖိတ်ခေါ်ထားပါတယ်။ လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ပြန်လာမယ်လို့ မျှော်လင့်ရပါတယ်” ဟုလည်း ဆိုသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates