နအဖ နဲ့ ဆွေးနွေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်း ဆောင်ရွက်မည်

မုံပီး
Friday, 09 November 2007 17:15 - မြန်မာစံတော်ချိန်

အတိုက်အခံ ခေါင်းဆောင် ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်က နအဖ စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် သူမနှင့် သူမ၏ ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံရာတွင် ဆုံးဖြတ်ထားကြောင်း ပြသလိုက်သည်။ ဤသည်မှာ ၃ နှစ်အတွင်း ပထမအကြိမ်အဖြစ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် ပါတီ ဗဟို အလုပ်အမှုဆောင် ခေါင်းဆောင် ၄ ဦးအနက် ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးလွင်က တွေ့ဆုံ ဆွေးနွေးပွဲကိစ္စ မဆုံးဖြတ်ခင် အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။

“သူ (ဒေါ်စု) က ပြောတယ် သူ့ဆုံးဖြတ်ချက်ဟာတဲ့ တိုင်းရင်းသား လူမျိုးတွေအတွက် စဉ်းစားချက်တွေအရ ဖြစ်ပါတယ်တဲ့ ဟု ဦးလွင်က ပြောသည်။

“သူက ပြောတယ် တိုင်းရင်းသား ခေါင်းဆောင်တွေက သူ့ကို ကိုယ်စားပြုဖို့ ပြောလာတယ်။ အဲဒါဆိုတော့ သူက တာဝန် ယူရတော့မယ်။ အဓိကကတော့ တိုင်းရင်းသားတွေပါပဲ” ဟု ဦးလွင်က ပြောသည်။

အန်အယ်ဒီ ဥက္ကဌ ဦးအောင်ရွှေ၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးလွင်၊ ဦးညွန့်ဝေနှင့် ဦးဉာဏ်ဝင်းတို့သည် ယနေ့ နေ့လည်ပိုင်းက ဖမ်းဆီး ခံထားရသည့် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ‘စိမ်းလဲ့ကန်သာ’ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသည် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင်များနှင့် ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကြည်တို့ ပါဝင်သည့် သုံးဦးသုံးဖလှယ် ပါဝင်သည့် ဆွေးနွေးပွဲ ဖြစ်သည်။

“ဦးအောင်ကြည်က ကျနော်တို့ ရောက်လာတာကို ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ မိတ်ဆက် ပေးပါတယ်။ ဒါပေမဲ့ သူက အကြာကြီး မနေပါဘူး။ ပါတီကိစ္စတွေ ဆွေးနွေးတဲ့အခါ ကျနော်တို့ဆီကနေ ထွက်သွားတယ်” ဟု ဦးလွင်က ပြောသည်။

အန်အယ်ဒီ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲသည် တနာရီကျော် ကြာမြင့်ခဲ့ပြီး မကြာသေးခင်က ဖွံ့ဖြိုး တိုးတက်မှု များနှင့် စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

၃ နှစ်ကျော်ပြီးမှ ပထမအကြိမ် ဆွေးနွေးပွဲဖြစ်သည့် ပါတီခေါင်းဆောင် ဆွေးနွေးပွဲသည် အရေးပါ အရာရောက်ကြောင်းနှင့် တွေ့ဆုံ ဆွေးနွေးရေး အတွက်လည်း အရေးကြီးသော အချက်လည်း ဖြစ်ကြောင်း ဦးလွင်က ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၈ နှစ်အတွင်း ၁၂ နှစ်ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး၊ သူမနှင့် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြား ဆက်သွယ် ဆောင်ရွက်ရန်အတွက် ခန့်အပ်ထားသည့် ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကြည်ကို ပထမအကြိမ် တွေ့ဆုံခဲ့သည်။

မြန်မာပြည်သို့ လာရောက်ခဲ့သည့် ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် သူမက ကျေညာချက် ထုတ်ပြန်ရာတွင် နအဖ စစ်အစိုးရနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရန် အတွက် ဆုံးဖြတ်ထားသည်ဟု ကြာသပတေးနေ့က အလေးပေး ဖော်ပြခဲ့သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး