Tuesday, November 6, 2007

လမ်းတွေပေါ်မှာ သံဃာတော်များ ဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွား

မဇ္ဈိမသတင်းဌာန
Monday, 05 November 2007 20:12 - မြန်မာစံတော်ချိန်

စက်တင်ဘာလ ဆန္ဒပြပွဲများအပြီး နောက်ပိုင်း ဒုတိယ အကြိမ်မြောက် အဖြစ် အထက်မြန်မာပြည် မိုးကုတ်မြို့တွင် သံဃာတော် ၅ဝ ကျော်၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ ဖြစ်ပွားခဲ့သည်။

“သြော် ရည်ရွယ်ချက်ကတော့ ဒကာကြီးရာ စက်တင်ဘာလက ပြုလုပ်သွားတဲ့ သံဃာ့ တပ်ပေါင်းစုရဲ့ တောင်းဆိုချက်ကို အစိုးရက အခုချိန်ထိတောင် လိုက်လျောခြင်း မရှိဘူးတဲ့ အတွက်ကြောင့် မေတ္တာပို့ လမ်းလျှောက်ခြင်း ဖြစ်ပါတယ်။ ဟာ ဒါကတော့ ဒကာကြီး ဦးဇင်းတွေ မစိုးရိမ်ပါဘူး။ စိုးရိမ်ရအောင် ဦးဇင်းတို့က နိုင်ငံတော် အေးချမ်း သာယာရေးကို နှောက်ယှက် ဖျက်ဆီးနေတာလည်း မဟုတ်ဘူး၊ အကြမ်းဖက် ဆူပူအုံကြွနေတာလည်း မဟုတ်ဘူးလေ” ဟု ဆန္ဒပြ သံဃာတော် တပါးက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောကြားခဲ့သည်။

“အနာဂတ်မှာ ဒီမိုကရေစီ နိုင်ငံတော်ကို ချီတက်မယ် ဆိုရင် ဒီလို အေးချမ်းစွာဆန္ဒပြမှုတွေကို လက်ခံ ကြိုဆိုပေးရဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မတရားတဲ့ ဥပဒေတွေနဲ့ လာရောက် အရေးယူနေလည်း ဂရုစိုက်နေဖို့ မလိုပါဘူး ဒါကြောင့် ဆန္ဒဆက်လက် ဖေါ်ထုတ်နေရမှာ ဖြစ်ပါတယ်”

ဟု သံဃာတော်က ဆက်ပြောသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ် မတိုင်မီ လွန်ခဲသည့် ဗုဒ္ဓဟူးနေ့ကလည်း မြန်မာပြည် အလယ်ပိုင်းရှိ ပခုက္ကူမြို့တွင် သံဃာတော် ၁ဝဝ နီးပါးက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သေးသည်။ အဆိုပါ ဆန္ဒပြမှုသည် စက်တင်ဘာလ ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်လာခဲ့သည်။

ပခုက္ကူ ဆန္ဒပြပွဲနှင့် တပြိုင်ထဲလိုလို ကြာသပတေးနေ့တွင် နအဖ က အင်တာနက်လိုင်းများကို ပိတ်ပစ်ခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့လူထုက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဆန္ဒဆက်ပြရန် ကြိုးစားခဲ့သော်လည်း လုံခြုံရေး တင်းကျပ်မှုကြောင့် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

“ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် အလုပ်ဖြစ်ခဲ့ပါဘူး။ ဆန္ဒပြပွဲတွေကတော့ ဆက်ဖြစ်မှာပါပဲ။ ဒီက လူတွေကတော့ မကျေနပ်ကြဘူးလေ” ဟု ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှ စီးပွားရေးသမား တဦးဖြစ်သူ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၂၉ ရက်ညတွင် စစ်သားများက သံဃာတော်များကို သတ်ဖြတ်နေပုံကို ရေးဆွဲထားပြီး ပုံအောက်တွင် “ဗုဒ္ဓံသရဏံ ဒိုင်း ဒိုင်း၊ ဓမ္မံသရဏံ ဒိုင်း ဒိုင်း၊ သံဃံသရဏံ ဒိုင်း ဒိုင်း” ဟူသည့် ကာတွန်း ပိုစတာများကို မြို့တော်တဝှမ်းရှိ ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း အဝင်ပေါက်များတွင် ကျောင်းသားများက လိုက်လံ ကပ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာနတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မော်လမြိုင်တို့တွင် စစ်အာဏာပိုင်များက ရဲနှင့် သာမန် အရပ်သားများကို အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းများ ပေးနေကြောင်းလည်း သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates