Friday, November 16, 2007

ဒေါ်စု ကျေညာချက်ကို ဆန့်ကျင်ရန် နအဖ မှ ငြိမ်းများကို ဖိအားပေး

မျိုးကြီး
Friday, 16 November 2007 19:05 - မြန်မာစံတော်ချိန်

ရှမ်းပြည် (မြောက်ပိုင်း)ရှိ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကို ယဉ်ကျေးမှု ဝန်ကြီးက ယနေ့တွင် ခေါ်ယူတွေ့ဆုံကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို သဘောမတူကြောင်း လက်မှတ် ထိုးခိုင်းခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်က ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDAK) တို့မှ ကိုယ်စားလှယ်များကို ဝန်ကြီးက မြစ်ကြီးနားသို့ ခေါ်ယူတွေ့ဆုံကာ လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ဝန်ကြီးက ဝ’ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) မှ ဦးလျောက်မီလျံနှင့် ဦးအောင်မြင့်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA (N) မှ ဦးကိုင်ဖ၊ ကိုးကန့်အဖွဲ့မှ ဦးဖုန်ကျားဖူး၊ ကချင် ကာကွယ်ရေး တပ်မတော် (KDA) မှ ဦးမထုနော်တို့ကို လားရှိုးသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။

ကချင်ကာကွယ်ရေး တပ်မတော် (KDA) မှ ဦးမထုနော်သာလျှင် ချက်ခြင်း လက်မှတ်ရေးထိုး ပေးခဲ့သော်လည်း ကျန်အဖွဲ့ ၃ ဖွဲ့က အဖွဲ့အတွင်း အစည်းအဝေးနှင့် ဆုံးဖြတ်ပြီးမှသာ အကြောင်းပြန်မည်ဟု နအဖ ဝန်ကြီးကို ပြောဆိုခဲ့သည်။

ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် လားဟူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ မြို (ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၃ SSA၊ ကချင် တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေး တပ်မတော်နှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦးတို့ကလည်း အလားတူ ကျေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ယခုလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင်လည်း ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဝ’ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား အစည်းအရုံး (DKBA) နှင့် ကယန်းအမျိုးသား ကာကွယ်ရေး တပ်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို ကန့်ကွက်ခဲ့ကြသည်။

သူတို့၏ ကြေညာချက်များက တိုင်းရင်းသားများကို ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်စားပြုမည် ဆိုသည့်အချက်ကို ဆန့်ကျင်လိုက်ခြင်း ဖြစ်ပြီး နအဖ ၏ မူဝါဒလမ်းစဉ် ၇ ရပ် (လမ်းပြမြေပုံ) ကို အလေးအနက် ထောက်ခံသည်ဟု ဖော်ပြကြသည်။

သို့သော်လည်း စစ်အစိုးရ ဖိအားပေးမှုကြောင့် ယခုလို ကျေညာချက်မျိုး ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု တိုင်းရင်းသား အဖွဲ့များက ထုတ်ဖော် ပြောဆိုကြသည်။


မိတ္ထီလာရှိ တောင်သူ ၇ဝဝ ကျော်ရဲ့ လယ်မြေများကို စစ်တပ်က သိမ်းဆည်း

မဇ္ဈိမသတင်းဌာန
Friday, 16 November 2007 18:02 - မြန်မာစံတော်ချိန်

မန္တလေးတိုင်း မိတ္ထီလာ မြို့နယ်အတွင်း လယ်မြေဧက ၁၇ဝဝ နီးပါးကို စက်တပ်ပိုင် စက်ရုံတခု တည်ဆောက်ရန် အတွက် ဒေသတွင်း အခြေစိုက် စစ်တပ်က ပြီးခဲ့သည့် လအတွင်းက သိမ်းယူခဲ့သည်။

မြို့နယ်အတွင်း ရှမ်းတဲတိုက်နယ်ရှိ မဂျီးစု၊ ကျောင်းရွာနှင့် ရှမ်းတဲကျေးရွာအုပ်စုမှ တောင်သူ ၇၆၅ ဦး ပိုင်ဆိုင်သည့် လယ်မြေဧက ၁၆၉ဝ ကို ခရိုင်ကာကွယ်ရေး ဦးစီးချုပ်ရုံး ကွပ်ကဲမှုအောက်ရှိ အခြေစိုက် စစ်တပ်မှ ဗိုလ်ကြီး ရဲမာန်အောင်နှင့် တပ်ကြပ်ဝဏ္ဏ ဦးဆောင်သည့် မြို့နယ်၊ ကျေးရွာအုပ်စု အာဏာပိုင်များသည် လယ်မြေများပေါ်တွင် တပ်ပိုင်စက်ရုံ တည်ဆောက်ရန်အတွက် သဘောတူကြောင်း တောင်သူများကို အောက်တိုဘာလ ၁၆ ရက်နေ့က လက်မှတ်ထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။

“လက်မှတ် ရေးထိုးခိုင်းတဲ့ စာရွက်မှာ မိတ္ထီလာခရိုင် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကွပ်ကဲမှုအောက် အနာဂတ်စက်ရုံ တည်ဆောက်ဖို့ တောင်သူတွေရဲ့ သဘောတူညီကြောင်း ဝန်ခံချက်လို့ ပါတယ်။ တောင်သူတဦးချင်းကို လက်မှတ် အတင်းထိုးခိုင်းတယ်။ ဘာလုပ်ဖို့လဲလို့ မေးကြည့်တော့ လေတပ်နဲ့ပတ်သက်ပြီး တခုခုလုပ်မယ်လို့တော့ ပြောတယ်။” ဟု တောင်သူများနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

ဝတ်ပုတ်ကုန်းမှ တောင်သူ ၂၁ဝ ဦး၊ ၆ဝ၆ ကန်နီမှ ၂၇ ဦး၊ ၆ဝ၈ ကန်ဆွယ်မှ ၁၂၈ ဦး၊ ၆ဝ၉ ကန်ဆွယ်မှ ၇၃ ဦး၊ ၆၁ဝ မှ ကျောင်းရွာမှ ၁၂ဝ၊ ၆၂ဝ ကျောင်းရွာမှ ၄၁ ဦးနှင့် ကွင်းအမှတ် ၆၂၁ ကျောင်းရွာမှ ၁၆၆ ဦး စသဖြင့် စုစုပေါင်း ၇၆၅ ဦးတို့ လယ်မြေ အသိမ်းခံရခြင်း ဖြစ်သည်။

“စပါးရိတ်သိမ်းပြီးလျှင် အလုပ်မဆင်းတော့ပါကြောင်း” အာဏာပိုင်များက လက်မှတ် ထိုးခိုင်းခဲ့သလို၊ အကယ်၍ လက်မှတ် မထိုးပါက အရေးယူခံရမည်ဟု အာဏာပိုင်များက ပြောဆိုကြောင်း လယ်သမားများက ပြောသည်။

စက်ရုံကို လယ်မြေများကို စပါး ရိတ်သိမ်းပြီးချိန်တွင် စတင်တည်ဆောက်မည် ဖြစ်ကာ ယာခင်းများ မပါဝင်ဘဲ လယ်မြေများကိုသာ သိမ်းယူလိုက်ခြင်း ဖြစ်သည်။

လယ်မြေသိမ်းယူမှုကို သဘောမတူကြောင်း ကန့်ကွက်စာ ပေးပို့ရန် စီစဉ်နေသည်ဟု မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောပြသည်။

အဓမ္မ လယ်မြေသိမ်းမှုနှင့် ပတ်သက်ပြီး သူက ဓဒါတွေကတော့ ဖြစ်ကိုမဖြစ်သင့်တာ။ စက်မှုနိုင်ငံ မဖြစ်သေးတာ ဆိုတော့ စိုက်ပျိုးရေး တိုင်းပြည်ဆိုတော့ တောင်သူတွေကို ဦးစားပေးရမှာပဲ။ သူတို့က စိုက်ပျိုးရေးကို ဖွံ့ဖြိုးအောင် လုပ်နေပါတယ်ဆိုပြီး ပြောတယ်လေ။ လယ်မြေတွေကို အခုလို အတင်းသိမ်းတဲ့ အတွက်ကြောင့် တအားနစ်နာတယ်။ အစိုးရလည်း နစ်နာတယ်၊ လူထုရော တိုင်းပြည်ပါ နစ်နာတယ်။ သိမ်းလိုက်ပြီဆိုရင် ဘာလုပ်စားရတော့မှာလဲ။ လူတွေကို သတ်တာနဲ့ အတူတူပါပဲ။ မတရား သိမ်းပိုက်တာပါပဲ။ တခုခုတော့ တာဝန်ယူ လုပ်ပေးရမှာပေါ့။ ဒီလူတွေ ငတ်သေဖို့ပဲ ရှိတာပေါ့” ဟု ဆက်ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates