Monday, November 19, 2007

မေဒေးနေ့ သွားသူများအမှု ဗဟိုတရားရုံးတွင် အယူခံဆက်ဝင်မည

မဇ္ဈိမသတင်းဌာန
Friday, 16 November 2007 19:23 - မြန်မာစံတော်ချိန်

မေဒေးနေ့ အခမ်းအနား တက်ရောက်သဖြင့် ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသူ ၆ ဦးကို တိုင်းတရားရုံးသို့ အယူခံဝင်ရာတွင် ပယ်ချခံရပါက ဗဟိုတရားရုံးသို့ ဆက်လက် အယူခံဝင်မည်ဟု အကျိုးဆောင် ရှေ့နေက ပြောဆိုလိုက်သည်။

ယခုနှစ် ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ကျင်းပသည့် အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သူများကို တသက်တကျွန်း ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းအပေါ် အယူခံဝင်မည် ဖြစ်သည်။

“တိုင်းတရားရုံး တွဲဘက်တရားသူကြီး ၁၂ ရုံးက လက်ခံတယ် ဆိုလို့ရှိရင် နှစ်ဘက် လျှောက်လဲချက် နိုင်ငံတော်နဲ့ အမှုတွဲတွေ လမ်းကြောင်းမယ် နှစ်ဘက် လျှောက်လဲချက်တွေ ပေးမယ်။ အဲဒါပြီးရင် ဆုံးဖြတ်ချက် ချမယ်ပေါ့။ သူတို့ (တိုင်းတရားရုံး) က လက်မခံဘူး ဆိုလို့ရှိရင်တော့ တရားရုံးချုပ်ကို ထပ်တက်မယ်” ဟု ဦးအောင်သိန်းက မဇ္ဈိမကို ပြောသည်။

ယမန်နေ့က တိုင်းတရားရုံးသို့ အယူခံရာတွင် ယနေ့တွင် လက်ခံရေး၊ လက်မခံရေး အမိန့်ချရန် ရုံးချိန်း ပေးခဲ့သော်လည်း တရားသူကြီးသည် ဆွေမျိုးသားချင်း တဦး၏ အသုဘသို့ သွားရောက်နေသဖြင့် လာမည့် တနင်္လာနေ့သို့ ပြန်ချိန်းခဲ့သည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် အင်းစိန်ထောင် တရားရုံးမှ ပုဒ်မ ၁၂၄ (က) နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုဖြင့် ကိုကျော်ကျော်၊ ကိုညီညီဇော် အပါအဝင် ၆ ဦးစလုံးကို ထောင်ဒဏ် နှစ်၂ဝ စီ စီရင်ချက်ချကာ ၁၇/၁ မတရား အသင်းနှင့် ဆက်သွယ်မှုဖြင့် ကိုသူရိန်အောင်၊ ဝေလင်း၊ ကိုမျိုးမင်းနှင့် ကိုကျော်မင်းတို့ကို ၃ နှစ်စီ ပြစ်ဒဏ် ချခဲ့သည့်အပြင် သူတို့ ၄ ဦးကို ပုဒ်မ ၁၃၊၁ လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေပုဒ်မအရ မတရားအသင်း တည်ထောင်မှုနှင့် ထောင်ဒဏ် ၅ နှစ်နှင့် ၆ ဦးစလုံးကို ငွေဒဏ် ၁ဝဝဝ ကျပ်စီလည်း တပေါင်းတည်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူများ၏ မိသားစုဝင်များကလည်း နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) ထံ အကူအညီ တောင်းကြောင်းနှင့် ILO ကလည်း ကူညီမည်ဟု ကတိပေးထားကြောင်း ပြောသည်။

“နိုဝင်ဘာ ၁၄ ရက်မှာလုပ်တဲ့ သူတို့ရဲ့ ဂျနီဗာက ဗဟို အစည်းအဝေးမှာ သူရိန်အောင်တို့ရဲ့ ကိစ္စကို တင်ပြပေးမယ်လို့ ပြောပါတယ်။ နောက်ပြီး သူတို့ (ILO) က အတတ်နိုင်ဆုံး ကူညီမယ်လို့ ကတိပေးပါတယ်” ဟု မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates