Thursday, November 15, 2007

နိုင်ငံရေး အကျဉ်းသား ၆ ဦး အင်းစိန်ထောင်မှ ပြန်လွတ်လာ

ကိုဒီး
Thursday, 15 November 2007 19:39 - မြန်မာစံတော်ချိန်

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပီညဲရိုး မြန်မာပြည်မှ ပြန်လည် ထွက်ခွာသည့် ယနေ့တွင် အင်းစိန်ထောင်မှ အကျဉ်းသားပေါင်း ၇၅ ဦး ပြန်လည် လွတ်မြောက်လာရာတွင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ပါဝင်သည်။

ယနေ့ နေ့လည်ပိုင်းက ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၆ ဦးမှာ ကိုထွန်းလင်းကျော် (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ မုံရွာ ဥပဒေကျောင်းသား ကိုသက်နောင်စိုး (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ ကျောက်တံတား မြို့နယ်မှ ကိုဖုန်းအောင် (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ မွန်ပြည်နယ် ကျိုက်ထိုမြို့မှ မရီရီဝင်း (ပြင်ပ မီဒီယာနဲ့ ဆက်သွယ်မှု)၊ ကိုသိန်းနိုင်ဦး (ဒလမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ)နှင့် စစ်တိုင်းတိုင်း မုံရွာမြို့မှ အမည်မသိရှိရသေးသူ တဦးတို့ ဖြစ်သည်။

“ဒီနေ့ ၁၁ နာရီခွဲလောက်ကပါ။ အားလုံး လွတ်တဲ့အထဲမှာ ယောက်ျားလေးက ၆ဝ၊ မိန်းကလေးက ၁၅ ယောက်။ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုလို့ ကျနော်တို့ ၆ ယောက်ပဲ ပါတယ်” ဟု ပြန်လည် လွတ်မြောက်လာသူ ကိုထွန်းလင်းကျော်က မဇ္ဈိမကို ပြောသည်။

ကိုထွန်းလင်းကျော်သည် ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့သဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံထားရပြီး ထောင်တွင်း၌ နေထိုင်စဉ် အဆုတ်တွင် ဒဏ်ရာ အနာတရ ရခဲ့သဖြင့် ခွဲစိပ်ကုသရန် အတွက်ပင် အသက်အန္တရာယ် စိုးရိမ်နေရသူ ဖြစ်သည်ဟု သိရသည်။

သူက “ထောင်ထဲနေထိုင်မှု ပုံစံတွေက ကျနော့်ရောဂါကို ပိုပြီး ဆိုးဝါးလာစေတယ်။ ပိုပြီး ပြင်းထန်လာပါတယ်။ ကျနော့်အဆုတ် တခြမ်းလုံး မကောင်းတော့တဲ့ အနေအထား ဖြစ်သွားပါပြီ” ဟု ပြောသည်။

အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများအတွက် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်း၊ သန့်ရှင်းမှု မရှိသော အစားအစာများ၊ သောက်သုံးရေများ အစရှိသည့် အကျဉ်းသားများ ရပိုင်ခွင့် အခွင့်အရေး မရရှိခြင်းကြောင့် ခန္ဓာကိုယ် ချို့ယွင်းလာရသည်ဟု ယနေ့တွင် ပြန်လည် လွတ်မြောက်လာသူ ဒလမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုသိန်းနိုင်ဦးက ပြောသည်။

“ကျနော် အခု ကိုယ်တခြမ်း လေဖြတ်ထားတယ်။ ညာဘက် တခြမ်းလုံး လေဖြတ်ထားတဲ့အတွက် ဆေးဝါးကုသခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်များကို အမျိုးမျိုးအခါခါ တင်ပြပေမယ့်လည်း အာဏာပိုင်တွေ အနေနဲ့ ထိရောက်တဲ့ ဆေးဝါးကုသမှု ခံယူဖို့အတွက် အခွင့်မပေးခဲ့ပါဘူး။ ထောင်မှာ လုံလောက်တဲ့ ဆေးဝါးတွေ မရှိတာက တကြောင်း၊ ဒီ ဖြစ်တဲ့ရောဂါ ဝေဒနာအပေါ်မှာ တာဝန်ကျ ထောင်ဆရာဝန်တွေက စိတ်စေတနာ ပါပါနဲ့ မကုသတဲ့ အတွက်ကြောင့် ဆေးဝါးကုသမှုကို လုံလုံလောက်လောက် မခံစားခဲ့ရပါဘူး” ဟု သူက ပြောသည်။

ကိုသိန်းနိုင်ဦးသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထက် မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း လိုက်ပါလာသူများကို ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က ဒီပဲယင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့သည်ကို ကန့်ကွက် ရှုတ်ချသောအားဖြင့် အာဏာပိုင်များထံ အကြိမ်ကြိမ် စာပို့ခြင်းနှင့် ဆန္ဒပြရန်အတွက် ကြိုးပမ်း ကြံစည်ခြင်းတို့ကြောင့် ၂ဝဝ၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

ယနေ့တွင် ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများသည် ၂ဝဝ၃ နှင့် ၂ဝဝ၄ ခုနှစ်များအတွင်း အင်းစိန်ထောင်၌ အကျဉ်းချထား ခံခဲ့ရပြီး၊ သူတို့ကို လွှတ်ပေးရခြင်းနှင့် ပတ်သက်၍ ထောင်အာဏာပိုင်များက အကြောင်းပြချက် မပြောဘဲ နိုင်ငံရေး လှုပ်ရှားမှုများ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ခံကတိ လက်မှတ် ရေးထိုးခဲ့ကြရကြောင်း သိရသည်။ လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည့် အင်းစိန်ထောင် အဆောင် ၄၊ အခန်းနံပါတ် ၆ မှ ကိုကျော်ကျော် (တပ်ကြပ်ကြီးဟောင်း) ဆိုသူကို ပြန်လွှတ်မပေးဘဲ ထောင်ထဲသို့ ပြန်သွင်းခဲ့ကြောင်း သိရသည်။

ကိုထွန်းလင်းကျော်က “ကျနော့်အထင်ကတော့ ကျနော့် ကျန်းမာရေး အခြေအနေက အထဲမှာ ဆက်ကုသဖို့က အန္တရာယ် အရမ်းများတယ်။ ကုသရင်လည်း တခုခုဖြစ်မှာ ကြောက်တယ်လေ။ သူတို့လက်ထဲ ဆက်မထားချင်တော့ဘူး။ သူတို့လက်ထဲမှာ သေသွားမှာစိုးလို့ လွှတ်လိုက်တဲ့ သဘောလို့ ထင်ပါတယ်” ဟု ပြောသည်။



နအဖ ဖိအားကြောင့် ဒေါ်စု ကျေညာချက်ကို ဆန့်ကျင်ရဟု တိုင်းရင်းသားအဖွဲ့များပြော

မဇ္ဈိမသတင်းဌာန
Thursday, 15 November 2007 18:38 - မြန်မာစံတော်ချိန်

နအဖ ၏ ဖိအားပေးမှုကြောင့် ပြည်တွင်းရှိ အပစ်အခတ်ရပ် အဖွဲ့အချို့မှ ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်အပေါ် ထုတ်ဖော် ဆန့်ကျင်နေကြသည်ဟု တိုင်းရင်းသား အဖွဲ့များက ပြောဆိုကြသည်။

နအဖ စစ်အစိုးရ၏ အာဘော်ကို ထုတ်ပြန်ပေးနေသည့် မြန်မာ့အလင်း သတင်းစာတွင် ယမန်နေ့နှင့် ယနေ့တွင် ပြည်တွင်းအခြေစိုက် ငြိမ်းချမ်းရေး ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့နှင့် မြေပေါ်ပါတီ တခုသည် ယခုလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံ ဆွေးနွေးရေး သဘောထားကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထည့်သွင်း ကျေညာရခြင်းသည် စစ်အစိုးရမှ ဖိအားပေးခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါအဖွဲ့များ၏ သတင်းရပ်ကွက်က ပြောဆိုကြခြင်း ဖြစ်သည်။

အပစ်အခတ်ရပ် အဖွဲ့များနှင့် နီးစပ်သူတဦးက “ငြိမ်း (ငြိမ်းချမ်းရေး အဖွဲ့) တွေကတော့ လွန်ခဲ့တဲ့ တရက်နှစ်ရက်က စပြီးတော့ အဲဒီ ကျေညာချက် ထုတ်ပြန်ဖို့ ခြိမ်းခြောက် ဖိအားပေးခံရတာ သေချာတယ်။ ငြိမ်းအဖွဲ့တွေ အကုန်လုံးက နအဖ နဲ့ အပေးအယူ ရှိတယ်လေ။ ဥပမာ DKBA ဆိုရင် သူ့တို့မှာ ရှိတဲ့ ကားတွေ၊ အိမ်တွေ၊ ခြံတွေ ပိုင်ဆိုင်မှုတွေကို စိုးရိမ်တယ်လေ။ နောက် သူတို့က အင်အားရှိတာ မဟုတ်ဘူး။ ဒါကြောင့် ဖိအားပေးလာပြီ ဆိုလို့ရှိရင် မလုပ်ချင်ရင်လည်း ခေါင်းညိတ်လိုက်ရတာပေါ့” ဟု ပြောသည်။

သူက ဆက်ပြီး ပအိုဝ်း အသိုင်းအဝိုင်းကလည်း ထုတ်ပြန် ကျေညာချက်သည် သူတို့၏ သဘောထား မဟုတ်ကြောင်းနှင့် နအဖ မှ ဖိအားပေးပြီး ထုတ်ခိုင်းခြင်း ဖြစ်ကြောင်း ပြန်လည် ပြောပြသည်။

သူတို့က တိုင်းရင်းသားများကို ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်စားပြုမည် ဆိုသည့်အချက်ကို ဆန့်ကျင်လိုက်ခြင်း ဖြစ်ပြီး နအဖ ၏ မူဝါဒလမ်းစဉ် ၇ ရပ် (လမ်းပြမြေပုံ) ကို အလေးအနက် ထောက်ခံကြောင်း တညီတညွတ်တည်း ပြောဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က “တိုင်းရင်းသား လူမျိုးစုများ၏ အကျိုးစီးပွားနှင့် ဆန္ဒ သဘောထားများကို တတ်နိုင်သမျှ ကျယ်ပြန့်စွာ အစဉ်တစိုက် အလေးအနက် ထည့်သွင်းစဉ်းစားရန် ကျမတွင် တာဝန် ရှိပါသည်။ ဤရည်မှန်းချက် အောင်မြင် ပေါက်ရောက်စေရန် အတွက်၊ အပြုသဘောဆောင်သည့် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းအတိုင်း သွားရန် ကျမ ပိုင်းဖြတ်ထားပြီး ဖြစ်ပါသည်” ဟူ၍လည်း ကျေညာချက်တွင် ပြောဆိုထားခဲ့သည်။

နအဖ ၏ အမျိုးသား ညီလာခံတွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့သော မွန်ပြည်သစ် ပါတီမှ တာဝန်ရှိသူ တဦးကလည်း ဖိအားပေးမှုကြောင့် ယခုလို ကျေညာချက်များ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

မွန်ပြည်သစ်ပါတီမှ အရာရှိက “သူတို့ (နအဖ) က ရေးပြီးသား၊ စာစီပြီးသားကို လက်မှတ် ထိုးပေးပါဆိုပြီး သဘောတူညီချက်ရယူ လက်မှတ်ထိုးခိုင်းပြီး ထုတ်တာပဲ။ သူတို့ (တိုင်းရင်းသား ပါတီတွေ) ရေးတာမှ မဟုတ်ဘဲ။ ဖိအားပေးပြီး လုပ်တာပေါ့ဗျာ” ဟု ပြောသည်။

သူတို့ ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကျေညာချက်ကို ထောက်ခံပြီး လက်ရှိ နအဖ မှ ဆုပ်ကိုင်ထားသည့် မူဝါဒလမ်းစဉ် ၇ ခုသည် တွေ့ဆုံ ဆွေးနွေးရေးကို မည်သို့မျှ ဦးတည်လာမည် မဟုတ်ဟု သူက ဆက်ပြောသည်။

နအဖ သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်အပေါ် ဆန့်ကျင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့် အဖွဲ့များသည် ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ ဝ’ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) နှင့် ကယန်းအမျိုးသား ကာကွယ်ရေးတပ်တို့ ဖြစ်သည်။



တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည် ကျေညာချက်ကို ထောက်ခံ

မဇ္ဈိမသတင်းဌာန
Wednesday, 14 November 2007 19:27 - မြန်မာစံတော်ချိန်

ပြည်တွင်းပြည်ပရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါတီ အဖွဲ့အစည်းများက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံ ဆွေးနွေးပွဲတွင် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဆိုသည်ကို ကြိုဆို ထောက်ခံလိုက်ကြသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် နိုဝင်ဘာလ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်တွင် ပါရှိသည့် မြန်မာ့အကျပ်အတည်းမှ လွတ်မြောက်ရေး၊ တမျိုးသားလုံး အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွင် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဆိုသည်ကို မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပါတီ ၁၂ ခုမှ ယခုလ ၁ဝ ရက်နေ့တွင် စုပေါင်းထောက်ခံလိုက်သည်။

ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress - ZNC) ဥက္ကဌ ပူးကျင်ရှင်းထန်က ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ၏ တွေ့ဆုံဆွေးနွေးရေး နောက်ပိုင်းတွင် တိုင်းရင်းသားများနှင့်ပါ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာရန် မျှော်လင့်ထားကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ယခုလို ဖြစ်ပေါ်လာစေရန်အတွက် ဖန်တီးလိမ့်မည်ဟု ယုံကြည်ထားကြောင်း ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (MNDF) ၊ ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC) ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ၊ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ၊ ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် (KNCD) ၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ဂရက် (KNCD) ၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် (KSANLD) ၊ ကယန်း အမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့ (DOKNU) ၊ မရာပြည်သူ့ပါတီ (MPP) ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) နှင့် ရခိုင် ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု (APDF) တို့မှ ယခုလို စုပေါင်းကျေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကျေညာချက်တွင် နိုင်ငံတော်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရေးကို တိုင်းရင်းသားများ အနေဖြင့် အစဉ်တစိုက် အားပေးထောက်ခံကြောင်းနှင့် တိုင်းရင်းသားလူမျိုးများ အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ နိုင်ငံသားများ လူ့အခွင့်အရေး အပြည့်အဝ ခံစားနိုင်ရေးနှင့် တိုင်းရင်းသား လူမျိုးစုများ ညီညွတ်စွာ နေထိုင်နိုင်ရေးတို့အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကိုလည်း အစဉ်တစိုက် အားပေးထောက်ခံကြောင်း ရေးသား ဖော်ပြထားသည်။

ထိုင်းနိုင်ငံရောက် နိုင်ငံရေးပါတီများ၊ နှစ်နိုင်ငံနယ်စပ်တွင် လက်နက်ကိုင်နေသည့် လူမျိုးစု လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ထိုင်းအခြေစိုက် တိုင်းရင်းသား လူမျိုးများ ကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) (ENC) ကလည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ထောက်ခံသည့် ကျေညာချက်ကို ယခုလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သေးသည်။

ကောင်စီ ဥက္ကဌ စောဘသင်က “အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေက ၁၉၄၇ ခုနှစ်၊ သူမရဲ့ ဖခင်နဲ့ တိုင်းရင်းသားတွေ တည်ဆောက်ခဲ့တဲ့ ပင်လုံညီလာခံ သဘောတူညီမှု စိတ်ဓာတ်ကို အသစ်တဖန် မွေးဖွားပေးလိုက်တာပါပဲ” ဟု ENC ကျေညာချက်ထဲတွင် ပြောဆိုခဲ့သည်။

ENC အနေဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးသာလျှင် မြန်မာ့အရေးကို ပြေလည်စေရန် ဆောင်ရွက်ပေးမည့် တခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း ကျေညာချက်က ဆိုသည်။

ENC အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လျန်မှုန်းဆာခေါင်းက စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နအဖ စစ်အစိုးရကို နိုင်ငံတကာမှ ဆက်လက် ဖိအားပေးရန်လည်း ယခုလို တိုက်တွန်းလိုက်သည်။

“နအဖ အနေနဲ့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခွင့်၊ ဆွေးနွေးခွင့်တွေ ပေးတာက နိုင်ငံတကာက ဖိအားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ပေါ့။ တိုးတက်လာတယ်ပေါ့။ ဒါပေမဲ့ လက်တွေ့ လုပ်ဆောင်မှု တစုံတရာမှ မရှိသေးဘဲ တိုးတက် ပြောင်းလဲလာပြီလို့ ပြောလို့ မရသေးပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။



အိန္ဒိယမှာ မြန်မာဒုက္ခသည်အသစ် ပြန်လက်ခံတော့မည်

မဇ္ဈိမသတင်းဌာန
Wednesday, 14 November 2007 19:11 - မြန်မာစံတော်ချိန်

ဒုက္ခသည်သစ် လက်ခံမှုကို နှစ်လကြာ ရပ်ဆိုင်းထားရာမှ ရွှေဝါရောင် လှုပ်ရှားမှု နောက်ပိုင်း လုံခြုံရေးအရ စိုးရိမ်ဖွယ်ရှိသူများ အိန္ဒိယသို့ ထွက်ပြေးလာနိုင်သဖြင့် မြန်မာနိုင်ငံသားများကို နယူးဒေလီ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ကို မကြာခင် ပြန်ဖွင့်ပေးမည် ဖြစ်သည်။

ဘဏ္ဍာရေး အခက်အခဲကြောင့် ဒုက္ခသည်အသစ် လက်ခံခြင်းကို စက်တင်ဘာလလယ်မှ စတင်ကာ ရပ်ဆိုင်းခဲ့သော်လည်း ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် စစ်အာဏာပိုင်များမှ နောက်ဆက်တွဲ လိုက်လံ ဖမ်းဆီးမှုများကြောင့် နေရပ်ရင်းမှ လုံခြုံရေး အန္တရာယ်အရ ထွက်ပြေး တိမ်းရှောင်လာသူ မြန်မာနိုင်ငံသားများကို ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ကို ပြန်လည် ဖွင့်လှစ်မည့်အကြောင်း UNHCR ရုံးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“၂ လအတွင်း အဖြေထွက်စေရမယ်ဆိုတာ အခု နောက် ၂ လဆိုတာကို ပြောတာမဟုတ်ဘူး။ အဲဒီနေ့ (စတင်ပိတ်ခဲ့သည့် စက်တင်ဘာလလယ်) ကနေပြီးတော့ ၂ လအထိပါ။ ပြည့်ဖို့ နည်းနည်းပဲ လိုတော့တာပါ။ ဒီလကုန်ပိုင်းမှာ အဖြေထွက်စေရမယ်။ ပြန်ဖွင့်ဖို့ လုပ်နေပါပြီ” ဟု ဒုက္ခသည်ရုံး ထိပ်တန်းအရာရှိ မစ္စလိုရင် က ပြောသည်။

မြန်မာဒုက္ခသည် ပြန်လည် လျှောက်ထား ခွင့်ပြုခြင်းနှင့် ပတ်သက်၍ UNHCR ရုံးမှ အထက်တန်း အရာရှိများနှင့် မြန်မာဒုက္ခသည်များ၏ နိုဝင်ဘာလ ၁၃ ရက်နေ့က နယူးဒေလီမြို့ ဘီကပ်စ်ပူရီ ရပ်ကွက်တွင် တွေ့ဆုံဆွေးနွေးသည့် အခမ်းအနား၌ သူက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အခြားနိုင်ငံများမှ ထွက်ပြေး ခိုလှုံလာသူများကို ဆက်လက် ပိတ်ပင်ထားသော်လည်း မြန်မာနိုင်ငံ တနိုင်ငံထဲကိုသာ လက်ခံသွားမည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် နယူးဒေလီ၌ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် လျှောက်ထားခွင့် ပြုထားစဉ်က ချင်းတိုင်းရင်းသား အများစု ပါဝင်သည့် မြန်မာနိုင်ငံသား ၂ဝ၃ ဦး လျှောက်လွှာတင်ပြီး ဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည့် UNHCR ၏ အရေးပေါ် ကျေညာချက်တွင် ဖော်ပြထားသည်။

နယူးဒေလီအခြေစိုက် ချင်းဒုက္ခသည် ကော်မတီ (Chin Refugee Committee - CRC) ၏ အဆိုအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူ မိသားစုပေါင်း ၇ဝ ကျော်သည် ကော်မတီသို့ လာရောက် စာရင်း ပေးသွင်းထားကြောင်း သိရသည်။ ဒုက္ခသည် အသိုင်းအဝိုင်းကမူ နယူးဒေလီတွင် လျှောက်လွှာတင်ခွင့် ရရေးကို စောင့်မျှော်နေသည့် မြန်မာပြည်သား ကလေးနှင့် လူကြီး ရာနှင့်ချီ ရှိသည်ဟု ဆိုသည်။

ဒုက္ခသည်ရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ဒုက္ခသည်အဖြစ် လျှောက်ထားရာတွင် ကြန့်ကြာတတ်ပုံများနှင့် ဝင်ငွေမရှိသဖြင့် ရပ်တည်ရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒုက္ခသည်များဘက်က ပြောဆို တင်ပြခဲ့သည်ဟု သိရသည်။

၂ လကြာမျှ ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ကို ရပ်ဆိုင်းထားရာမှ ယခုလို ပြန်ဖွင့်ပေးလိုက်သဖြင့် နယူးဒေလီတွင် ရောက်ရှိနေသည့် ဒုက္ခသည်လက်မှတ် လျှောက်ထားသူတဦးက “ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတာ မြန်မြန်ခံရတော့ လုံခြုံမှု နားခိုရာတခု ရပါတယ်။ ပြန်ဖို့နေရာ မရှိတဲ့ လူတယောက်အဖို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရတာ ဝမ်းသာစရာပါပဲ။ ရေနစ်သူ တယောက်အတွက် ကောက်ရိုးတမျှင်ဟာလည်း အားကိုးစရာပါပဲ” ဟု ပြောသည်။

နယူးဒေလီတွင် ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူ မြန်မာပြည်သား ၁၈ဝဝ ခန့် ရှိသည်ဟု CRC အတွင်းရေးမှူး Jerimiah က ပြောသည်။



မီဒီယာကို သတင်းပေးသဖြင့် ဇီးကုန်း အန်အယ်ဒီ ဥက္ကဌ ခြိမ်းခြောက်ခံရ

ကိုဒီး
Wednesday, 14 November 2007 17:52 - မြန်မာစံတော်ချိန်

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် စည်ပင်သာယာ ဈေးတဝိုက်တွင် နအဖ သတင်းစာများ စုတ်ဖြဲလွှင့်ပစ်သည့် လှုပ်ရှားမှု သတင်းကို ပြည်ပ မီဒီယာများနှင့် ဆက်သွယ် ပြောကြားသည်ဟုဆိုကာ ဇီးကုန်းမြို့နယ် အန်အယ်ဒီ ဥက္ကဌ ဒေါ်ခင်ဝိုင်းကို ဒေသအာဏာပိုင်များက ခြိမ်းခြောက်ခဲ့သည်။

ရန်ကုန်မြို့တွင် သတင်းစာ ဆုတ်ဖြဲပြီး လမ်းမပေါ် လွှင့်ပစ်သည့် လှုပ်ရှားမှု ဖြစ်ပေါ်နေစဉ် ယခုလ ၉ ရက်နေ့က ဇီးကုန်းမြို့တွင်လည်း အလားတူ လှုပ်ရှားမှု ဖြစ်ပွားခဲ့ရာ ပြည်ပ မီဒီယာများကို ထုတ်ဖော် ပြောကြားခဲ့သဖြင့် ဒေါ်ခင်ဝိုင်းကို ၁၁ ရက်နေ့ နံနက်ပိုင်းက မယကရုံးသို့ ခေါ်ဆောင်ကာ တရားသူကြီး၊ ဥပဒေ အကြံပေး၊ ရပ်ကွက်လူကြီးများ၊ သမဝါယမ ဦးစီး၊ ပညာရေးမှူး၊ မြို့မိမြို့ဖများနှင့် မယက ဥက္ကဌ အစရှိသည့် အာဏာပိုင် ၁၁ ဦးက ထပ်မံ၍ မလုပ်ဆောင်ရန် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

“မယကဥက္ကဌ ဦးညွှန့်စိုးဆိုရင် တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်တာတဲ့။ ဒါက ဒေါ်ခင်ဝိုင်း လုပ်တာလား။ ဒေါ်ခင်ဝိုင်းက မီဒီယာတွေမှာ သတင်းပေးတာက ရပ်ရွာဆူပူအောင် လုပ်တာပဲလို့ ပြောတယ်။ ဆက်ပြောမယ်ဆိုရင် သူ့ကို အာမခံပေးထားတဲ့ လူ ၂ ယောက်က ငွေ ၁ဝ သိန်း ဒဏ်ငွေ ပေးဆောင်ရမယ်တဲ့။ နောက်ပြီး ပုဒ်မ ၁၇၁ အရ အရေးယူပြီး ပြစ်ဒဏ်ချမယ်တဲ့။ သူက တော်တော် စိတ်ဆိုးပြီးတော့ ရုပ်ပျက်ဆင်းပျက် ပြောတယ်တဲ့” ဟု ဒေါ်ခင်ဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ဇီးကုန်းမြို့နယ် အန်အယ်ဒီ ဥက္ကဌ ဒေါ်ခင်ဝိုင်းသည် မြန်မာပြည်တဝှမ်း ရွှေဝါရောင် လှုပ်ရှားမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၂၈ ရက်နေ့က အဖွဲ့ချုပ်ဝင် အချို့နှင့်အတူ တလတာမျှ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

ပြည်ပရှိ မြန်မာ သတင်းမီဒီယာများထံ ပွင့်လင်းစွာ ပြောကြားခဲ့သူ ဒေါ်ခင်ဝိုင်းသည် ယခုနှစ် ဇွန်လ ၁၃ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားတွင် ဆုတောင်းပြီးအပြန် ဒေသခံ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များဟု ယူဆရသူများ၏ လောက်လေးခွဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။

သည့်အပြင် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက် တရားအားထုတ်ရာ အာဏာပိုင်များက အကြိမ်ကြိမ် ဖိအားပေးခဲ့သဖြင့် ၂ ရက်ခန့်သာ သီလရှင်ဖြစ်ခဲ့ပြီး လူဝတ်လဲခဲ့ရသေးသည် ဟုလည်း သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates