Tuesday, October 30, 2007

ဟာသဝိဇ္ဇာ ဇာဂနာ ခေါ်ယူစစ်ဆေးခံရ

မဇ္ဈိမသတင်းဌာန
Tuesday, 30 October 2007 15:07 - မြန်မာစံတော်ချိန်

အာဏာပိုင်များ၏ လုပ်ရပ်များအပေါ် ဟာသဉာဏ်ဖြင့် ထောက်ပြ ပြောဆိုလေ့ ရှိသူ နာမည်ကျော် ဟာသဝိဇ္ဇာ ဇာဂနာ ခေါ် ကိုသူရ ကို အထူးရဲတပ်ဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် ခေါ်ဆောင်သွားကာ ယနေ့ နံနက်ပိုင်းတွင် ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ရွှေဝါရောင် သံဃာလူထု လှုပ်ရှားမှုအတွင်း ဆန္ဒပြ သံဃာတော်များကို ဇာဂနာနှင့် စာပေ၊ ရုပ်ရှင် အနုပညာရှင်များက ဆွမ်းရေချမ်း ကပ်လှူသဖြင့် အင်းစိန် ထောင်ထဲတွင် ရက်ပေါင်း ၂ဝ ကျော် အထိန်းသိမ်း ခံခဲ့ရပြီး ယခုတဖန် အာဏာပိုင်များက နေအိမ်မှ တညတာ ခေါ်ဆောင်သွားကာ မေးမြန်းပြီးနောက် ပြန်ပို့ပေးလိုက်ခြင်း ဖြစ်သည်။

“ဦးသူရက အဖမ်းခံရတာ မဟုတ်ပါဘူး။ သူတို့ မေးစရာ ရှိတာလေးတွေ မေးပြီးတော့မှပဲ အိမ်ပြန် ရောက်လာတာမို့ ဒါက သတင်းလည်း မဟုတ်ပါဘူး။ ပြန်ရောက်တာတော့ ပြန်ရောက်နေပါပြီ။ ဘယ်နှစ်နာရီက ပြန်ရောက်တယ်ဆိုတာ ကျမတို့ မပြောနိုင်ပါဘူး။ သူ အခု အေးအေးဆေးဆေး အနားယူနေပါတယ်” ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

ယမန်နေ့ ညနေက ခေါ်ဆောင်သွားပုံနှင့် ပတ်သက်ပြီး ဇာဂနာနှင့် နီးစပ်သူ တဦးက “မနေ့က ညနေပိုင်း ၅ နာရီလောက်က ပါသွားတာ။ ခဏလေး မေးစရာ ရှိတယ်၊ ညနေ ပြန်ပို့ပေးမယ် ဆိုပြီး ခေါ်သွားတာ။ သူ ဘာမှကို ယူမသွားဘူးတဲ့။ ဘယ်ကို ခေါ်သွားတာလဲတော့ မသိဘူး” ဟု ပြောသည်။

အထိန်းသိမ်းခံ ဘဝမှ ပြန်လည် လွတ်မြောက်လာချိန် ရဟန်း သံဃာတော်များကို တွေ့ဆုံဖူးမျှော်ကာ ဆွမ်းကပ်ခြင်းများ ပြုလုပ်နေခဲ့သဖြင့် ယခုလို ထပ်မံ၍ ခေါ်ယူ စစ်ဆေးခံရခြင်း ဖြစ်နိုင်သည်ဟု နီးစပ်သူများက ပြောသည်။

“သူ ထွက်လာတော့ သိပ်ပြီးတော့ ဘာမှ မပြောပါနဲ့လို့ ... ထောင်ထဲမှာ ဘယ်သူ့ တွေ့ခဲ့တယ်၊ ဘယ်ဝါ တွေ့ခဲ့တယ်၊ ဘုန်းကြီးတွေ ခေါင်းပေါက်တယ်၊ ထိပ်ပေါက်တယ် မပြောပါနဲ့လို့ ပြောတော့ ... သူ့မှာ တာဝန် ရှိပါတယ်တဲ့။ ဇာဂနာတဲ့ ... အမှန်အတိုင်း ပြောရမယ်တဲ့” ဟု ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောကြားခဲ့သည်။

ယမန်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ ဇာဂနာကို မည်သည့်နေရာတွင် ခေါ်ဆောင်ခဲ့ကြောင်းနှင့် မည်ကဲ့သို့ စစ်ဆေး မေးမြန်းခဲ့ကြောင်းကိုမူ မသိရသေးပါ။

ကိုသူရ (ခေါ်) ဇာဂနာ ကို ယခင်အကြိမ်က အင်းစိန် အကျဉ်းထောင် စစ်ခွေး တိုက်ထဲတွင် တိုက်ပိတ်ထားခဲ့သည်။

သို့သော ပြန်လည် လွတ်မြောက်လာသော အခါတွင် သူ၏ နိုင်ငံရေး ဝေဖန်ချက်ကတော့ ပြည်ပ မီဒီယာများတွင် ပြန်လည် ကြားရမြဲသာ ဖြစ်သည်။

“သတင်းစာတို့၊ တီဗီတို့ ဆိုတာ ကျနော်တို့ ပြည်သူပြည်သား အတွက် ထုတ်တာ မဟုတ်ဘူး။ စစ်တပ်အတွက် ထုတ်တာဗျ။ ဘယ်သူမှ စိတ်မဝင်စားဘူး။ ပြည်သူလူထုက ၁ဝဝ မှာ ၁ဝဝ လုံး မယုံဘူး” ဟု ယခင်တကြိမ် ဖမ်းဆီးမှုမှ ပြန်လည် လွတ်မြောက်လာချိန် အတွင်း မဇ္ဈိမကို ပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ်မှ စတင် ရေတွက်လျှင် ရုပ်ရှင် ဒါရိုက်တာလည်း ဖြစ်သည့် ကိုဇာဂနာသည် ယခုအကြိမ်နှင့် ဆိုလျှင် ၄ ကြိမ်မြောက် အဖမ်းခံရခြင်း ဖြစ်သည်။ ၂ဝဝ၆ ခုနှစ် မေလမှစကာ သရုပ်ဆောင် ဖျော်ဖြေခွင့်နှင့် ဒါရိုက်တာ လုပ်ခွင့်တို့ ပိတ်ပင် ခံထားရသည်။

အလားတူပင် အခြားသော နာမည်ကျော် လူရွှင်တော်တဦး ဖြစ်သည့် မန္တလေးမှ ပါပါလေး (အသက် ၆ဝ နှစ်) သည် စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းက အဖမ်းခံထားရသည်။



တိုင်ဝမ်က မြန်မာ့အရေး ဆောင်ရွက်မည်

မဇ္ဈိမသတင်းဌာန
Monday, 29 October 2007 22:45 - မြန်မာစံတော်ချိန်

ဒီမိုကရေစီ ရရှိရေးအတွက် မြန်မာပြည်သူများကို ထောက်ပံ့ ကူညီရန်အတွက် တိုင်ဝမ်က အထူး လုပ်ငန်းအဖွဲ့ ထူထောင်သွားမည်ဟု ထိုင်းနိုင်ငံရှိ ကိုယ်စားလှယ်ရုံးမှ ပြောဆိုလိုက်ကြောင်း တိုင်ပေတိုင်းမ် သတင်းစာ အဆိုအရ သိရသည်။

အထူးလုပ်ငန်း အဖွဲ့၏ အဓိက အလုပ်သည် မြန်မာ့နိုင်ငံရေး အခြေအနေကို လေ့လာသွားရန် ဖြစ်သည်ဟု တိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကျေညာချက်တွင် ပြောထားသည်။

မြန်မာ့ ဒီမိုကရေစီရေးနှင့် လွတ်မြောက်ရေးကို အကာအကွယ် ပေးရန်အတွက် အပြုသဘောဆန်သည့် ဆုံးဖြတ်ချက် ရရှိခဲ့သည်ဟု ဒုဥက္ကဌဖြစ်သူ Annette Lu က ပြောသည်။

အထူးလုပ်ငန်း အဖွဲ့သည် ဒေသတွင်း တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ကြီးပွား ချမ်းသာရေးကို တတ်စွမ်းသ၍ မြှင့်တင်သွားရန် အတွက်လည်း ဆက်စပ် လုပ်ဆောင်သွားမည်ဟု ကျေညာချက်က ဆိုသည်။

“တိုင်ဝမ်က မြန်မာကို ဒေသ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ နိုင်ငံအဖြစ် ရှုမြင်ပါတယ်။ မတည်ငြိမ်ရင် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှု ပိုဖြစ်လာမှာကို စိုးရိမ်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေသတွင်း စီးပွားရေးဟာ ပိုမိုနီးကပ်တဲ့ ပူးပေါင်း ဆက်ဆံရေးမျိုး ဖြစ်လာလို့” ဟု တရုတ် အစိုးရနှင့် ထိတွေ့မှု ရှိသူဟု လူသိများသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်တဦး ဖြစ်သူ ဦးညိုအုန်းမြင့်က ပြောသည်။

အဖမ်းဆီးခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ဟောင်း တဦးဖြစ်သူ ဦးညိုအုန်းမြင့်က တိုင်ဝမ် အစိုးရမှ မြန်မာ့အရေး ထောက်ခံလာရန် အတွက် မကြာသေးခင်က တိုင်ဝမ်သို့ သွားရောက် ကြိုးပမ်းခဲ့သည်။

“တနိုင်ငံထဲ မူဝါဒကို ကိုင်စွဲထားတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံပေါ် ထားရှိတဲ့ တိုင်ဝမ် သဘောထားကိုတော့ နှစ်သက်ဖွယ် မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံရေး အစီအစဉ် တခုနဲ့ တိုင်ဝမ်ကို ကျနော်တို့က ချဉ်းကပ် နေလင့်ကစား တရုတ်ရဲ့ တနိုင်ငံထဲ မူဝါဒကို မဆန့်ကျင်ပါဘူး” ဟု သူက ဆက်ပြောသည်။

တိုင်ဝမ်သည် မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး မရှိလင့်ကစား မြန်မာပြည်မှ ကျောက်စိမ်းနှင့် လ္ဘက်ခြောက်ကို တင်သွင်းနေသည်။



အမေရိကန်ရောက် မြန်မာများက ဆန်ရှင်ကို မေးခွန်းထုတ်

မဇ္ဈိမသတင်းဌာန
Tuesday, 30 October 2007 15:03 - မြန်မာစံတော်ချိန်

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများကို အမေရိကန် နိုင်ငံက ဗီဇာ ပိတ်ပင် ထားသော်လည်း သူတို့၏ မိသားစုဝင်များနှင့် ရင်းနှီးသော အပေါင်းအပါများ အမေရိကန် ဝင်ခွင့်ဗီဇာ ရရှိနေသည့်အပေါ် စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် အမေရိကန် ရောက် မြန်မာများက စာရေးသား တိုက်တွန်းလိုက်သည်။

စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ အပါအဝင် နအဖ စစ်ဗိုလ်ချုပ်များက အမေရိကန် နိုင်ငံသို့ ဝင်ခွင့်ရ၍ ရောက်ရှိနေပြီး၊ ငွေကြေးကိစ္စ လုပ်ငန်းများကို လုပ်ဆောင် နေကြသည်ဟု အမေရိကန် နိုင်ငံသား မြန်မာအဖွဲ့က ရေးသားထားသော စာကို ရန်ကုန်ရှိ အမေရိကန် သံရုံးကို ပေးပို့ထားပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကိုလည်း မိတ္တူ ပေးပို့ထားဟု သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် စာရေးသား ပေးပို့ခဲ့ခြင်း ဖြစ်ပြီး နအဖ စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ အပေါင်းအပါတို့က အမေရိကန် နိုင်ငံတွင် နေထိုင်နေကြပြီး၊ ဘဏ်စာရင်းများမှတဆင့် စီးပွားရေး လုပ်ငန်းများအတွက် ဗိုလ်ချုပ်ကြီးများကို ငွေအလွှဲအပြောင်း ပြုလုပ်ရန် ကူညီနေကြသည်ဟု မြန်မာအဖွဲ့က ရေးသားထားသည်။ အမေရိကန်က ဗိုလ်ချုပ်ကြီးများကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားသော်လည်း စစ်ဗိုလ်ချုပ် အချို့က သွားလာခွင့် ရရှိနေကြသည်ဟု စာထဲ၌ ပါရှိသည်။

“ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကနေ သူတို့တွေ ဗီဇာ ရရှိကြတယ်လို့ သတင်းရတယ်” ဟု မြန်မာအဖွဲ့က စာထဲတွင် ရေးသားထားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် အမေရိကန် သမတ ဂျော့ဒဗလျူဘုရှ်က မြန်မာစစ်ဗိုလ်ချုပ် ၁၁ ဦးကို ထပ်တိုးပြီး ဗီဇာ ပိတ်ပင်ထားရန် ကျေညာခဲ့သည်။ အမေရိကန်နိုင်ငံက ဒဏ်ခတ် ပိတ်ဆို့မှုကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး၊ ၂ဝဝ၃ ခုနှစ်တွင် သမတ ဘုရှ်လက်ထက်မှ စ၍ စစ်ဗိုလ်ချုပ်ကြီးများနှင့် သူတို့နှင့် ဆက်စပ်သော အပေါင်းအပါများကို ဘဏ်စာရင်း ပိတ်ပင်မှုနှင့် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှုကို ပိုမို တင်းကြပ်စွာ လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံကို စီးပွား ဒဏ်ခတ်ပိတ်ဆို့သည့် အမေရိကန်၏ မူဝါဒကို မေးမြန်းထားပြီး၊ ဤသို့သော လုပ်ရပ်က “အမေရိကန် အစိုးရ၏ မူဝါဒကို မခန့်လေးစားပြုရာ ရောက်သည်” ဟု သူတို့က ဆိုသည်။

“မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားတဲ့ အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုက အဓိက အနေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေကိုပဲ အနည်းငယ် သက်ရောက်မှု ရှိတယ်။ သူတို့က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ထိန်းချုပ်နိုင်တယ်” ဟု စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ သားဖြစ်သူ ထက်တေဇ ထံမှလာသော အီးမေးလ် သတင်းအရ သိရှိရသည်ဟု ဖော်ပြထားသည်။

ယင်းအီးမေးလ် သတင်းသည် ထက်တေဇထံမှ လာသော သတင်းဟုတ်၊ မဟုတ် အသေအချာ သက်သေ အထောက်အထား မသိရှိရပေ။ အီးမေးလ်ထဲတွင် ထက်တေဇက “အမေရိကန်က ကျနော်တို့ ပိတ်ပင်ထားတာလား? ကျနော်တို့က စင်္ကာပူမှာ အေးအေးဆေးဆေးပါပဲ။ ကျနော်တို့က တနိုင်ငံလုံးရဲ့ ပြည်တွင်း ထုတ်ကုန်မှု အပေါ်မှာ ထိုင်စားနေတာ။ ကျနော်တို့ဆီမှာ ကျွန်းသစ် ရှိတယ်၊ ကျောက်မျက်ရတနာ ရှိတယ်၊ သဘာဝ ဓာတ်ငွေ့တွေ ရှိတယ်။ အဲဒါတွေကို စင်္ကာပူ၊ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေကို ရောင်းတယ်” ဟု ရေးသားထားသည်။

သို့သော်လည်း နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညာလက်ရုံးဖြစ်သူ သူဌေးကြီး ဦးတေဇက အမေရိကန်နှင့် ဥရောပသမဂ္ဂ (အီးယူ) ၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကြောင့် စင်္ကာပူကို ပြေးဆွဲနေသော သူ ပိုင်ဆိုင်သည့် အဲယားပုဂံ လေကြောင်း ခရီးစဉ်ကို ရပ်နား လိုက်ရတော့မည် ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates