Monday, October 29, 2007

ရွှေဝါရောင်တိုက်ပွဲတွင် ပါဝင်သူ ရခိုင် သံဃာတော်နှစ်ပါး ဘင်္ဂလားဒေ့ရှ်ရောက်

အင်တာဗျူး
မဇ္ဈိမသတင်းဌာန
Monday, 29 October 2007 21:28 - မြန်မာစံတော်ချိန်

ရွှေဝါရောင် တော်လှန်ရေးအတွင်း ပါဝင် လှုပ်ရှားခဲ့သူ ရခိုင်သံဃာတော် နှစ်ပါးသည် စစ်အာဏာပိုင်များ၏ လိုက်လံ ဖမ်းဆီးခြင်းမှ လွတ်ကင်းစေရန်အတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ ခက်ခဲစွာ ထွက်ပြေးခဲ့ပြီးနောက် ယနေ့တွင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်နိုင်ခဲ့သည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရတနာလမ်းမှနေ၍ ရာဇဂြိုလ် စာသင်တိုက်တွင် အလိုတော်ပြည့် ဓမ္မစာရိယ တက္ကသိုလ်၌ ပညာသင်ကြားနေရင်း ရန်ကုန်မှ ရွှေဝါရောင်ဆန္ဒပြပွဲတွင် ၅ ရက်တိုင် ပါဝင်ခဲ့သည့် ဦးအိန္ဒ ပညာ (သက်တော် ၂၆ နှစ်) နှင့် ဦးမာဂိန္ဒ (သက်တော် ၂၁ နှစ်) တို့အနက် ဦးအိန္ဒပညာကို ဆက်သွယ် မေးမြန်းထား သည်များကို တင်ပြလိုက်ပါသည်။

မေး။ ။ဦးဇင်းတို့ ဘယ်နေ့တုန်းက ထွက်ခဲ့တာလဲဘုရား။

ဖြေ။ ။အောက်တိုဘာလ ၁၁ ရက်နေ့က ရန်ကုန်က ထွက်လာတာ။ လမ်းမှာ နည်းနည်းတော့ ဦးဇင်းတို့ကို စစ်တာ ပေါ့။ ဒါပေမဲ့ လျောလျောရှူရှူတော့ ရောက်ပါတယ်။

မေး။ ။လမ်းမှာ ဘယ်လို လာခဲ့ရပါသလဲ။

ဖြေ။ ။ရန်ကုန်ကနေပြီးတော့ ရဲအောင်လံ ကားကို စီးပြီးတော့ တောင်ကုတ်ကနေ ဒကာတဦးရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ခ်ျကို သွားမဲ့ဘုတ်ကို မှောင်ခိုနဲ့ လာခဲ့ရတာပါ။

မေး။ ။လမ်းမှာ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့လဲ။

ဖြေ။ ။တောင်ကုတ်မှာတော့ စစ်တယ်။ လမ်းမှာလည်း တည်းမယ့် ဘုန်းကြီးကျောင်း မရှိဘူး။ သိပ်ချောင်ချောင်ချိချိ မရှိတော့ တည်းခို ရိပ်သာမှာ အိပ်ရတာပေါ့။ ရဲသားတွေက ၃ ခါတောင် လာစစ်တယ်။ ဘာမှတော့ မဖြစ်ခဲ့ပါဘူး။ အခက်အခဲ တွေ့တာကတော့ ထုံးစံတိုင်းပေါ့။ ဟိုတုန်းကတော့လို သိပ်မချောင်တော့ဘူးပေါ့။ ဆန္ဒပြတာတွေ ကြားထား တဲ့ အခါကျတော့ သိပ် မလွတ်လပ်တော့ဘူးလေ။

မေး။ ။ရန်ကုန်မှာ ဆန္ဒပြပွဲမှာ ဦးဇင်းတို့က ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်ခဲ့တာလဲဘုရား။

ဖြေ။ ။စက်တင်လာလ ၁၉ ရက်နေ့က စပြီးတော့ ဥပုသ်နေ့ပေါ့နော် စပါဝင်ခဲ့တာ။ ၂၆ ရက်နေ့ထိ ပါဝင်ခဲ့တာပေါ့။

မေး။ ။ဆန္ဒပြပွဲမှာ ဦးဆောင်ပြီး ပါဝင်ခဲ့တာလား။

ဖြေ။ ။ဦးဆောင်ပြီးတော့ ပါဝင်ခဲ့တာတော့ မဟုတ်ပါဘူး။ နေ့တိုင်းလိုလိုတော့ ပါဝင်ခဲ့တယ်။

မေး။ ။ဦးဇင်းတို့ ကျောင်းကို အာဏာပိုင်တွေက လာဖမ်းတာလား။

ဖြေ။ ။လာဖမ်းမယ်လို့တော့ ကြားနေတာ။ လာလည်း လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကလည်း ကြည့်နေတာပေါ့။ စစ်ကားတွေနဲ့ လာဖမ်းတဲ့ အခါကျတော့ ဦးဇင်းတို့က ထွက်ပြေး နေတာပေါ့။

မေး။ ။ပြည်တွင်းက ဆန္ဒပြပွဲတွေ အပေါ်မှာ ဦးဇင်းတို့ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ပြည်တွင်းက ဆန္ဒပြတာတွေကတော့ ထူးခြားမှုတော့ ရှိမှာပါ။ လူတွေလည်း တော်တော်လေး နစ်နာခဲ့ကြ တာပေါ့။ ပြည်တွင်းမှာလည်း ရန်ကုန်မြို့မှာဆို ဘုန်းကြီးတွေ တော်တော်များများ မရှိကြတော့ဘူးလေ။ ဘုန်းကြီးတို့ ကျောင်းက သံဃာအပါး ၈ဝ ကျော်ဆိုရင် အခု မရှိသလောက် ဖြစ်ကုန်ပြီ၊ တပါးမှ ရှိကြတော့မှာ မဟုတ်ပါဘူး။ ဒုက္ခတွေနဲ့ ရင်ဆိုင်ပြီးတော့ စတေးရလိုက်တယ် ဆိုပါတော့။ ငြိမ်းချမ်းလာမယ်လို့ ယုံကြည် မိပါတယ်။

မေး။ ။ဦးဇင်းတို့ အခု ဘယ်လို ဆက်လုပ်မယ်လို့ စဉ်းစားထားလဲ ဘုရား။

ဖြေ။ ။ဦးဇင်းတို့ကတော့ ပြည်တွင်းမှာ နေရတာ သိပ်လည်း အဆင်မပြေဘူး။ နအဖ စစ်အစိုးရကိုလည်း မုန်းတီး ရွံ့ရှာနေတဲ့ အခါကျတော့၊ ဒီကို ထွက်လာလိုက်တဲ့ အခါကျတော့ ကူညီမဲ့ လူတွေလည်း ရှိကြတယ်။ လောလောဆယ် တော့ ဘာတွေ လုပ်ရမယ် ဆိုတာတော့ မစဉ်းစားမိသေးပါဘူး။

မေး။ ။မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဦးဇင်း အနေနဲ့ ဘာများ ပြောချင်ပါသလဲရှင်။

ဖြေ။ ။အစိုးရဆိုတာ ပြည်သူကိုချစ်တဲ့ အစိုးရ ဖြစ်သင့်တာပေါ့။ ချစ်ဖို့ ဆိုတာကလည်း ပြည်သူ အားကိုးလောက်တဲ့ အစိုးရ ဖြစ်သင့်တာပေါ့။ အားကိုးလောက်တဲ့ အရည်အချင်း မရှိရင်တော့ ပြည်သူလူထုတွေက ဆက်လက် တော်လှန်နေ မှာပါပဲ။ နှောင့်ယှက် နေမှာပဲ။ ဦးဇင်းတို့လည်း ဆွမ်း လုံလုံလောက်လောက် မရတော့ ဒကာ၊ ဒကာမတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ဒီဒုက္ခတွေကို ဦးဇင်းတို့က မခံနိုင်တော့လို့ အခုလို သပိတ်မှောက်တာပါ။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ သံဃာတော်တွေကို ပြောချင်တာကတော့ နအဖ စစ်အစိုးရကို ဆက်လက်ပြီး သပိတ် မှောက်ကြပါ။ အလေးအနက် လုပ်မယ်ဆိုရင် ပဓါန စာမေးပွဲတွေကို သံဃာတော်တွေ မဖြေကြဖို့ ပြောချင်တယ်။ ဒါဟာ စစ်အစိုးရကို သပိတ်မှောက်ရာ ရောက်မယ်လို့ ပြောချင်ပါတယ်။

2 Arakan Monks(စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး အပြီး ဘင်္ဂလားဒေ့ရှ်သို့ သံဃာ အပါး ၃ဝ ရောက်ရှိလာပြီး ဖြစ်ပါသည်။ ပထမ ၄ ပါး၊ ဒုတိယ ၁၁ ပါး၊ တတိယ ၁၂ ပါးနှင့် စတုတ္ထ ၁ ပါး ပေါင်း ၂၈ ပါး ပြန်ရောက်ခဲ့သော်လည်း ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ မဟုတ်ပါ။ မြန်မာနိုင်ငံတွင် သွားရောက်၍ ပညာသင်နေသည့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား သံဃာတော်များ ဖြစ်ပါသည်။ စစ်အာဏာပိုင်များမှ ရခိုင်ပြည်နယ် အတွင်း ဒေသ အသီးသီးမှ ပြန်လည် ပို့ဆောင် လိုက်သဖြင့် နေရပ်ရင်းသို့ ပြန်လည် ကြွချီလာကြခြင်း ဖြစ်ပါသည်။ ယခု ရောက်ရှိလာသည့် ရဟန်းပျို သံဃာနှစ်ပါး သည် ရန်ကုန် လှုပ်ရှားမှု အတွင်း ပါဝင်ခဲ့ပြီးနောက် ဖမ်းဆီးမခံရရန် ထွက်ပြေး ခိုလှုံလာခြင်း ဖြစ်သည်။ ယခု သံဃာတော်များကို ကော့စ်ဘာဇာ အခြေစိုက် မြန်မာ အတိုက်အခံ အင်အားစု (ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ) Opposition Force of Burma (Bangladesh) မှ တာဝန်ယူ စောင့်ရှောက် ကူညီထားကြောင်း သိရသည်။)


တိုင်းရင်းသား ခေါင်းဆောင်များ ထောင်ဝင်စာ တွေ့ခွင့်မရ

မဇ္ဈိမသတင်းဌာန
Monday, 29 October 2007 17:38 - မြန်မာစံတော်ချိန်

လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင် ဦးပူကျင့်ရှင်းထန်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) အဖွဲ့ဝင် ဦးထောင်ကိုထန်းများကို မိသားစု ထောင်ဝင်စာ တွေ့ခွင့်မပြုဘဲ ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ချုပ်နှောင် ခံထားရသူ ဦးပူကျင့်ရှင်းထန်နှင့် ဦးထောင်ကိုထန်းကို မိသားစု ဝင်များက ဆေးဝါးနှင့် အဝတ်အစားများ ပေးရန်အတွက် ယခုလ ၂၂ ရက်နေ့က အင်းစိန်ထောင်သို့ သွားရောက်ရာတွင် ထောင်ဝင်စာ တွေ့ခွင့်မပြုဘဲ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

“အင်းစိန်ထောင်က ထွက်လာတဲ့ လူတယောက်ကို အန်တီတို့ သွားတွေ့တယ်။ အန်ကယ်တို့ ကျမ်းမာရေး မကောင်း ဘူးလို့ သူက ပြောတယ်။ အခုတော့ ဘယ်မှာထားတယ် ဆိုတာလည်း မသိတော့ဘူး၊ ပိန်နေတယ်လို့ ပြောတယ်။ သူက အပြင်မှာကတည်းက အစာအိမ် ဖြစ်နေတာဆိုတော့ ဆေးလည်း မယူလိုက်ရဘူး။ အခုလည်း ခါးနာ နေတယ်လို့ သတင်း ကြားတယ်။ ဆုတောင်းပြီးပဲ နေနေရတာပေါ့” ဟု ဦးထောင်ကိုထန်း၏ ဇနီးသည်က မဇ္ဈိကို ပြောသည်။

ဦးကျင့်ရှင်းထန်၏ သားက “အဖေနဲ့ မတွေ့ဖြစ်သေးဘူး။ ၄ ခါရှိပြီ သွားတာ။ အထက်ကို တင်ပြပေးမယ် ပြောတယ်။ ဝင်ခွင့်ကို မပေးတာ။ အဖေက မဖမ်းခင်မှာ အစာအိမ်လည်း ခွဲထားတယ်။ ဆေးလည်း စားနေတုန်းမှာ ဖမ်းသွားတာ။ သူက အပြင်မှာ နေတုန်းကတည်းက ထမင်းတောင် ကောင်းကောင်း မစားနိုင်ဘူး။ ဆေးလည်း ပါမသွားဘူး။ ကျနော် တို့လည်း အရမ်း စိုးရိမ်နေတယ်” ဟု ပြောသည်။

ဦးပူကျင့်ရှင်းထန်နှင့် ဦးထောင်ကိုထန်းကို အင်းစိန်ထောင်မှ ပြောင်းရွေ့လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေ သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC) ဥက္ကဌ ဦးပူကျင့်ရှင်းထန်နှင့် UNA ခေါင်းဆောင် ဦးထောင်ကိုထန်း တို့ကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်များသို့ လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် ZNC ၁၉ နှစ်မြောက် ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ရှိ ဇိုမီးဘုရားကျောင်းတခုတွင် ZNC အထွေထွေ အတွင်းရေးမှူး ဦးကျင်ဂမ်လျင် ဦးဆောင်ပြီး မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ရာ ပရိတ်သတ် ၅ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

“အခမ်းအနားပြီးတော့ သူတို့အတွက် ဆုတောင်းပေးကြတယ်။ တက်ရောက်တဲ့ လူတယောက်က သူတို့ နှစ်ယောက် အတွက် ဆေးဖိုး ကောက်ရအောင် ဆိုပြီး ပိုက်ဆံ ကောက်ကြတယ်။ ကျပ် ၄ဝဝဝဝ ကျော် ပေးကြတယ်။ ကျနော်တို့ ချင်းရိုးရာပေါ့” ဟု ဦးပူကျင့်ရှင်းထန်၏ သားက ပြောသည်။

ZNC ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံ တင်ခဲ့သော်လည်း နဝတ စစ်အစိုးရက ၁၉၉၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အမိန့်အမှတ် ၇/၉၂ ဖြင့် ဖျက်သိမ်း ခဲ့ကြောင်းနှင့် ZNC သည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) တွင် အဖွဲ့ဝင် အဖြစ် ပါဝင် လှုပ်ရှားနေသော တိုင်းရင်းသား ပါတီတခု ဖြစ်ကြောင်း သိရသည်။


ကျောင်းသူ ၂ ဦး သေဆုံးခဲ့ရသည့် ယာဉ်တိုက်မှု တရားစွဲခွင့်မရ

မျိုးကြီး
Monday, 29 October 2007 15:01 - မြန်မာစံတော်ချိန်

စစ်ကားတစီးက ဝင်တိုက်မိ၍ ရှမ်းပြည် လားရှိုးမြို့ အထက ၃ ကျောင်းသူ နှစ်ဦး သေဆုံးမှု ဖြစ်ပွားသည်မှာ တလကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တရားစွဲဆိုခွင့် မရသေးကြောင်း သေဆုံးသူများ၏ ဆွေမျိုးများက ပြောသည်။

လားရှိုးမြို့ ရပ်ကွက် ၁၂၊ နယ်မြေ ၃ တွင် နေထိုင်သည့် အထကကျောင်းသူ မဖြူသန့်ကိုနှင့် မအေးအမ်တို့ကို တပ်ကြပ် အောင်ကျော်စိုး မောင်းနှင်လာသည့် အမှတ် ၁ ဝန်တင် တပ်ရင်းမှ တိုယိုတာ စစ်ကား အမှတ် န/ဝ၅၁၂ က စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီကျော်တွင် တိုက်မိပြီး ကျောင်းသူနှစ်ဦး သေဆုံးခဲ့သည်။

သို့သော် မိသားစုဝင်များက အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးရုံးသို့ ဆက်သွယ်ပြောဆိုရာတွင် တာဝန်ရှိသူများက ပြန်လည် ခြိမ်းခြောက်နေသဖြင့် တရား စွဲဆိုနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

“ယာဉ်တိုက်မှု ဖြစ်တာက ဂမ်ဘာရီ လားရှိုးမလာခင် ၂ ရက်က ဆိုတော့ အာဏာပိုင်တွေက တခုခု ဖြစ်မှာစိုးလို့ ထင်တယ်။ အဲဒီတုန်းကတော့ ကျမဆီ ခယက ဥက္ကဌ ကိုယ်တိုင်လာတယ်။ အမှန်အတိုင်း ဖြစ်စေရမယ် ဆိုပြီး လာနှစ်သိမ့်တယ်။ ကျမတို့လည်း ယုံတာပေါ့။ အဲလိုပြောတော့ ဂမ်ဘာရီလည်း ပြန်ရော ဒီနေ့အထိ ဘယ်သူမှ ပေါ်မလာတော့ဘူး။ လွန်ခဲ့တဲ့ ၂ ရက်လောက်က တိုင်းမှူးရုံးကို ဖုန်းဆက်တော့ ခင်ဗျား ဒီကိစ္စလေးလောက်နဲ့ ဘာမှ ဖုန်းဆက်စရာ အကြောင်းမရှိဘူးလို့ ပြန်ပြောတယ်” ဟု မဖြူသန့်ကို၏ အဒေါ်ဖြစ်သူ ဒေါ်လွင်လွင်က ပြောသည်။

သူက ဆက်ပြီး “သူတို့ရုံးက ရုံးအုပ်လောက် အဆင့်ရှိသူကို မေးကြည့်တော့ ယာဉ်တိုက်မှု ဖြစ်တဲ့ စစ်သားက အရမ်းတော်တယ်တဲ့၊ အရက်မသောက်ဘူး၊ ဖဲမရိုက်ဘူးတဲ့။ အဲဒီ တပ်ရင်းမှူးကလည်း နာမည်ပျက် မရှိဘူးတဲ့။ အဲဒီတော့ ထောင်ချဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူးတဲ့။ ဒီလောက် ပြဿနာလေးနဲ့ ထောင်ချရမှာ အရမ်းနှမြောဖို့ ကောင်းတယ်၊ မတော်တဆ ဖြစ်တာ၊ ဒါစစ်တပ်နဲ့ ဖြစ်တာ၊ ခင်ဗျားပါ နာသွားမယ်လို့ ပြောခဲ့တယ်” ဟု ပြောသည်။

သေဆုံးသွားသူ နှစ်ဦး၏ မိဘဖြစ်သူများကို ဂရုဏာကြေးအဖြစ် တဦးလျှင် ကျပ် ၄ သိန်းစီ လျော်ကြေးပေးရန် စစ်တပ်မှ ပြောကြားလာခဲ့သော်လည်း မိဘများက ဥပဒေအရသာ အရေးယူရန် လိုလားပြီး လျော်ကြေးကို ငြင်းပယ် လိုက်သည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ရဲစခန်းတွင် အမှုဖွင့်ခွင့်လည်း မရှိဘဲ အလောင်းများကိုလည်း နေ့တွင်းချင်း မီးရှို့သင်္ဂြိဟ် လိုက်ကြကြသည်။

တပ်မတော် ကျောင်းပို့ကျောင်းကြို ယာဉ်သည် အထက ၃ ကျောင်း အဝင်ဝတွင် ဆိုင်ကယ်တစီးကို ရှောင်တိမ်းရင်း ဆိုင်ကယ်သမားကို လှည့်၍ ဆဲဆိုနေစဉ် အရှိန်လွန်ကာ ကျောင်းသူ ၄ ဦး လျှောက်လာနေသည့် မြက်ခင်းပြင်ကို ကျော်ကာ ဝင်တိုက်မိရာမှ ယခုလို ၂ ဦးသေဆုံးပြီး၊ ကျန် ၂ ဦးမှာ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“မျက်ခင်းပြင်ပေါ် ကားက အရှိန်နဲ့ ကြိတ်လိုက်တော့ ၂ ယောက်စလုံးက ကားအောက်မှာ ဂျမ်းတုံးဖြစ်ပြီး ရပ်သွားတာ။ ဒါတောင် ကားသမားက မသိသေးဘူး။” ဟု ဒေါ်လွင်လွင်က ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates