Sunday, October 28, 2007

ရွှေတိဂုံဘုရားတွင် အဝါရောင်ဆုတောင်းပွဲပြုလုပ်

ရန်ကုန်တွင် ဆန္ဒပြမှုများ ပြုလုပ်မည် ဆိုသော သတင်းများထွက်ပေါ်

မဇ္ဈိမ သတင်းဌာန
အောက်တိုဘာလ ၂၆ ရက်၊ ၂၀၀၇ ခုနှစ်။

ရွှေတိဂုံဘုရားတွင် အဝါရောင်ဆုတောင်းပွဲပြုလုပ်

ညနေပိုင်း ၅း၄၅ (ရန်ကုန်စံတော်ချိန်)

“လောလောဆယ် ရွှေတိဂုံ ဘုရားပေါ်မှာ အကျီ အဝါရောင် ဝတ်ထားတဲ့ လူတွေကတော့ ဖယောင်းတိုင် အဝါရောင်တွေနဲ့ မီးပူဇော်ကြတယ်၊ ပန်းတွေလည်း အဝါရောင်တွေ ကပ်တာတွေ တွေ့တယ်။ အားလုံး စုပေါင်းပြီးတော့ လုပ်တာတော့ မဟုတ်ဘူး။ ရောက်တဲ့လူတွေ သူဟာသူ လုပ်နေကြတာပါ။ အင်္ကျီ အဝါရောင် ဝတ်ထားတဲ့ လူတွေ စုပေါင်းမိတာတော့ မတွေ့ရသေးဘူး။ တယောက်စ၊ နှစ်ယောက်စ ပေါ့ဗျာ။ ပြီးတော့ အင်္ကျီအဝါရောင် ဝတ်ထားတဲ့ လူတွေက ဘုရားပေါ်တက်လိုက်၊ ဘုရားကို ပတ်နေလိုက်နဲ့ ဟိုသွားဒီသွား လုပ်နေကြတော့ လူဦးရေကို ရေလို့ မရဘူး။ ပြန့်ကျဲနေတာ။ ဘုရားရဲ့ မုခ်ဝတွေ အားလုံးမှာတော့ လည်ပတ်နီတွေနဲ့ ကွန်မန်ဒိုတွေပေါ့ လက်နက်ကတော့ ၁၆ တွေ ကိုင်ထားတာ တွေ့တယ်။ လုံခြုံရေး ကတော့ ညနေထိ တင်းကျပ် နေတုန်းပါဘဲ။ မီးသတ်ကား အသေးလေး တစီးတော့ ရှိနေတုန်းဘဲ။ ညကျရင်တော့ ဝတ်ပြုဆုတောင်း လုပ်မယ်လို့တော့ အင်္ကျီအဝါဝတ် တယောက်ကတော့ ပြောတယ်။ ဒီနေ့က သီတင်းကျွတ် လပြည့်နေ့လည်း ဖြစ်တော့ ဘုရားမှာ လူတွေ အရမ်းများနေတယ်။ ဘုရားရဲ့ အရှေ့ဘက်မုခ်၊ ကြေးသွန်း ဘုရားမှာလည်း ရဲတွေ တော်တော်များများ ရှိတယ်။ ဘုရား ရင်ပြင်ပေါ်မှာလည်း စွမ်းအားရှင်တွေ လွယ်အိတ်တွေနဲ့လည်း ရှိတယ်။ သူတို့ လူတွေရော၊ ဘုရားဖူးတွေရော အများကြီးဘဲ အားလုံး ရောနေတယ်” ဟု လေ့လာ စောင့်ကြည့်နေသူ တဦးက ပြောသည်။

ရန်ကုန်တွင် ဆန္ဒပြမှုများ ပြုလုပ်မည်ဆိုသော သတင်းများထွက်ပေါ်

လူထုအုံကြွမှုဖြစ်သည့် တလအကြာ နောက်ထပ် ဆန္ဒပြပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်ကာ စစ်အစိုးရက ရန်ကုန်မြို့နေရာအနှံ့ လုံခြုံရေးများ တိုးမြှင့် ချထားလိုက်သည်။

ရန်ကုန် အခြေအနေနှင့် ပတ်သက်၍ မျက်မြင်သက်သေ တဦး၏ ပြောကြားချက်မှာ

“ရွှေတိဂုံ အရှေ့ဘက်မုခ်မှာ လုံထိန်းများ ၅ ယောက်၊ ၆ ယောက် တအုပ်စု ရှိနေကြတယ်။ ၄ဝ၊ ၅ဝ ယောက်လောက်တော့ အပြင်မှာ ရှိတယ်။ လက်နက်တွေ အပြည့်အစုံ ပါတယ်။ မျက်ရည်ယို ဗုံးတွေလည်း ပါတာတွေ့တယ်။ ဘုရားထဲမှာလည်း ရဲတွေ ရှိတယ်။ ဘုရားပေါ်မှာလည်း နေရာ အနှံမှာပဲ အရေအတွက်တော့ သေချာမသိဘူး။ များတော့ များတယ်။ ဘုရားပေါ် တက်လာတဲ့ သူတွေကို အိတ်တွေ၊ လူတွေကို သေသေချာချာ စစ်ဆေးတယ်။ မီးသတ်ကား အသေးလေး တစီးလည်း ရှိနေတယ်။ ကားထဲမှာ ရေတော့ မဟုတ်ဘူး။ ကျနော် ထင်တာ တခုခု ရောထားတာ ဖြစ်နိုင်တယ်။ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်မဲ့ (အကြမ်းမဖက် အမျိုးသား နိုင်ငံရေး လှုပ်ရှားမှု) အဖွဲ့က အကျီ အဝါရောင် ဝတ်ထားတဲ့ လူတွေလည်း ၄၊၅ ယောက် တစု၊ တစုတော့ ရှိနေကြတယ်။ သူတို့ကို စစ်ဆေးတယ်။ အိတ်တွေကိုပဲ စစ်တယ်။ တခြား မေးမြန်းတာတော့ မရှိဘူး။ ညနေပိုင်းလောက်မှ လူစုနိုင်မယ် ထင်တယ်။ လုံခြုံရေး တင်းကျပ်နေလို့ ဘာမှ မလှုပ်ရှားသေးဘူး။ ကျနော်လည်း ခုပဲ ပြန်လာတာလို့” သွားရောက် စောင့်ကြည့်သူ ရန်ကုန် ဒေသခံက ပြောသည်။



ထိုင်းရေနံကုမ္ပဏီ မြန်မာနိုင်ငံတွင်းမှ ထွက်ခွာရန် လှုပ်ရှားသူများက ဆန္ဒပြ
သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၂၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

ထိုင်းနိုင်ငံ အစိုးရပိုင် PTTEP ခေါ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီ အနေဖြင့် နအဖ စစ်အစိုးရနှင့် လုပ်ဆောင်နေသည့် မြန်မာ့သဘာဝ ဓာတ်ငွေ့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံး ရပ်တန့်ပေးရန် အတွက် ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ယနေ့ ဆန္ဒပြ တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ PTTEP ၏ ထုတ်လုပ်ရေးရုံး ရှေ့တွင် ယနေ့ နံနက် ၁ဝ နာရီခန့်က မြန်မာ့ ဒီမိုကရေစီရေး ဆောင်ရွက်နေသော Peace for Burma အဖွဲ့မှ ဦးဆောင်ကာ ထိုင်း အန်ဂျီအို အဖွဲ့ဝင်များ၊ ထိုင်းကျောင်းသားများ လူဦးရေ ၂ဝ ခန့်က နအဖ နှင့် စီးပွားရေး မလုပ်ရန်နှင့် PTTEP အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွါသွားရန် အစရှိသည့် ဆိုင်ဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ (ထိုင်းနိုင်ငံ) မှ ကိုဝင်းအောင်က “အဓိက PTTEP အနေနဲ့ နအဖနဲ့ လုပ်နေတဲ့ ရေနံတွင်း သဘာဝ ဓာတ်ငွေ့တွေကို အတတ်နိုင်ဆုံး ရပ်တန့်ပေးဖို့ ပါတယ်။ နောက် သူတို့ ဆက်ပြီးတော့ လုပ်မယ့်၊ မကြာခင်မှာ မုတ္တကွေ့မှာ ဆက်ပြီးတော့ ယူမယ့် ဂက်စ်ပိုက်လိုင်းကို ဖျက်သိမ်းဖို့ အတွက် တောင်းဆိုတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းအစိုးရက မုတ္တမဘက်မှ သဘာဝ ဓာတ်ငွေ့ပိုင်းလိုင်း သွယ်တန်း ရယူရေးအတွက် ၂ဝဝ၅-၂ဝဝ၇ ခုနှစ် ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၂ ဒဿဿမ ၁ ဘီလီယံအထိ တိုးမြှင့်လိုက်ပြီး မြန်မာနိုင်ငံကို နှစ်စဉ် ဒေါ်လာသန်း ၆ဝဝ ကျော် ပုံမှန် ပေးသွင်းနေခဲ့သည်။

PTTEP ရုံးမှ တာဝန်ရှိသူ တဦးက လက်ခံရယူကာ လူကြီးများကို တင်ပြပေးပါမည် ဖြစ်ကြောင်းနှင့် တောင်းဆိုသည့်အတိုင်း ဖြစ်ပေါ်မလာပါက အခြား နည်းလမ်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates