Thursday, October 25, 2007

အဲယားပုဂံ စင်္ကာပူခရီးစဉ် ရပ်ဆိုင်းတော့မည်
မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၂၅ ရက်၊ ၂ဝဝ၇ ခုနှစ်

စစ်ခေါင်းဆောင်နှင့် ရင်းနှီး ကျွမ်းဝင်သော လုပ်ငန်းရှင် ဦးတေဇပိုင် Air Bagan ၏ ရန်ကုန်- စင်္ကာပူ ခရီးစဉ်ကို နိုဝင်ဘာလ ၄ ရက်နေ့ အထိသာ နောက်ဆုံးထား ပြေးဆွဲတော့မည်။

မဇ္ဈိမက လက်ခံ ရရှိထားသော လေကြောင်းလိုင်း ဈေးကွက် မန်နေဂျာ၏ စာတစောင်တွင် အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် စင်္ကာပူရှိ ဘဏ်များက “တို့တတွေနဲ့ အဆက်အဆံ မလုပ်တော့ဘူးလို့” ဟု ဖော်ပြ ပါရှိသည်။

“နောက်လ အနည်းငယ်တိုင် အခက်အခဲကြီးတွေ ကြုံတွေ့နေရမှာ ဖြစ်တဲ့အတွက် စင်္ကာပူ ခရီးစဉ်တွေကို ခေတ္တ ရပ်နားထားမယ်” ဟုလည်း ပါရှိသည်။

အဲပုံဂံ ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက “သေချာပါတယ် ခေတ္တ ယာယီပါ။ နိုဝင်ဘာလ ၄ ရက်နေ့မှ စပြီး ရပ်လိုက်မှာပါ။ လက်မှတ်တွေ ဖြတ်ထားတဲ့ ခရီးသည်တွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးမှာပါ။ ဘယ်အချိန်မှာ ပြန်ပြီး ဖွင့်မယ်ဆိုတာ မသိရသေးပါဘူး။ ကြာမယ် မကြာဘူးဆိုတာလည်း ကျမတို့ မသိသေးပါဘူး။ ဘာကြောင့်ဆိုတာ အထက်လူကြီးတွေက ပြောပြမထားပါဘူးရှင်” ဟု ပြောသည်။

အခြား အဲပုဂံလေကြောင်းလိုင်း၏ ခရီးစဉ်များကိုမူ ဆက်လက် ပြေးဆွဲသွားမည် ဆိုသည်။

“ဘာကြောင့်လည်း ဆိုတော့ Sanction ကြောင့်ပါပဲ။ တခြားလိုင်းတွေက ပုံမှန် ဆွဲနေပါတယ်။ ရန်ကုန်-စင်ကာပူ လိုင်းပါပဲ။” ဟု အဲပုံဂံ လေကြောင်းလိုင်းမှ ဝန်ထမ်း တဦးကလည်း ပြောသည်။

ယမန်နေ့က မန္တလေးတွင် ပြုလုပ်သော လေကြောင်းလိုင်း အစည်းအဝေး တခုတွင် ဦးတေဇက ငွေကြေး အကြပ်အတည်း တွေ့ကြုံနေရကြောင်း ပြောဆိုခဲ့ပြီး အဲယားဘတ်စ် လေယာဉ်နှစ်စီးကို ပြန်လည် ရောင်းချမည်ဟု ပြောကြားသွားသည်ဟု ကုမ္ပဏီ အတွင်းလူများက ပြောသည်။

အဲပုံဂံ လေကြောင်းလိုင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစုနှင့် အလွန်ရင်းနှီးသူ ဦးတေဇ ပိုင်ဆိုင်သည့် လုပ်ငန်းတခု ဖြစ်သည်။ စစ်ခေါင်းဆောင် မိသားစုသည် ဦးတေဇနှင့် စီးပွား ရှယ်ယာ လုပ်ငန်းများ လုပ်ကိုင်နေသည်ဟုလည်း အတိုက်အခံ သတင်းရပ်ကွက်က ပြောသည်။

လေကြောင်းလိုင်း သတင်းရပ်ကွက်အရ ရန်ကုန် - စင်ကာပှု လေကြောင်းလိုင်းကိုလည်း စစ်အစိုးရ၏ လက်ရှိ နိုင်ငံရေး ပြသာနာများ ပြီးဆုံးမှ ပြန်ပြီး ဆွဲနိုင်မည် ဟုသိရသည်။

ဒေါ်စုနှင့် နအဖ တွေ့ဆုံ ဟု သတင်းထွက်ပေါ်
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၂၅ ရက်၊ ၂ဝဝ၇ ခုနှစ်။
Aung San Suu Kyi

ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေထိုင်သည့် အိမ်အမှတ် ၅၄ ၊ တက� သိုလ် ရိပ်သာလမ်းမှ အစိုးရ ဧည့်ဂေဟာသို့ ခေါ်ဆောင်သွားကြောင်း သံတမန်များကို ကိုးကား၍ သတင်းများက ဖော်ပြကြသည်။

အဘယ်တွက်ကြောင့် ခေါ်ဆောင်သွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူနှင့် ဒေါ်အောင်ဆန်း စုကြည်အကြား ဆက်ဆံရေး အရာရှိအဖြစ် ခန့်အပ်ထားသော အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံရန်အတွက် ဖြစ်သည်ဟု ပြောနေကြသည်။

နေအိမ် အကျယ်ချုပ် ကျခံနေသော ဒေါ်စုသည် အစိုးရ ဧည့်ဂေဟာတွင် နိုင်ငံခြား သံတမန်များနှင့် ဧည့်သည်များကို လက်ခံ တွေ့ဆုံရလေ့ ရှိသည်။

သူမ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဦးလွင်က မျက်မြင် သက်သေများနှင့် နိုင်ငံခြား သံတမန်များကို ကိုးကားပြီး မဇ္ဈိမသို့ ပြောကြားရာတွင် “သူ့အိမ်ကနေ အစိုးရ ဧည့်ဂေဟာကို ဒီနေ့ နေ့ခင်း ၂ နာရီလောက်က ခေါ်သွားတယ်” ဟု ပြောသည်။

“ဘာတွေ ပေါ်ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရအုံးမှာ ဖြစ်ပေမယ့် အခုလို ဖြစ်လာတာကို ကျနော်တို့ ကြိုဆိုပါတယ်” ဟု ဦးလွင် က ဆက်ပြောသည်။

သတင်းရေးသားချိန်တွင် ဧည့်ဂေဟာ၌ ရှိနေသေးလား (သို့မဟုတ်) အင်းလျားကန် အနီးရှိ နေအိမ်သို့ ပြန်ရောက်သွားပြီလား ဆိုခြင်းအပေါ် အတည်ပြုချက် မရသေးပါ။

စီအင်အင် သတင်းတရပ်က အမည်မဖော်သော စစ်တပ် သတင်းရပ်ကွက်ကို ကိုးကားပြီး ပြောကြားရာတွင် ဒေါ်စုကို နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ဆန္ဒပြသူများကို သွေးမြေကျ နှိမ်နင်းခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံပါမည်ဟု လူသိရှင်ကြား ကမ်းလှမ်းခဲ့သည်။


နအဖအတွင်း ရာထူးအပြောင်းအလဲ လုပ်
မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၂၅ ရက်၊ ၂ဝဝ၇ ခုနှစ်

မျှော်လင့်ထားသည့် အတိုင်းပင် စစ်အစိုးရက ဒုဗိုလ်ချုပ်ကြီး သိန်းစိန်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။

ယခင်က နအဖအတွင်းရေးမှုး ၁ ဖြစ်သည့်� ဒုဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကွယ်လွန်လေပြီးသော ဗိုလ်ချုပ်ကြီးစိုးဝင်း နာမကျန်း ဖြစ်နေခဲ့သောကြောင့် မေလကတည်းက ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသည်။

ဒုဗိုလ်ချုပ်ကြီး သီသသူရ တင်အောင်မြင့်ဦးက အတွင်းရေးမှုး ၁ ဖြစ်လာခဲ့သည်။

ယခုရာထူးများတွင် လူပြောင်းသွားသော်လည်း ထိပ်ပိုင်း ခေါင်းဆောင်များကသာ ချုပ်ကိုင်ထားခြင်း ဖြစ်သောကြောင့် တိုင်းပြည်မူဝါဒများ အပြောင်းအလဲ မရှိဟု လေ့လာသူများ အားလုံးက တညီတညွတ်တည်း ပြောကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်း စုကြည် အကြား ဆက်ဆံရေးဝန်အဖြစ် တာဝန်ပေးထားသော ဦးအောင်ကြည်ကို အလုပ်သမား ဝန်ကြီးအဖြစ် ဒုဝန်ကြီးအဖြစ်မှ ရာထူးတဆင့် တိုးပေးလိုက်သည်။ ယခင်က ဦးသောင်းသည် အလုပ်သမား ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနကိုပါ တာဝန် ယူထားခဲ့သည်။


ကေအိုင်အို အမည်ပြောင်းဖွယ်ရှိ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၂၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကို အမည်ပြောင်းရန် စဉ်းစားနေခြင်းမှာ စစ်အစိုးရ၏ အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေး ကော်မတီတွင် ပါဝင်ခွင့် ရရေးအတွက် ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောဆိုလိုက်သည်။

ကေအိုင်အို ထိပ်သီး ခေါင်းဆောင်များမှ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် ယခုလ ၁၅ ရက်မှ ၂ဝ ရက်နေ့အထိ အစည်းအဝေးတရပ် ပြုလုပ်ပြီးနောက် အဖွဲ့အမည်ကို ပြောင်းလဲသင့်က ပြောင်းလဲမည် ဖြစ်ကာ နအဖ စစ်အစိုးရ၏ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး ကော်မတီတွင် ပါဝင်ပြီး တိုင်းရင်းသား အခွင့်အရေးများကို တောင်းဆိုသွားမည် ဟူသည့် ကျေညာချက်ကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ကေအိုင်အို အတွင်းရေးမှူး ဒေါက်တာ တူးဂျာ က “မြန်မာနိုင်ငံ အတွင်းမှာ Union နည်းလမ်းကို ကျနော်တို့ လက်ခံတယ်။ ဒါကြောင့် ကေအိုင်အို ဆိုတဲ့ နာမည်ကိုလည်း သင့်တော်တဲ့ အချိန်မှာ ပြောင်းဖို့ စဉ်းစားရတော့မယ်။ ဒါတွေ ဆွေးနွေးပြီး ထုတ်ပြန်လိုက်တာပါ” ဟု မဇ္ဈိမကို ရှင်းပြသည်။

ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကို အမည်ပြောင်းလျှင် (အိုင် - Independence) (လွတ်မြောက်ရေး) ဟူသည့် စာလုံးနေရာတွင် အခြား စကားလုံးကို အစားထိုးမည်ဟုလည်း ဒေါတ်တာတူးဂျာ က ပြောသည်။

စစ်အစိုးရ အနေဖြင့် ယခုလ ၁၈ ရက်နေ့က အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းပြီး ဖြစ်သောကြောင့် ကေအိုင်အို ကလည်း ပါဝင်နိုင်ရန်အတွက် ယခုလို ပြင်ဆင်နေရခြင်း ဖြစ်ကာ တိုင်းရင်းသား အခွင့်အရေးများ တောင်းဆိုရမည်ဟု ကေအိုင်အိုမှ အမြဲတစေ ပြောဆိုခဲ့ကြောင်း ပြောသည်။

သို့သော် မူကြမ်း ကော်မတီတွင် ကေအိုင်အို ကို ဖိတ်ကြားခြင်း မရှိသေးကြောင်း ကေအိုင်အို ဗိုလ်မှူးတဦးက ပြောသည်။

ကေအိုင်အို အမည်ပြောင်းမည့် ကိစ္စနှင့် ပတ်သက်၍ ပြည်ပအခြေစိုက် ကချင်အမျိုးသား အစည်းအရုံး (ကေအန်အို) ဥက� ဌ ဦးဘောမ်ဝမ်လရော် က “နာမည် လဲဖို့၊ မလဲဖို့ကိုလည်း ဒီအချိန်မှာ လုပ်စရာ မလိုဘူး။ ကျနော်တို့ လိုချင်တဲ့ Point ရောက်ပြီလား၊ မရောက်ဘူးလားဆိုတာ ကြည့်ရမယ်။ လူထု စိတ်ဝင်စားတာက အဲဒါဖြစ်တယ်။ နာမည်ပြောင်းရမယ် ဆိုတာ တယောက်စ၊ နှစ်ယောက်စရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ ကချင်လူထုရဲ့ သဘောထား မဟုတ်ဘူး” ဟု ပြောသည်။

အမည်ပြောင်းရန်အတွက် ကေအိုင်အိုတွင် ၈ဝ ရာခိုင်နှုန်း သဘောမတူဘဲ ခေါင်းဆောင်ပိုင်း ဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

အဖွဲ့အမည် ပြောင်းရန်အတွက် လူထု သဘောထားကို ယခုအချိန်အထိ တစုံတရာ မသိရသေးသော်လည်း ကေအိုင်အို အနေဖြင့် နီးစပ်သည့် လူထုများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒေါက်တာ တူးဂျာ က ပြောသည်။


ဒေါ်စုဓာတ်ပုံများ ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့်ရ
နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၂၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

တွေ့ဆုံ ဆွေးနွေးရေး အကြောင်း ရေးသားချက်ကြောင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဓာတ်ပုံများ ပြည်တွင်းဂျာနယ် အချို့တွင် ဖော်ပြခွင့် ရခဲ့ကြသည်။

အပတ်စဉ် ထုတ်ဂျာနယ်များ ဖြစ်သည့် မြန်မာတိုင်းမ်၊ ရန်ကုန်တိုင်းမ်၊ ယုံကြည်မှုနှင့် လျှပ်တပြက် ဂျာနယ်တို့တွင် ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၊ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံး သတင်းတွင် ဖော်ပြခွင့် ရကြသည်။

“တွေ့ဆုံ ဆွေးနွေးရေးနဲ့ ဆိုင်ရင်တော့ ထုတ်ခွင့်ပေးတယ်။ သတင်းစာတွေထဲမှာကိုက တွေ့ဆုံ ဆွေးနွေးရေး အကြောင်းတွေ ပါတယ်လေ။ တွေ့ဆုံ ဆွေးနွေးတဲ့ စကားတွေကိုသာ ထည့်လို့ရမှာပေါ့။ ဒါပေမယ်လို့ နောက်တပတ်လောက် ဆိုရင်တော့ ထည့်လို့ မရတော့ဘူး။ ဘာမှ ကိစ္စမရှိဘဲနဲ့ ထည့်လို့ရမှာ မဟုတ်ဘူး” ဟု ပေါ်ပြူလာ ဂျာနယ်မှ အယ်ဒီတာ ဦးဟိန်းလတ်က မဇ္ဈိမကို ပြောသည်။

ဒေါ်စု ဓာတ်ပုံ ပါရှိသည့် ဂျာနယ်များ ထုတ်ဝေရာတွင် မိမိတို့ ဆန္ဒကြောင့် ထုတ်ဝေခြင်း ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တစောင်မှ တာဝန်ခံ တဦးကလည်း ယခုလို ပြောဆိုခဲ့သည်။

“ကျနော်တို့က ကိုယ့်ဟာကိုယ် ထည့်တယ်၊ စိစစ်ရေးကို တင်တယ်။ ပထမတော့ ကျနော်တို့ သတင်းစာမှာ ၄ ပုံ ထည့်တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဦးအောင်ကြည်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဂမ်ဘာရီ ပုံရယ် ထည့်ပါတယ်။ ပထမမှာတော့ ဒေါ်စုပုံ အဖြုတ်ခံရတယ်။ ဒါပေမဲ့ ကျနော်တို့ သေချာ ညှိနှိုင်းတော့ ဗိုလ်ချုပ် အောင်ကြည် ပုံ ဖြုတ်ပြီးတော့ ဒေါ်စုပုံ ထည့်လိုက်တာပါ” ဟု တာဝန်ခံက ပြောသည်။

ဒေါ်စုပုံကြောင့် မြန်မာတိုင်းမ် ဂျာနယ် ရောင်းကောင်းနေကြောင်းနှင့် ယခင်ကဆိုလျှင် ဂျာနယ်များ ရောင်းအားကျခြင်းကြောင့် ဂျာနယ်တိုက်များ ပြန်သိမ်းရသည့် အခြေအနေ ရှိခဲ့ကြောင်း ၎င်းဂျာနယ် တာဝန်ခံက ဆက်ပြောသည်။

“ခါတိုင်းဆိုရင် ဂျာနယ် မရောင်းရလို့ ပြန်သိမ်းလိုက်တာတွေ ရှိတယ်။ ကျနော်တို့ ဂျာနယ်က ၁၉ ရက်နေ့က ထုတ်တယ်။ ထုတ်ပြီးတော့ ၁ ရက်၊ ၂ ရက်အတွင်းမှာ ရောင်းကုန်သွားတယ်။ ထပ်ပြီးတော့ လက်ပွေ့ရောင်းတဲ့ သူတွေ၊ နယ်ကို လက်ကားဖြန့်တဲ့ သူတွေကနေ ထပ်လိုချင်တယ်။ ရအုန်းမလား ဆိုပြီးတော့ ဖုန်းဆက် မေးကြတယ်”




စစ်အစိုးရက ပီညဲရိုးကို လာရောက်ခွင့်ပြု
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးကို လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန်အတွက် စစ်အစိုးရက တရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ လိပ်မူပြီး သောကြာနေ့က ရေးသား ပေးပို့ခဲ့ရာတွင် မစ္စတာ ပီညဲရိုး အနေဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့ အာဆီယံ အစည်းအဝေး မတိုင်မီ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ထားသည်။

အာဆီယံ ပဋိဉာဉ် စာတမ်း၏ အစိတ်အပိုင်း တခုဖြစ်သည့် လူ့အခွင့်အရေး စောင့်ကြည့် ထိန်းသိမ်းရေး ယန္တရားတခု တည်ထောင်ရေးနှင့် ပတ်သက်၍ အဖွဲ့ဝင် ၁ဝ နိုင်ငံပါ အာဆီယံက ဆွေးနွေးသွားမည့် အချိန်တွင် ကုလ ကိုယ်စားလှယ်ကို ဝင်ခွင့် ပြုလိုက်သည့်စာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို နအဖ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းလိုက်ခြင်းကြောင့် ကမ္ဘာအနှံ့ နအဖ စစ်အစိုးရ ဆန့်ကျင်ရေး ကန့်ကွက်လှုပ်ရှားမှုများ အရှိန်တိုးမြှင့် လုပ်ဆောင်နေသည် နှင့်လည်း တိုက်ဆိုင်နေသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကလည်း နအဖ စစ်အစိုးရကို ယခုလ အစောပိုင်းတွင် ကန့်ကွက် ရှုတ်ချခဲ့သေးသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကို တယ်လီဖုန်းဖြင့် စနေနေ့က ဆွေးနွေးခဲ့ပြီ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် မိုက်ကယ် လီမွန်းတပ်စ်က အတည်ပြု ပြောဆိုသည်။

မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုအတွက် တရုတ်နှင့် အိန္ဒိယ မလုပ်ဆောင်နိုင်ခြင်းကြောင့် နိုင်ငံတကာ ဖိအားပေးမှုများကို ပိုမိုခံခဲ့ရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates