မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ၆ ဦးကို ထောင်ဒဏ် လျော့ပေါ့ရေး အတွက် ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်ထားသည့် အိုင်အယ်အို ခေါ် ကမ္ဘာ့ အလုပ်သမား အဖွဲ့ကြီးမှ အကူအညီ ပေးရန် မိသားစုဝင်များက ယခုလ ၁ဝ ရက်နေ့ ကတည်းက တောင်းခံခဲ့ကြသည်။
မေလ ၁ ရက်၊ ကမ္ဘာ့ အလုပ်သမားနေ့က အမေရိကန် စင်တာတွင် ကျင်းပသည့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ လှိုင်သာယာမှ အလုပ်သမား ၆ ဦးကို အာဏာပိုင်များက တရားမဝင် အဖွဲ့အစည်း ဖွဲ့စည်းမှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနှင့် အစိုးရကို အကြည်ညို ပျက်စေမှုတို့ဖြင့် စွပ်စွဲကာ စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာ စစ်အစိုးရက အင်းစိန် ထောင်အတွင်း၌ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်ကို လျှော့ပေါ့ လာစေရေးအတွက် သူတို့၏ မိသားစုဝင်များက အိုင်အယ်အိုထံ အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။
ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုမျိုးမင်း၊ ကိုကျော်မင်း ကို ထောင်ဒဏ် ၂၈ နှစ်စီနှင့် ကိုကျော်ကျော်နှင့် နေနေဇော်ကိုမူ ထောင်ဒဏ် နှစ် ၂ဝ စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
အလုပ်သမားအရေး လှုပ်ရှားသူ တဦး၏ မိသားစုဝင် တဦးက “ရန်ကုန်မှာရှိတဲ့ အိုင်အယ်အို အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ အိုင်အယ်အို ပြောတာက ကူညီမယ်တဲ့၊ ပြီးတော့ မြန်မာ အစိုးရကိုလည်း လာမယ့် နှစ်ပတ်အတွင်း တွေ့ဆုံ စကားပြောဖို့ အစီအစဉ် ရှိတယ်တဲ့” ဟု ပြောသည်။
အိုင်အယ်အို အရာရှိများက မိသားစုဝင်များကို အိုင်အယ်အိုရုံးနှင့် အဆက်အသွယ် ပြုလုပ်ရန် အခွင့်ပေးထားပြီး နိုင်ငံရေး အကျဉ်းသားများထံသို့ သွားရောက် လည်ပတ်မည့် အစီအစဉ်လည်း ရှိသည်ဟု မိသားစုဝင်များက ပြောသည်။
တရားခံ အကျိုးဆောင် ရှေ့နေများ ဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့သည် ခရိုင် တရားရုံးသို့ အယူခံ ဝင်ရာ၌ အဆင်မပြေပါက တိုင်းတရားရုံးသို့ ဆက်သွားမည် ဖြစ်ကာ၊ လိုအပ်ပါက ဗဟို တရားရုံးအထိ တက်ရောက်သွားမည့် အစီအစဉ် ရှိကြောင်း ဦးအောင်သိန်းက ပြောပြသည်။