Saturday, October 13, 2007

ညီလာခံထောက်ခံပွဲများနှင့် မွန်ပြည်သစ်ပါတီ ကင်းကင်းရှင်းရှင်းနေ

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာ စစ်အစိုးရမှ အမျိုးသားညီလာခံ ထောက်ခံပွဲ ပြုလုပ်နေသော်လည်း နအဖနှင့် အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ်ပါတီ အနေဖြင့် ပါဝင် ပတ်သက်မှု မရှိဟုဆိုကာ ကင်းကင်းရှင်းရှင်း နေကြောင်း ပါတီ ပြောရေးဆိုခွင့် ရှိသူတဦးက ယနေ့ ပြောဆိုလိုက်သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အောက်တိုဘာ ၁ဝ ရက်နေ့က အမျိုးသား ညီလာခံ ထောက်ခံပွဲနှင့် လူထုဆန္ဒပြမှု ရှုတ်ချပွဲ ပြုလုပ်ရာ မွန်ပြည်သစ်ကို ဖိတ်ကြားပြီး ဟောပြောခိုင်းသော်လည်း ငြင်းဆန်ခဲ့သည်။ လူ ၅ ဦးပါ ကိုယ်စားလှယ် အဖွဲ့ကိုတော့ စေလွှတ် နားထောင်ခဲ့သည်။

“ကျနော်တို့ အခု ညီလာခံ ကြိုဆို ထောက်ခံပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာက မွန်ပြည်သစ်ပါတီ အနေနဲ့ပေါ့နော် လေ့လာသူ ကိုယ်စားလှယ် အဖြစ်နဲ့ပဲ ဒီညီလာခံမှာ အဆုံးသတ်ခဲ့တယ် ဆိုတော့ ဒီကြိုဆို ထောက်ခံပွဲမှာ ပါဝင် ပတ်သက်မှု မရှိပါဘူး” ဟု မွန်ပြည်သစ် ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရအနေဖြင့် အမျိုးသား ညီလာခံကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင် ကျင်းပခဲ့ရာ ၁၄ နှစ်ကြာ ကျင်းပခဲ့ရာ ၂ဝဝ၆ ခုနှစ်မှစ၍ လေ့လာသူ အနေဖြင့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

နိုင်အောင်မငေးက “တရားဝင် ကိုယ်စားလှယ် မဟုတ်တော့ ဒီညီလာခံမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ပြောနိုင်ပါတယ်” ဟု ဆက်ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates