မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
နအဖ စစ်အစိုးရ၏ အမျိုးသား ညီလာခံ၊ ရွေးကောက်ပွဲသစ်နှင့် ပတ်သက်၍ ကချင်လူထုကို ရှင်းလင်း တင်ပြရမည့် အစည်းအဝေး တရပ်ကို ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) မှ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် ယခုလ စတုတ္ထပတ် အတွင်း ကျင်းပသွားမည် ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲခဲ့သည့် နအဖ အမျိုးသား ညီလာခံနှင့် ကျင်းပဖွယ် ရှိသည့် ရွေးကောက်ပွဲသစ်နှင့် ပတ်သက်၍ ကချင်လူထု ရှင်းလင်းပွဲ တရပ်ကို ယခုလ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် ကေအိုင်အို ထိပ်သီး ခေါင်းဆောင်များက ခေါ်ယူ ကျင်းပသွားမည့် အစီအစဉ် ဖြစ်သည်။
“ကျနော်တို့ (ကေအိုင်အို) က အမျိုးသား ညီလာခံ တက်ပြီးတိုင်း ဒီလိုပဲ လူထုနဲ့ လုပ်နေကျပါ။ သူတို့ကို ရှင်းပြမယ်၊ နားလည်အောင် ပြောတာပေါ့နော်။ ကျနော်တို့ ညီလာခံမှာ ဘာတွေ လုပ်တယ်၊ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတဲ့ အကြောင်းစုံပေါ့၊ တိုင်ပင် ဆွေးနွေးကြဖို့ပါ။ လူထုဘက်ကလည်း တိုင်ပင် ဆွေးနွေးချင်တဲ့ ကိစ္စတွေ ဆွေးနွေးသွားမှာပါ” ဟု အေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။
အဆိုပါ အစည်းအဝေးတွင် လူထုဘက်မှ လူဦးရေ ၁ဝဝ အနည်းဆုံး ပါဝင်ရန် စီစဉ် ထားရှိပြီး၊ အနယ်နယ် အရပ်ရပ်မှ လူထု ကိုယ်စားပြု ပုဂ္ဂိုလ်များ၊ ကချင်လူမျိုးစု ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ လူငယ်များလည်း ပါဝင် ဆွေးနွေးမည်ဟု သိရသည်။
စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲ အသစ်တွင် (အေအိုင်အို) ကို အမည်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်မည့် ကိစ္စများလည်း အစည်းအဝေးတွင် လူထုနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ ဗိုလ်မှူးက ပြောပြသည်။
“၂၅ ရက်နေ့အထိ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။ အားလုံးကို အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားမှာပါ။ ကျနော်တို့မှာလည်း ညီလာခံနဲ့ ပတ်သက်ပြီး လူထုကို ရှင်းပြဖို့ တာဝန် ရှိတယ်လေ။ လူထုတွေရဲ့ ဆုံးဖြတ်ချက် လိုလားမှုတွေကိုလည်း သိမှ ကောင်းတယ်လေ။ ဒါမှ ကျနော်တို့ အနေနဲ့ပါ လုပ်တင့်တယ် ဆိုတာ ပါသိတာပေါ့” ဟု သူက ဆက်ပြီး ပြောသည်။
အောက်တိုဘာလ ၆ ရက်နေ့က မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် နအဖ ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်သော ကေအိုင်အို ကို ဆန္ဒပြသည့် ကချင် လူငယ်များနှင့် ပတ်သက်၍ ကေအိုင်အို ပြောရေးဆိုခွင့်ရ ဗိုလ်မှူး ဂွမ်မော် က “ဒီနေ့ ကျနော်တို့ ကေအိုင်အိုနဲ့ လူငယ်တွေနဲ့၊ ဗဟို လူကြီးတွေနဲ့ တွေ့နေတယ်။ အဓိကကတော့ သူတို့ ဘာတွေလိုလဲ၊ လူငယ်တွေရဲ့ သဘောထားပေါ့။ သိဖို့ လိုတယ်လေ။ ဒါကြောင့် သူတို့ကို ခေါ်ပြီး တွေ့တာပါ။ လူငယ်တွေရဲ့ သဘောထားလည်း အရေးကြီးပါတယ်။ တတ်နိုင်သလောက်တော့ လုပ်ပေးသွားမှာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် နအဖ ညီလာခံထောက်ခံပွဲသို့ တက်ရောက်သော ကေအိုင်အို ကို အောက်တိုဘာလ ၆ ရက်နေ့တွင် ဆန္ဒပြသည့် ကချင်လူငယ်များနှင့် ပတ်သက်၍ ကေအိုင်အို ပြောရေးဆိုခွင့်ရ ဗိုလ်မှူး ဂွမ်မော် က “ဒီနေ့ ကျနော်တို့ ကေအိုင်အိုနဲ့ လူငယ်တွေနဲ့၊ ဗဟို လူကြီးတွေနဲ့ တွေ့နေတယ်။ အဓိကကတော့ သူတို့ ဘာတွေလိုလဲ၊ လူငယ်တွေရဲ့ သဘောထားပေါ့။ သိဖို့ လိုတယ်လေ။ ဒါကြောင့် သူတို့ကို ခေါ်ပြီး တွေ့တာပါ။ လူငယ်တွေရဲ့ သဘောထားလည်း အရေးကြီးပါတယ်။ တတ်နိုင်သလောက်တော့ လုပ်ပေးသွားမှာပါ” ဟု ပြောသည်။
တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်၍ အမျိုးသား ညီလာခံတွင် ကေအိုင်အို ကိုယ်စားလှယ်များက တင်ပြခဲ့သော်လည်း စစ်အစိုးရမှ ထည့်သွင်း ဆွေးနွေးပေးခြင်း မရှိခဲ့ပါ။