Wednesday, October 17, 2007

အာဏာပိုင်များ၏ လှူဖွယ်ဝတ္ထုများကို သံဃာတော်များမှ ဥပေက္ခာပြု၍ လက်ခံနေရ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၆ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာအာဏာပိုင်များသည် ပြီးခဲ့သည့် ဆန္ဒပြပွဲများ အတွင်းတွင် သံဃာထုအပေါ် အကြမ်းဖက် နှိမ်နင်းခဲ့ပြီး ယနေ့တွင် ဘုန်းကြီးကျောင်းတိုက်များတွင် လှူဖွယ်ပစ္စည်းများ လှူဒါန်းနေသည်ကို သံဃာတော်များ အနေဖြင့် အားလုံးကို ဥပေက္ခာပြု၍ လက်ခံနေရသည်ဟု သိရသည်။

ယနေ့ထုတ် နအဖ စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် သင်္ကန်းကျွန်း မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် စာသင်တိုက်များ၊ လမ်းမတော် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး စာသင်တိုက် ၆၆ တိုက်နှင့် အစိုးရရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားခရိုင်ရှိ စာသင်တိုက်များတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် ပြည်သူများနှင့်အတူ� ဆွမ်း၊ ဆန်တော်၊ ဆီ၊ ဆား၊ ဆေးများကို လှူဒါန်းမှုများ ပါရှိပြီးနောက် မဇ္ဈိမမှ ဆက်သွယ် မေးမြန်းရာတွင် သံဃာတော်များမှ ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ သရက်တော ကျောင်းတိုက်မှ ဆရာတော်တပါးက “ဘုန်းကြီးတွေဆိုတာ လှူတာရှိမှ စားရတာပါ၊ လှူတော့လည်း အလှူခံရစမြဲပါပဲ၊ အလှူခံ ပုဂ္ဂိုလ်ကိုး။ ပါရမီ ၁ဝ ပါး ရှိတာပဲ။ သူတို့လှူတဲ့ အလှူကို တို့တွေက ဥပေက္ခာ ပါရမီကို အာရုံပြုလိုက်ပြီးတော့ လက်ခံလိုက်တာပါပဲ” ဟု မဇ္ဈိကို ပြောသည်။

“သူတို့ လုပ်ခဲ့တာတွေကို ခွင့်လွှတ်တယ်၊ မလွှတ်တယ်၊ မရှိပါဘူး။ မုန်းတယ်လည်း မဟုတ်ဘူး၊ ချစ်တာလည်း မဟုတ်ဘူးပေါ့။ အားလုံးကို ဥပေက္ခာ ပြုလိုက်တာပေါ့။ ကုသိုလ် လုပ်တဲ့သူ ကုသိုလ်ရမယ်၊ အကုသိုလ် လုပ်တဲ့သူ အကုသိုလ်ရမယ်ပေါ့။ ဒီလိုပဲ မှတ်ယူပါတယ်” ဟု ရန်ကုန်ရှိ ကျောင်းတိုက်တခုမှ သံဃာတော် တပါးကလည်း ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေသော သံဃာတော်များကို မြန်မာ စစ်အစိုးရမှ အကြမ်းဖက် နှိပ်ကွပ်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သလို၊ ယခုအခါ သံဃာတော်ပေါင်း ၂ဝဝဝ ခန့်သည် ဖမ်းဆီး ထိန်းသိမ်းခံနေရပြီး ဒဏ်ရာ ရရှိသလို၊ အသက် သေဆုံးသည့် သံဃာတော်များလည်း အများအပြား ရှိကြောင်း ပြည်တွင်း သတင်းများအရ သိရသည်။

ထို့အပြင် အာဏာပိုင်များအနေဖြင့် သံဃာတော်များကို ယခုလို လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်းကို လက်ခံသည့် ဘုန်းကြီးကျောင်းတိုက်များ ရှိသည့်နည်းတူ လက်မခံသည့် ကျောင်းတိုက်များလည်း ရှိနေပြီး၊ သရက်တော ကျောင်းတိုက်ဝန်းအတွင်းရှိ ကျောင်းတိုက်ပေါင်း ၆၆ တိုက်တွင်လည်း အချို့ ကျောင်းများသည် လှူဖွယ်ပစ္စည်းများကို လက်ခံပြီး၊ အချို့ ကျောင်းများသည် လက်ခံခြင်း မရှိကြောင်း သိရသည်။

“ကျနော်ကြားရတာတော့ သရက်တောကျောင်းမှာရှိတဲ့ သံဃာ့ နာယကအဖွဲ့ဝင် ဆရာတော် ကျောင်းတွေကတော့ လှူဒါန်းတဲ့ ပစ္စည်းတွေကို လက်ခံပြီး တခြားကျောင်းတွေကတော့ လက်မခံဘဲ ကျောင်းဝန်းအလယ်မှာ ပစ္စည်းတွေကို စုပုံထားတယ်” ဟု သရက်တော ကျောင်းတိုက်နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရသည့် ဆန္ဒပြပွဲအတွင်းတွင် သံဃာတော်များကို ရက်စက်စွာ သတ်ဖြတ် နှိမ်နင်းခဲ့ပြီးမှ ယခုလို ဘုန်းကြီးကျောင်းတိုက်များတွင် လှူဖွယ်ပစ္စည်းများ ပြန်လည် လှူဒါန်းခြင်းသည် သံဃာတော်များ အကြားရှိ စည်းလုံးမှုကို ပြိုကွဲစေပြီး သွေးကွဲစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ (အိန္ဒိယ) မှ ဥက� ဌ ဦးပညာဝရက မဇ္ဈိမကို မိန့်ကြားသည်။

“ဒီလို လှူဒါန်းတာဟာ သံဃာတွေကို ဖိအားပေးပြီးတော့ သွေးကွဲအောင် လုပ်တာပေါ့။ ဘာ့လို့လဲဆိုရင် လှူတာမယူလို့ ရှိရင် ဖမ်းချင်ဖမ်းမယ်ပေါ့နော်။ တဖက်က သပိတ်မှောက်ထားတဲ့ သံဃာတော်တွေ၊ တဖက်က လိုချင်နေတဲ့ သံဃာတော်တွေ၊ အဲလို သံဃာတော်တွေထဲမှာလည်း ပြိုကွဲသွားအောင် လုပ်တာ။ အပြစ်ကြီး ၅ ခု ရှိတယ်။ အခု သူတို့လုပ်တဲ့ သံဃာတွေကို ပြိုကွဲအောင် လုပ်တာဟာ အပြစ် အကြီးဆုံးပါပဲ” ဟု မိန့်ကြားခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates