Wednesday, October 17, 2007

ဒီမိုကရေစီရေး လှုပ်ရှားသူ သက်ကြီးရွယ်အို တဦးကို အာဏာပိုင်တွေ လိုက်ရှာနေ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်။

ဆန္ဒပြပွဲများအတွင်း ပါဝင်ခဲ့သူ အသက် ၈ဝ နီးပါးအရွယ်ရှိ မြင်းခြံဒေသခံ တဦးကို စစ်အာဏာပိုင်များက လိုက်လံ ရှာဖွေနေရာမှ ယခုအခါ ပျောက်ဆုံးနေသည်ဟု သိရသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ အတွင်း ပါဝင်ခဲ့သူ မန္တလေးတိုင်း မြင်းခြံမြို့ရှိ ဦးမျိုးချစ် (၇၇ နှစ်) ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က အာဏာပိုင်များမှ အိမ်တိုင်ရာရောက် လာရောက် ဖမ်းဆီးရာတွင် အဖမ်းမခံဘဲ ထွက်ပြေး တိမ်းရှောင်နေရာမှ ယခုအခါ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

“ထရပ်ကားနှစ်စီးနဲ့ စစ်သား ၆ဝ လောက် သူ့အိမ်ကို လာတယ်လေ။ သူ့ကို ဖမ်းဖို့အတွက် အိမ်ကို ဝိုင်းကြတယ်။ ဒါပေမဲ့ သူက စစ်သားတွေ မလာခင်မှာပဲ ထွက်ပြေးသွားနှင့်ပြီ” ဟု အမည် မဖော်လိုသူ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

ဦးမျိုးချစ်ကို လာရောက် ဖမ်းဆီးစဉ်က စစ်သားများနှင့်အတူ ရဲများ၊ ကြံ့ဖွံ့များလည်း ပူးတွဲ ပါဝင်ခဲ့ကြောင်း သိရသည်။

လာရောက် ဖမ်းဆီးမည့် အစီအစဉ်ကို ဦးမျိုးချစ်သည် ကြိုတင် သိရှိရသဖြင့် ထွက်ပြေး လွတ်မြောက်နိုင်ခြင်း ဖြစ်ကြောင်းနှင့် သူသည် စက်တင်ဘာလ အတွင်း ချီတက် ဆန္ဒပြပွဲများတွင် သံဃာတော်များ ရှေ့မှနေ၍ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သူ ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ယခုအချိန်အထိ ဦးမျိုးချစ်သည် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မည်သူမျှ မသိကြရသေးဘဲ၊ ထွက်ပြေး လွတ်မြောက်နေသေးသည်ဟု ယူဆရကြောင်းနှင့် မိသားစုဝင်များလည်း သတင်း အစအန မရဘဲ သူ့ကျန်းမာရေးအတွက် အထူး စိုးရိမ်နေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ် အတွင်းက မြင်းခြံမြို့ အန်အယ်ဒီ အတွင်းရေးမှူး ဦးပေါ်သိန်း၊ ပါတီအဖွဲ့ဝင် ဦးဝင်းနိုင်နှင့် ဦးဘိုဝင်းတို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သော်လည်း ယခုအခါ မည်သည့် အခြေအနေတွင် သူတို့ ၃ ဦး ရောက်ရှိနေသည်ကို မိသားစုဝင်များကပင် မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။

သူတို့အတွက် လိုအပ်မည့် ဆေးဝါးများကို မိသားစုဝင်များမှ အာဏာပိုင်များမှ တဆင့် တကြိမ်မျှ ပေးပို့ခဲ့သေးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates