အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
မကျန်းမမာ ဖြစ်နေသည့် နအဖ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ယနေ့ သေဆုံးသွားပြီ ဖြစ်သည်။
နအဖ ဝန်ကြီးချုပ်သည် စင်္ကာပူ နိုင်ငံတွင် လျှို့ဝှက်စွာ ဆေးဝါး ကုသခံနေရာမှ ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာပြီး ညနေ ၅ နာရီခန့်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး စိုးဝင်းသည် သွေးကင်ဆာ ရောဂါကို ခံစားနေရပြီး စင်္ကာပူတွင် ယခုလို တိတ်တဆိတ် ဆေးကုသ ခံယူနေခဲ့သည်။
သူသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အားကိုးရသူ တဦးဖြစ်ပြီး ၂ဝဝ၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒီပဲယင်း လူသတ်သမားအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီးနင်း လိုက်ပါလာသည့် ကားတန်းကြီးကို လူအုပ်စုကြီးဖြင့် ဝင်ရောက် တိုက်ခိုက်ရန် အနီးကပ် အမိန့်ပေးခဲ့သူဟု လူသိများသည်။
သတင်း ရပ်ကွက်များ အဆိုအရ နအဖ ဝန်ကြီးချုပ် နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို အစားထိုး ခန့်အပ်မည် ဖြစ်ကာ၊ သူ၏ အတွင်းရေးမှူး ၁ နေရာ၌ စစ်လက်နက် အဝယ်တော်တဦး ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို ရာထူးတိုးမြှင့် ခန့်အပ်မည်ဟု သိရသည်။