အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
နအဖ အမျိုးသား ညီလာခံ ကြိုဆို ထောက်ခံပွဲ တရပ်ကို မန္တလေးတိုင်း တောင်တွင်းကြီး မြို့ရှိ မြို့တော်ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပုံနှင့် ဒေသခံ ပြည်သူများက အားပေး ထောက်ခံမှု မရှိသည့်အကြောင်း မြို့ခံတဦးက ပြောဆို ထားသည်များကို တင်ပြလိုက်ပါသည်။
“ရွာတွေက ရေဝေ၊ ဆုံစု၊ ခြောက်ဆိတ်ကုန်း၊ ကြံ့ဖွတ် အမာခံတွေ ပါနေတဲ့ သဲဖြူ၊ သဖန်းကုန်း၊ ကျောင်းကုန်း၊ ချောင်းနက်၊ သပြေပင် စတဲ့ ရွာတွေ လာတာပါ။ သူတို့ကို ချောဆွဲထားတဲ့ ထော်လာဂျီတွေ၊ ကားတွေကို ဆီဖိုး ပေးမယ်လို့ ပြောထားတယ်။ မြင်းလှည်းတွေလည်း ပါတယ်။ ရှောင်တခင်ဗျာ၊ ကတိုက်ကရိုက်နဲ့ ကပျစ်ကညစ် လုပ်သွားတဲ့ သဘောပဲ။ ရုံးဆိုရင် ရုံး၊ ကျောင်းဆိုရင် ကျောင်းကနေ လမ်းလျှောက် ချီတက်လာတာတွေ မရှိဘူးလေ။ တခု ရှိတယ်။ ဒီမြို့ပေါ်က ရဲတွေက ယူနီဖောင်း မဝတ်ထားဘူး။ အရပ်ဝတ်နဲ့ပဲ လိုက်ပြီး တက်တယ်။ ဟိုနားထိုင်လိုက်၊ ဒီနားထိုင်လိုက်၊ ဒီထောင့်နား ထိုင်လိုက်။ တချို့ ပွဲတောင် မပြီးသေးဘူး၊ ပြန်သွားတာ ရှိတယ်။
ဒီနေ့ ၂ နာရီကနေစတာ၊ ၄ နာရီခွဲမှာ ပြီးသွားတယ်။ မြို့တော်ခန်းမမှာ လုပ်တယ်။ လူအားလုံး ၅ဝဝဝ လောက် ရှိမယ်။ ရှေ့ဆုံးက မြို့နယ်မှူးက အရပ်ဝတ်နဲ့၊ ဆိုင်ကယ်နဲ့ ရှေ့ကနေပြီး လမ်းအခြေအနေ ကြည့်ပြီး လိုက်သွားတယ်။ ဟိုနောက်ကနေ အရပ်ဝတ်နဲ့ ရွာသားတွေ လိုက်တယ်။ ကြွေးကြော်သံတွေ မပါဘူး။ ဆိုင်းဘုတ်တွေပဲ ထောင်ထားတယ်။ ဆိုင်းဘုတ် ၁ဝဝ လောက် ရှိတယ်။ ‘ပြည်တွင်းပြည်ပ အဖျက်သမားများ … ချေမှုန်းကြ’၊ ‘တည်ငြိမ်မှုကို လိုလားသည်၊ အေးချမ်းမှုကို လိုလားသည်’။ နောက် ရှေ့ကနေပြီးတော့ အလံကိုင်တဲ့ လူတွေလေ။
မြို့ပေါ်က လူတွေက ဘယ်သူမှ ထွက်မကြည့်ကြဘူး။ သူတို့ကို ရေတိုက်တဲ့ လူတွေတောင် မရှိကြဘူး။ ရွာထဲက စွတ်ခေါ်လို့ လိုက်ခဲ့တဲ့သူတွေ များတယ်လေ။ လမ်းကြိုလမ်းကြားတွေ့ရင် လူတွေက အကုန်လုံး ဝင်နေခဲ့တယ်။ ဟိုလမ်းကြားတွေ့ ဝင်နေခဲ့၊ ဒီလမ်းကြို လမ်းကြားတွေ့ တချို့ ဝင်နေခဲ့၊ တချို့ဆိုရင် မမြင်ကွယ်တဲ့ နေရာကနေ ကျန်နေခဲ့၊ အဲလို ရှိတယ်။ အပြန်မှာ ထွက်သလောက် လူတွေ မပါတော့ဘူး။ နောက် မိန်းမတွေက တဝက်လောက် ပါတယ်။ တချို့ ရွာတွေဆိုရင် လိုက်တဲ့လူ မရှိဘူး။ သူတို့က ၃ဝဝဝ ပေးမယ် ဆိုတာလည်း မပေးပါဘူး။ ဒီရောက်တော့ ထမင်းတောင် မစားရဘူး။
တခုရှိတာက မြို့ထဲမှာ ဘုန်းကြီးတွေ လှည့်တုန်းကနဲ့ ကွာတာကတော့ လူတွေအားလုံး လမ်းထွက်ကြည့်ကြ၊ မျက်ရည်ကျကြ၊ ရှိခိုးကြ၊ ရေအေးတွေ တိုက်ကြပေါ့နော်။ အခုတော့ အရမ်းကွာပါတယ်။ နောက်တခု ကွာတာကတော့ မြင်းခြံတို့မှာက ဘာကြွေးကြော်သံ ပါတယ်။ ပါတာက မြန်မာ့ ရုပ်မြင်သံကြားမှာ ကျေညာနေတဲ့ ‘ဘီဘီစီ ညာနေပြီ၊ အာအဖ်အေ ရန်တိုက်ပေးနေပြီ၊ ဗီအိုအေ အဖျက်သမားများ သတိထား’၊ အခု လောလောဆယ် လွှင့်နေတဲ့ ဟာတွေပေါ့နော်။ အသံကိုတောင် အော်မယ့် လူမရှိလို့ ကြိုပြီး အသံ သွင်းထားတာကို ဆိုက်ကားပေါ်မှာ လော်စပီကာနဲ့ တင်ပြီး ဖွင့်သွားတာလေ။ ပြည်သူတွေက ဘာလက်မှ မတန်းဘူး၊ မကြွေးကြော်ဘူး။ ဒီအတိုင်းပဲ။ မြို့တော်ခန်းမကနေ မြို့ထဲကို ပတ်ပြီး ပြန်သွားတယ်။ ၂ နာရီကနေစပြီး ၄ နာရီခွဲ လောက်မှာ ပြီးသွားပြီ။
လှည့်ပတ်ပြီး ပြန်သွားတာပဲ။ ရွာသားတွေကိုတော့ ချောဆွဲထားတဲ့ ကား၊ မြင်းလှည်း၊ ပြန်လိုက်ပို့ကြတယ်လေ။ တရွာကို ၄၊ ၅၊ ၁ဝယောက်တော့ ရှိမှာပေါ့၊ အားလုံးပေါင်း ၅ဝဝဝ ပတ်ဝန်းကျင် ရှိတယ်။
ဒီနေ့ ဝန်ထမ်းတွေ မပါဘူး။ ကျေးရွာသူရွာသားတွေ သက်သက်ပဲ။ နောက် နိုင်ငံရေး နားမလည်တဲ့ လူတွေ၊ ပြဿနာ မဖြစ်ချင်လို့ လိုက်လာတဲ့ သူတွေပဲ။ တချို့ဆို ရေက ငတ်၊ ထမင်းက မစားရတော့ တော်တော်လည်း စိတ်ထဲ ကသိကအောက် ဖြစ်ကြတယ်လေ။
ရွာသားတွေက ခေါ်လို့သာ လာရတယ်။ ဒီကိစ္စ မြန်မြန် ပြီးပါစေဆိုတဲ့ သဘောပဲ။ အလံကိုင်တဲ့ လူတွေဆိုရင် ရှက်တဲ့ ပုံစံမျိုးနဲ့ လိုက်နေတာ တွေ့ရတယ်။ မတတ်သာလို့ လိုက်ရတဲ့ ပုံစံပါပဲ။
ဒီနယ်မြေက ဦးအောင်သောင်း နယ်မြေလေ။ အမှန် ဦးအောင်သောင်းက မန္တလေးတိုင်းကို ကိုင်တာ။ ဒါပေမဲ့ မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီးတို့ကို ဦးအောင်သောင်းက ကိုင်ထားတာ။ ဦးအောင်သောင်းက သူ့နယ်မြေမှာ စည်းရုံးရေးအား ကောင်းပါတယ် ဆိုတာကို သူက လိုချင်လို့နဲ့ တူတယ်။ အင်အားပြတယ်လို့ ပြောနေကြတယ်။ ဦးအောင်သောင်းက ကြံ့ခိုင်ရေးထဲမှာတော့ အတော် နာမည်ကြီးတဲ့ သူပေါ့။ သူက ကြံ့ခိုင်ရေးမှာ အတော် မာတယ်လို့ နာမည်ကြီးတဲ့ လူပေါ့နော်။
အားလုံးပြောကြတာကတော့ ဦးအောင်သောင်းရဲ့ စည်းရုံးရေး နယ်မြေကို ခိုင်မာတယ်ဆိုတဲ့ သဘောမျိုး၊ ပြချင်တဲ့ သဘောမျိုးဆိုတာ ပေါ်လွင်ပါတယ်။ သူတို့ကို ကြိုဆိုတဲ့ လူတောင် မရှိဘူးဆိုတော့ ပြည်သူတွေက စိတ်မဝင်စားဘူး ဆိုတာက သေချာတာပေါ့လေ”