အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
နအဖ စစ်အစိုးရက ရန်ကုန်တိုင်းအတွင်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားသဖြင့် အိမ်အပြင်ထွက်၍ မရသော်လည်း မြောက်ဥက� လာပ မြို့နယ်ရှိ ၂ ရပ်ကွက်နေ အိမ်ခြေ အများအပြားသည် ည ၈ နာရီတွင် တပြိုင်နက်ထဲ မီးမှိတ်သည့် ဆန္ဒ ထုတ်ဖော်မှု တရပ်ကို ယမန်နေ့ညက ၁၅ မိနစ်ကြာ လုပ်ဆောင်ခဲ့ကြသည်။
“ကျမတို့က လမ်းပေါ်ထွက်ပြီး ဆန္ဒပြလို့ မရတော့လောက်အောင် ပိတ်ဆို့ထားတာ ဆိုတော့ ကျမတို့တတွေက မြန်မာ ပြည်သူပြည်သားတွေက လက်ရှိ အခြေအနေမှာ အားကိုးရာမဲ့ပြီးတော့ အမှောင်ကျနေတယ် ဆိုတဲ့ သဘောကို သင်္ကေတတခု အနေနဲ့ လုပ်ကြတာပေါ့” ဟု ၂ ရပ်ကွက်နေသူတဦးက မဇ္ဈိမကို ပြောသည်။
ယခုလို ထုတ်ဖော်ခြင်းကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြသည့် အိမ်များလည်း ရှိသလို၊ အချို့အိမ်များမှာ ဖွင့်ထားသည့် မီးချောင်းများ အနက်မှ အများစုကိုမူ ပိတ်ထားကြကြောင်းနှင့် မြောက်ဥက� လာပ ကဲ့သို့ ရန်ကုန် မြို့ပြင်ဘက်ရှိ လမ်းကြား၊ လမ်းသွယ်များအထိ စစ်ကားများ ဝင်ရောက်လာကာ ဥဒဟို ကင်းလှည့် သွားလာနေသည့် မြင်ကွင်းကိုလည်း တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
ဒေသခံတဦးက “ည ၁၁ နာရီကျော်လောက်မှာ စစ်ကား ၅ စီး ရပ်ကွက်ထဲ ဝင်လာတယ်။ ရှေ့ဆုံးက ကားမှာ အနီပတ်ထားတဲ့ စစ်သားတွေ၊ နောက်ကကားကျတော့ ရဲတွေ အပြည့်တင်ထားတဲ့ကား၊ နောက်ကား လုံထိန်းတွေ အပြည့်တင်ထားတယ်။ နောက်ထပ် ကားတစီးကတော့ ဒိုင်းတွေအပြည့်ပဲ ကာထားတာပေါ့နော်။ နောက်ပြီး သူတို့ရဲ့ သေနတ်တွေကို အပြင်ဘက်ကို ထောင်ထားတာ ဝင်းလက်နေတာပဲ။ အူယားစရာကြီး။ အနောက်ဆုံးက ကားကြီးကတော့ ဒိုင်နာကား၊ အဲဒီကားမှာ ကြံ့ဖွံ့တွေ အပြည့်ပါတယ်။ သူတို့က လမ်းသွယ်တွေကအစ ဘာမှတော့ မလုပ်ဘူး။ လမ်းတွေကို လှည့်နေတာပေါ့နော်” ဟု ပြောသည်။