Thursday, October 4, 2007

မစၥတာ ဂမ္ဘာရီ မြန်မာပြည်ခရီးစဉ် အဆုံးသတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်တွေ့

မုံပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံပြီးနောက် ယခုအခါ သူ၏ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ ရန်ကုန်ရှိ ကုလသမဂ္ဂရုံး အဆိုအရ သူသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကုလအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်းနှင့် နအဖ ဝန်ကြီးချုပ် သိန်းစိန် အပါအဝင် အခြား စစ်ခေါင်းဆောင်များကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် တနာရီခန့် အကြာ ယနေ့ တွေ့ဆုံခဲ့သေးသည်။

နအဖ စစ်ခေါင်းဆောင်များနှင့် တွေ့ပြီးနောက် နိုင်ဂျီရီးယမ်း သံတမန် မစ္စတာ ဂမ်ဘာရီသည် ရန်ကုန်သို့ ပြန်သွားကာ အထိန်းသိမ်းခံ ကမ္ဘာ့နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒုတိယ အကြိမ်မြောက် ထပ်မံ တွေ့ဆုံခဲ့သည်ဟု ရန်ကုန်ရှိ ကုလရုံးက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲများ၏ အခြေအနေ အသေးစိတ်ကို ထုတ်ဖော် ပြောကြားခြင်း မရှိသေးသော်လည်း ကုလ ကိုယ်စားလှယ်သည် နှစ်ဘက်စလုံးသို့ ပြောဆိုခဲ့သည်ဟု ယုံကြည်ရသည်။

ဂမ်ဘာရီသည် နေပြည်တော်ရှိ အဆင့်နိမ့် အရာရှိများနှင့် တွေ့ဆုံမှုများ ပြုလုပ်ပြီးနောက် ပြီးခဲ့သည့် တနင်္ဂနွေနေ့ အစောပိုင်းတွင် ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၉ဝ မျှအကြာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“ကုလ အထူး ကိုယ်စားလှယ်ဟာ ဒီညနေမှာပဲ ပြန်သွားပါပြီ” ဟု ရန်ကုန်ရှိ ကုလဝန်ထမ်းက ပြောသည်။

မစ္စတာ ဂမ်ဘာရီသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွဲမှုများဖြင့် နအဖ လုံခြုံရေး တပ်ဖွဲ့များက နှိမ်နင်းနေစဉ် မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိခဲ့ပြီး၊ ယခုအခါ နယူးယောက်သို့ ပြန်သွားမည် ဖြစ်ကာ ကုလ အတွင်းရေးမှူးချုပ်ကို အစီရင်ခံမည်ဟု ကုလ ကျေညာချက်က ဆိုသည်။

သူသည် အထိန်းသိမ်းခံ လူထု ခေါင်းဆောင်အပြင် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့သော်လည်း ယခု ခရီးစဉ်မှ ရလဒ်ကောင်းများ ထွက်ပေါ်ခြင်း ရှိ၊ မရှိ ဆိုသည်မှာမူ သူ၏ အကောင်အထည် ဖော်နိုင်စွမ်းပေါ်တွင် မူတည်သည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates