Thursday, October 4, 2007

အန်အယ်ဒီ ခေါင်းဆောင်များ ခေါ်ယူစစ်ဆေးခံရ၊ ဖမ်းဆီးခံရ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြို့နယ်အချို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ဒေသဆိုင်ရာ အာဏာပိုင်များက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ခေါ်ယူ စစ်ဆေးမှုနှင့် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပဲခူး၊ ပုသိမ်ကြီး၊ မတ္တရာ၊ သာစည်၊ ပခုက�ူ အစရှိသည့် မြို့နယ်များရှိ အန်အယ်ဒီ ခေါင်းဆောင်များကို ရဲနှင့် ရပ်ကွက် အာဏာပိုင်များက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကာ မြင်းခြံနှင့် ကျောက်ပန်းတောင်း မြို့မှ ပါတီဝင် အချို့ကိုလည်း ဖမ်းဆီး ထိမ်းသိမ်းထားခြင်း ဖြစ်သည်။

ပဲခူးတိုင်း ပဲခူးမြို့ အန်အယ်ဒီ ဥက� ဌ ဦးမြတ်လှကို ယမန်နေ့နံနက် ၁ဝ နာရီခန့်က နယ်ထိန်း ရဲတဦးနှင့် ရယက လူကြီးတဦးမှ ခေါ်ဆောင် စစ်ဆေးပြီးနောက် နေ့တွင်ချင်း ည ၈ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်သည်။

“စစ်ဆေးမေးမြန်းတာ ၇ ဖွဲ့လောက် ရှိတယ်။ မေးတာတော့ စုံနေတာပဲ။ ဆန္ဒပြတဲ့ အကြောင်းတွေ မေးတယ်။ အဓိက မေးတာကတော့ ဆန္ဒပြပွဲတွေ လုပ်နေတာ အန်အယ်ဒီဘက်က မြှောက်ပေးတာလားပေါ့ မေးတယ်” ဟု ဦးမြတ်လှ က မဇ္ဈိမကို ပြောသည်။

ဦးမြတ်လှသည် ယခုလ ၂၈ ရက်နေ့တွင်လည်း ပထမအကြိမ် အဖြစ် ခေါ်ယူ စစ်ဆေးခံခဲ့ရသေးသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့ အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဦးဇော်ဟိန်းကို ယခုလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အရပ်ဝတ် ရဲ ၁ဝ ဦးခန့်က ‘အထက်လူကြီးက တွေ့ချင်လို့ပါ’ ဟု ဆိုကာ ခေါ်ဆောင် သွားခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
အလားတူပင် မန္တလေးတိုင်း မတ္တရာမြို့ မြို့သစ် ရပ်ကွက် အမှတ် ၂ တွင် နေထိုင်သည့် အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်ကိုလည်း ယမန့်နေ့ည ၁၂ နာရီခွဲတွင် စခန်းမှူး ဦးခင်မောင်သိန်းနှင့် မြို့နယ်မှူး ဦးခင်မောင်စိုး အပါအဝင် ၂၅ ဦးခန့်က ကား ၂ စီးဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း သိရသည်။

“လူကြီးတွေနဲ့ စကားပြောရုံလေးပါ။ ‘ရယက ရုံးထဲမှာ ဖမ်းမှာလား၊ ဖမ်းမယ်ဆိုလည်းပြော၊ အဝတ်အစားတွေနဲ့ ဆေးဝါးတွေ ယူမယ်’ ဆိုတော့ ‘မဟုတ်ပါဘူး၊ ပြောရုံ သက်သက်ပါ’ ဆိုပြီးတော့ ခေါ်တယ်။ ရယက တွေကလည်း ‘ခဏလေးပါ၊ ရုံးတင် ခဏ ပြောရအောင်’ ဆိုပြီးတော့ ပြောတယ်။ အဲဒါနဲ့ အဖေက လိုက်သွားတယ်” ဟု သားဖြစ်သူက ပြောသည်။

မန္တလေးတိုင်း သာစည်မြို့မှ အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးမြင့်ဌေးကိုလည်း ယမန်နေ့ ည ၁၁ နာရီတွင် ရဲစခန်းမှ ကားတစီးဖြင့် လာရောက် ခေါ်ဆောင်သွားသော်လည်း ယခုအခါ မည်သည့်နေရာတွင် ထားရှိကြောင်း မသိသေးဘဲ ဖြစ်နေသည်။

“သာစည် ရဲစခန်းက ‘ပြောစရာ ရှိတယ်’ ဆိုပြီး ရဲသား တယောက်ကို ခေါ်ခိုင်းလိုက်တယ်။ စခန်းရောက်တော့ စခန်းမှူးက သူခေါ်တာ မဟုတ်ဘူး၊ မိတ္တီလာက ခေါ်တယ်ပေါ့၊ မြို့နယ်မှူးက တွေ့ချင်တယ်ပေါ့။ ဒါကြောင့် ဦးမြင့်ဌေးက အိမ်ကို တခေါက် ပြန်လာတယ်။ အင်္ကျီတထည်ပဲ ပါသွားတယ်။ ဘယ်မှာထားတယ် ဆိုတာလည်း မသိသေးဘူး။ ဘာမှကို မသိသေးပါဘူး။ အားလုံးက ငြင်းနေတယ်။ ကျနော်တို့ ပြန်သွားမေးကြည့်တော့ ခရိုင်မှူးကလည်း မသိဘူးနဲ့ ငြင်းတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။

မကွေးတိုင်း ပခုက�ူမြို့မှ အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်အေးကို ယမန်နေ့ည ၁ နာရီခန့်တွင် ရဲနှင့် ရယက များက လာရောက် ဖမ်းဆီးခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ယခုလို ပြောပြသည်။

“၁ နာရီခွဲလောက်က လာဖမ်းသွားတာ။ နေအိမ်ကတော့ ပခုက�ူ မြို့နယ် အမှတ် ၁၂ ရပ်ကွက်မှာ နေတယ်။ ဒီနေ့ မိသားစုဝင်တွေက ရဲစခန်းကို သွားမေးတော့ မရှိဘူးလို့ ပြန်ပြောတယ်။ နောက်တယောက်ကတော့ ပခုက�ူ မြို့နယ်ထဲမှာ ရှိတဲ့ ကမ္မရွာက အန်အယ်ဒီ အဖွဲ့ဝင် ဦးစန်းပွင့်လည်း အဖမ်းခံတယ်လို့ ကြားရတယ်” ဟု သူက ပြောသည်။

သည့်အပြင် မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့မှ အန်အယ်ဒီ အဖွဲ့ဝင်များ ဖြစ်သည့် ဦးစိန်ကျော်လှိုင်၊ ဦးမြတ်စိုး၊ ဦးဝင်းရွှေ၊ ဦးသန်းလွင်၊ ဦးပေါအေး၊ ကိုရဲထွန်းနှင့် မြင်းခြံမြို့မှ အန်အယ်ဒီ အတွင်းရေးမှူး ကိုပေါသိန်း၊ အဖွဲ့ဝင် ကိုဝင်းနိုင်နှင့် ဦးဘိုဝင်းတို့ကိုလည်း ပြီးခဲ့သည့်လ နောက်ဆုံးပတ် အတွင်းက ဒေသ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများ အဆိုအရ သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates