Thursday, October 11, 2007

အဲပုဂံ ခရီးသည် သုံးပုံနှစ်ပုံ လျော့ကျသွား

သန်းထိုက်ဦး (မဇ္ဈိမ သတင်းဌာန)
အောက်တိုဘာ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်

စစ်အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတော် ဦးတေဇ ပိုင်ဆိုင်သည့် အဲပုဂံ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွင် စီးနင်းသူ သုံးပုံနှစ်ပုံ ကျဆင်းသွားကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများ အပြောအရ သိရသည်။

ရန်ကုန်- ဘန်ကောက်သို့ ခရီးစဉ်ကို A 310-200 ဖြင့် ပြေးဆွဲနေရာ လူဦးရေ ၂၂ဝ ကျော် လိုက်ပါနိုင်သည့် လေယာဉ် ခရီးစဉ်တွင် ၅ဝ ကျော်သာ လိုက်ပါ စီးနင်းလျှက် ရှိသည်။

“အခုပြည်တွင်းမှာ မငြိမ်သက်တာနဲ့ ပါတ်သက်ပြီးတော့ ခရီသည်တွေ နည်းလာတယ်။ ၆ဝ-၇ဝ ရာခိုင်နှုန်းလောက် ကျသွားတယ်” ဟု ဘန်ကောက် အခြေစိုက် လေကြောင်းလိုင်း အရာရှိတဦးက မဇ္ဈိမ သို့ ပြောသည်။

ရန်ကုန်-ဘန်ကောက် ခရီးစဉ်တွင် ဆန္ဒပြမှုများ မဖြစ်ပွားမီက ရုံးပိတ်ရက်များတွင် လူအပြည့် စီးနင်းလိုက်ပါလေ့ ရှိကြောင်းလည်း သူက ပြောသည်။ အဲပုဂံကို မြန်မာ အဲယားဝေးနှင့် ထူးထရိတ်ဒင်းတို့ ပူးပေါင်း ပိုင်ဆိုင်သည်။

မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုနှင့် ညမထွက်ရ အမိန့် ထုတ်ထားခြင်းကြောင့် နိုင်ငံခြား ခရီးစဉ်များတွင် ခရီးသည် ကျဆင်းသွားခြင်း ဖြစ်ကြောင်း သူက ပြောသည်။ အဲပုဂံ၏ ပြည်ပ ခရီးစဉ်များတွင် ထိုင်း၊ ကမ္ဘောဒီယား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ တရုတ်တို့ ပါဝင်သည်။

အလားတူပင် နိုင်ငံပိုင် မြန်မာ အဲယားဝေး အင်တာနေရှင်နယ် လေကြောင်း လိုင်းတွင်လည်း ခရီးသည် လျော့နည်းသွားသည်။

“နဂိုကထက် နည်းတော့ နည်းသွားတယ်။ မြန်မာသံရုံးက ဗီဇာ မပေးတော့ အဲဒါကြောင့် နည်းသွားတယ် လို့ ထင်တယ်။” ဟု အမ်အေအိုင် တာဝန်ရှိသူ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

လောင်စာဆီ ဈေးနှုန်းများ ရုတ်တရက် တိုးမြှင့်လိုက်ရာမှ အနှစ် ၂ဝ နီးပါးအတွင်း အကြီးမားဆုံး ဆန္ဒပြမှုများ မြန်မာနိုင်ငံ နေရာ အများအပြားတွင် ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက် ရှိခဲ့သော စစ်အစိုးရ၏ နှိမ်နင်းမှုကြောင့် ဒေါသ ထွက်နေသော စင်္ကာပူရောက် မြန်မာနိုင်ငံသား အချို့က စစ်ခေါင်းဆောင် ဗိုလ်ချုပ် သန်းရွှေ၏ အတွင်းလူ ဦးတေဇပိုင် လေကြောင်းလိုင်းကို သပိတ်မှောက်ရန် လှုံ့ဆော်ခဲ့မှုများ ထွက်ပေါ်ခဲ့သည်။

ဦးတေဇလည်း ဗိုလ်ချုပ်သန်းရွှေ၏ မိသားစုနှင့်အတူ နိုင်ငံခြားသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့သည် ဆိုသော သတင်းများလည်း ပေါ်ထွက်ခဲ့သည်။

ရန်ကုန်မြို့ အခြေစိုက် အဲပုဂံ လေကြောင်းလိုင်း ဝန်ထမ်းတဦးကတော့ မဇ္ဈိမသို့ ပြောကြားရာတွင် ဦးတေဇ မြန်မာနိုင်ငံတွင် “ရှိပါတယ်” ဟု ဆိုကာ ထွက်ပြေးသည် ဆိုသည်မှာ မဟုတ်ပါဘူးဟု ငြင်းဆန်သွားသည်။

သို့သော် အသေးစိတ်ပြောကြားရန် သူမက ငြင်းဆန်သွားခဲ့သည်။

သီးခြား အတည်ပြု၍ မရနိုင်သော သတင်းတခုက ဗိုလ်ချုပ်သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်သည် ဦးတေဇပိုင် စီးပွားရေး လုပ်ငန်းများတွင် အမည် ပါဝင်ရုံဖြင့် ရယူထားသော ရှယ်ယာများနှင့် ပတ်သက်၍ “နိုင်ငံရေး အခြေအနေ မကောင်းလို့” ဆိုကာ ငွေများ လိုက်လံ ထုတ်လျှက် ရှိသည်ဟု အတိုက်အခံ နိုင်ငံရေး သတင်း ရပ်ကွက်က ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates