Thursday, October 11, 2007

ရန်ကုန်မှာ လုံခြုံရေး တပ်မံတိုးမြှင့်လာ၊ အင်တာနက် ပိတ်ထားပြန်

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရန်ကုန်မြို့တွင် ယခု လဆန်းပိုင်းက လုံခြုံရေး အင်အားကို လျှော့ချခဲ့သော်လည်း ယမန်နေ့မှ စတင်ကာ ထပ်မံ၍ တိုးချဲ့ ချထားလာပြန်သလို အင်တာနက်လည်း ပိတ်ထား လိုက်ပြန်သည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများ ပြီးစီးခဲ့သဖြင့် လုံခြုံရေး ချထားမှုကို စစ်အာဏာပိုင်များ ဘက်က လျှော့ချ ပစ်လိုက်သော်လည်း ယမန်နေ့မှ စတင်ကာ ရဲ၊ ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင်များကို မြို့အနှံ့တွင် ထပ်မံ တိုးချထားသလို စစ်ကားများလည်း ဥဒဟို သွားလာနေခြင်း ဖြစ်သည်။

“မနေ့ညကနေ ရဲရောပေါ့နော်၊ အရင်နေ့တွေမှာတော့ မတွေ့ရပါဘူး။ လုံခြုံရေးကတော့ အပြည့်ပဲ။ မြို့ထဲမှာ ဟိုအရင် နေ့တွေမှာတော့ နည်းသွားပြီး မနေ့ကစပြီး စစ်သားတွေ ပြန်များနေတယ်။ နောက်ပြီး ကားတွေနဲ့ ပြန်လှည့်နေတာ တွေ့ရတယ်။ ကားတစီးမှာ အနည်းဆုံး ၂ဝ ကျော်လောက် ရှိမယ်။ မြို့ထဲမှာ ခုနက ကမ္ဘာအေး ဘုရားလမ်းအတိုင်း ပတ်သွားတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာ ဒါမျိုး ပတ်တာ မရှိဘူးလေ။ အခု ၂ ရက်ရှိပြီ” ဟု ရန်ကုန် မြို့ခံက ပြောသည်။

ဆူးလေဘုရား လမ်းထိပ်၊ မြို့တော် ခန်းမရှေ့၊ ရွှေတိဂုံဘုရား လမ်းထိပ်၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာ လမ်းတလျှောက်၌ ရဲအင်အား ၄-၅ ဦးနှင့် ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင်များကို ပူးတွဲ ချထားကြောင်း သိရသည်။

အင်တာနက်ကို ယမန်နေ့က ပြတ်တောင်းပြတ်တောင်း ပြန်ဖွင့်ပေးခဲ့သော်လည်း ယနေ့တွင် ပိတ်ထားပြန်သည်။ မြန်မာ တယ်လီပို့တ်ထ်ကတော့ ဆာဗာ ပြုပြင် ထိန်းသိမ်းရေးကြောင့် ဖြစ်ရသည်ဟု ပြောဆိုသော်လည်း အင်တာနက်မှတဆင့် သတင်း အချက်အလက်များ ပြည်ပသို့ ပေးပို့နေမှုကို ကန့်သတ်နိုင်ရေး ပိတ်ထားခြင်း၊ စောင့်ကြည့်ခြင်းများ လုပ်လို၍ဟု အင်တာနက် အသုံးပြုသူများက ပြောသည်။

“အရပ်ဝတ်တွေနဲ့ ရဲကတော့ ဆူးလေလမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာ လမ်းတို့မှာ ပေါ့နော်။ လမ်းတိုင်းမှာ အင်အား ၅ ယောက် တအုပ်စု ချထားတယ်” ဟု ပြောပြသည်။

မဇ္ဈိမ အထောက်တော် တဦးက “လုံခြုံရေးကို ဂရုစိုက်နေတယ် ပေါ့လေ။ ရဲတွေကို ချထားတယ်။ အရင်လောက်တော့ မများပေမယ့် ကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင်တွေကို အရပ်ဝတ်တွေနဲ့ ချထားတာ။ နေရာတိုင်းမှာ အဓိက ဆူးလေတို့၊ ရွှေတိဂုံတို့မှာပေါ့နော်။ အင်အားကို အဲဒီ နေရာမှာ ပိုပြီးချထားတယ်။ ကျန်တဲ့ နေရာမှာကတော့ နည်းတယ်” ဟု ပြောသည်။

ယနေ့တွင် အနော်ရထား လမ်းတလျှောက်တွင် လုံခြုံရေး ယူထားမှုသည် ရဲနှင့် ကြံ့ဖွံ့ အဖွဲ့ဝင်များ အများစုဖြစ်ပြီး၊ မြို့တော်ခန်းမ ရှေ့တွင်မူ စစ်ကား ၁ဝ စီးနှင့် မီးသတ်ကား ၄ စီး ရှိနေသည်။

“ကျနော်ထင်တာက သူတို့က ၆၆ နဲ့ ၇၇ ချထားတယ်လို့ ထင်တယ်။ ရွှေတိဂုံ ဘုရားလမ်းမှာပေါ့နော် စစ်ကားတွေ ချထားတာ တွေ့ရတယ်။ ၁ဝ စီး၊ ၁၅ စီးလောက် ဆိုက်ထားတာ တွေ့ရတယ်။ မီးသတ်ကားတွေရောပေါ့။ တနေရာမှာက ၄-၅ ယောက်ပဲ တစုတစု ရှိတော့တယ်ဗျာ။ ဆူးလေ ဘုရားလမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့် မီးပွိုင့်နားမှာဆို ရဲ ၁ဝ ယောက်၊ ၁၅ ယောက်လောက် ရှိတယ်ဗျာ” ဟု လေ့လာ စောင့်ကြည့်နေသူ တဦးက ပြောသည်။

“ပြည်သူတွေကတော့ ပုံမှန် သွားနေတာပဲလေ။ ဒါပေမဲ့ စိတ်ဓာတ် အင်အားတွေလည်း ကျသွားတာပေါ့။ လုံးဝ ကျေနပ်မှု မရှိကြဘူးလေ။ အခုဟာက တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေး ရှိနေတယ် ဆိုတော့ ပြည်သူတွေကတော့ အဲဒါကို တချက် စောင့်နေကြတာပေါ့နော်” ဟု သူက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates