Thursday, October 11, 2007

စစ်အစိုးရက ရဟန်းတော်များကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် သံရုံးအရာရှိတဦး ရာထူးမှနှုတ်ထွက်

မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်

စစ်အစိုးရက ဆန္ဒပြ ရဟန်း သံဃာတော်များကို “ကြောက်မက်ဖွယ်ကောင်းသော” အကြမ်းဖက် နှိမ်နင်းခဲ့မှုကို ကန့်ကွက်သောအားဖြင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အရာထမ်းတဦး ရာထူးမှ နှုတ်ထွက် သွားခဲ့သည်ဟု ဘီဘီစီ သတင်းအရ သိရသည်။

သံရုံး ဒုတိယ အတွင်းဝန် ဦးရဲမင်းထွန်းသည် ရဟန်းတော်များကို မြန်မာနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စိတ်ထိခိုက်ပြီး စစ်အစိုးရ တာဝန်များ ဆက်လက် မထမ်းဆောင်နိုင်ဘူးဆိုကာ ရာထူးမှ နှုတ်ထွက်စာကို သံရုံးသို့ တင်ခဲ့ခြင်း ဖြစ်သည်။ သူသည် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ၁ဝ နှစ်ခန့်ကြာ အမှုထမ်းခဲ့သူ ဖြစ်သည်။

“ကျနော့် ဘဝတလျောက်လုံး ဒါမျိုး ဖြစ်ရပ်တွေ မကြုံဖူးဘူး။ အစိုးရဟာ ငြိမ်းငြိမ်းချမ်းချမ်းနေတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ရိုက်နှက် ဖမ်းဆီး လုပ်နေတာ။” ဟု ဦးရဲမင်းထွန်းက ဘီဘီစီသို့ ပြောကြားသွားသည်။ “ကြောက်မက်ဖွယ် ကောင်းသော” ဖြိုခွင်းမှုဟု သူက ပြောဆိုသွားခဲ့သည်။

“ဒီတော်လှန်ရေး၊ ဒီအဖြစ်အပျက်ဟာ အစိုးရကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲကို ရောက်လာစေမယ့် အဆုံးအဖြတ် ပေးနိုင်မယ့် အချက်တခုလို့ ထင်ရပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အစိုးရဟာ အရှိတရားကို မျက်ကွယ်ပြုခဲ့တယ်။” ဟု သူက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates