Saturday, September 8, 2007

အကြမ်းဖက်မှု ချက်ချင်းရပ် ဟု နအဖကို အိန္ဒိယရောက် အမျိုးသမီးများ ပြောဆို

မဇ္ဈိသတင်းဌာန
စက်တင်ဘာလ ၇ ရက်၊ ၂ဝဝ၇ ခုနှစ်။

အကြမ်းဖက် တိုက်ခိုက်မှုများ ချက်ချင်း ရပ်ဆိုင်းရန် အိန္ဒိယ နိုင်ငံရောက် မြန်မာ အမျိုးသမီးများက နအဖ ကို ယနေ့ ပြောဆိုလိုက်သည်။

Women Demonstration in Delhi

လတ်တလော ဖြစ်ပွားနေသော မြန်မာပြည်တွင်းရှိ လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများကို စစ်အစိုးရနှင့် လက်ကိုင်ဒုတ် အင်အားစုများက ဆန္ဒပြ အမျိုးသမီးများ၏ ကာအိနြေ္ဒ ပျက်ပြားသည်အထိ အကြမ်းဖက် ဖမ်းဆီးနေခြင်းကို ကန့်ကွက်သည့် အနေဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးတွင် ယနေ့ နေ့လည်ပိုင်းက စုရုံးရောက်ရှိကာ ဆန္ဒပြရင်း ယခုလို ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အမျိုးသမီးတွေကို သူတို့က နေပြီးတော့ ဆွဲလားရမ်းလား ကိုယ်ထိလက်ရောက် လုပ်တဲ့ဟာတွေဟာ အင်မတန်ကို ရှက်စရာ ကောင်းပါတယ်။ အဲလိုဟာမျိုးတွေကို ကျမတို့ လုံးဝလုံးဝကို မကြိုက်ပါဘူး။ အဲဒါတွေကို ကျမတို့ လုံးဝကို၊ လုံးဝကို ရှုတ်ချလိုက်ပါတယ်။ အဲဒါကြောင့်မို့လည်း ဒီဆန္ဒပြပွဲကို လုပ်ရခြင်း ဖြစ်ပါတယ်” ဟု All Burmese Women Group မှ မဖြိုးဖြိုးကြိုင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲကို အိန္ဒိယရှိ မြန်မာ အမျိုးသမီး အဖွဲ့များမှ ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး အိန္ဒိယ၊ တရုတ် ရုရှားနှင့် အာဆီယံ နိုင်ငံများ အနေဖြင့် နအဖ စစ်အစိုးရကို အားပေး ထောက်ခံမှုများ ရပ်တန့်ရန်၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှလည်း မြန်မာ့အရေး ဆောင်ရွက်ပေးရန်နှင့် အိန္ဒိယ မီဒီယာ သတင်းဌာနများကလည်း မြန်မာနိုင်ငံ အကြောင်း ကမ္ဘာက သိရှိစေရန် အသေအချာ၊ အကျယ်အပြန့် ဖော်ပြပေးရန် အစရှိသည့် တောင်းချက်များကို ထုတ်ပြန် ကြေညာခဲ့ကြသည်။

“ကျမတို့ မြန်မာ့နိုင်ငံရေးကြီး ပြောင်းလဲဖို့ ရေစီးကြောင်း တခုထဲမှာ ကျမတို့ အမျိုးသမီးတွေဟာ အရေးကြီးတဲ့ ထိပ်တန်း ခေါင်းဆောင်တွေ နေရာမှာ ပါဝင်နေပြီ ဖြစ်တဲ့အတွက် တိုက်ပွဲဟာ မပြီးဆုံးသေးပါဘူး။ ရှေ့ဆက်လက် အားမွေးပြီး တခဲနက် ဆက်လက် ပါဝင်သွားကြရန် တိုက်တွန်း လိုက်ပါတယ်” ဟု ကချင် အမျိုးသား အစည်းအရုံး -(အိန္ဒိယ) မှ မလွမ်းနန်း က ပြောဆိုသည်။

အများအားဖြင့် တိုင်းရင်းသား ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသည့် လူအင်အား ၂ဝဝ ခန့်ရှိ ဆန္ဒပြသူများသည် ‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ … ချက်ချင်းရပ်၊ ချက်ချင်းရပ်’ ၊ ‘စစ်အစိုးရ ပြုတ်ကျရေး … ဒို့အရေး၊ ဒို့အရေး’၊ ‘ဒို့ခေါင်းဆောင်တွေ … ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်’၊ ‘လူထုတိုက်ပွဲ … ဖော်ထုတ်ကြ၊ ဖော်ထုတ်ကြ” အစရှိသည်များကို တခဲနက် ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates