Saturday, September 8, 2007

မြန်မာနိုင်ငံတွင် ဘွဲ့ပေးမည့် စာနယ်ဇင်း သင်တန်း မကြာခင် ဖွင့်လှစ်တော့မည်

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလလ ၇ ရက်၊ ၂ဝဝ၇ ခုနှစ်။

ဆိုးရွားသည့် ဆင်ဆာ ဖြတ်တောက်မှု ရှိနေသော မြန်မာနိုင်ငံက ၃ နှစ် တက်ရောက်ရမည့် ဝိဇ္ဇာဘွဲ့ သတင်း စာနယ်ဇင်း သင်တန်းတခုကို မကြာမီ ဖွင့်လှစ်မည် ဖြစ်သည်။

ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးတွဲ ဖွင့်လှစ်မည့် ပထမဦးဆုံးအကြိမ် သတင်း စာနယ်ဇင်း ပညာရပ်ကို ပညာရေး ဝန်ကြီးဌာနမှ ဘွဲ့အပ်နှင်းခြင်းနှင့် သင်ရိုး ညွှန်းတမ်းများ ပြဋ္ဌာန်းပေးမည် ဖြစ်ပြီး၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ သင်ကြားပို့ချမှု ပြုလုပ်သွားမှာ ဖြစ်သည်။

နေပြည်တော် အခြေစိုက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦချစ်နိုင် က “ဒီဂရီ ပေးတယ်ဆိုတာ ပညာရေး ဝန်ကြီးဌာနက သင်မှာ၊ ပညာရေး ဝန်ကြီးဌာနက ခေါ်မှာ၊ ပညာရေး ဝန်ကြီးဌာနက ပေးမှာ။ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ ဒီဟာကို ပို့ချဖို့ ဖြစ်စေ၊ သို့မဟုတ် သတင်းစာတိုက်တွေကို လေ့လာဖို့ ဆိုလို့ရှိရင် ကူညီပါ့မယ်၊ ကူညီနိုင်မယ်။ ဒီလို ဖြစ်ကောင်းဖြစ်မယ်” ဟု မဇ္ဈိမကို ပြောပြသည်။

သင်တန်းကာလတွင် အဓိကအားဖြင့် ပုံနှိပ် ထုတ်ဝေရေး၊ ရေဒီယို၊ ရုပ်မြင်နှင့် သတင်း အင်တာဗျူး ဘာသာရပ်များကို ပို့ချပေးသွားမည်ဟု သိရသည်။ အခြေခံပညာ အထက်တန်းပညာ အောင်မြင်ပြီးသည့် မျိုးဆက်သစ် လူငယ်များကို စာနယ်ဇင်းပညာ အခြေခံနှင့် ကျွမ်းကျင်အဆင့် ရောက်ရှိရန် ရည်ရွယ်၍ ရန်ကုန်ရှိ အမျိုးသား စီမံခန့်ခွဲရေး ကောလိပ်တွင် ဖွင့်လှစ်သွားမည်ဟု ရန်ကုန်တိုင်းမ် သတင်းစာတွင် ဖော်ပြပါရှိသည်။

စာနယ်ဇင်း ပညာရပ်နှင့် မည်သည့် သင်ရိုးညွန်းတမ်းနှင့် မည်သည့် သတင်းစာ ပညာရှင်များက သင်ကြား ပို့ချသွားမည် ဆိုသည်ကို ထုတ်ပြန်ခြင်း မရှိသေးပါ။

“လာမယ့်နှစ် ပညာသင်နှစ်မှာ စဖွင့်မယ်ဆိုတာ သိရတယ်။ ပထမဆုံး ဖွင့်မယ့် Journalism ကျောင်းဆိုတော့ ကျနော်လည်း စိတ်ဝင်စားတယ်။ ဒါပေမယ့်လို့ အသေးစိတ် အကြောင်းအရာတွေကို မသိရသေးဘူး။ ဘယ်သူတွေ ပို့ချပြီးတော့ ဘယ်လို သင်ရိုးညွန်းတမ်း သုံးမယ်ဆိုတာ သူတို့ ပြောမှာတော့ မဟုတ်ဘူး။ သတင်းစာတွေမှာ တရားဝင် ထုတ်ပြန်မှပဲ သိရတော့မှာ။ ကျနော်တို့လည်း” ဟု ရန်ကုန် အခြေစိုက် ပေါ်ပြူလာ ဂျာနယ်မှ အယ်ဒီတာ ဦးဟိန်းလတ်က ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာ့သတင်း သမဂ္ဂ (ဘီအမ်အေ) အတွင်းရေးမှူး ဦးစံမိုးဝေ က မကြာမီ ဖွင့်လှစ်မည့် သတင်း စာနယ်ဇင်းပညာ ကောလိပ်အပေါ် ယခုလို ထောက်ပြ ဝေဖန်သည်။

“မြန်မာပြည်မှာ ရှိသင့်ရှိထိုက်တဲ့ ကျောင်းဖြစ်ပါတယ်။ တကယ် တိုးတက်တဲ့ အမြင်ရှိတဲ့၊ တကယ် သတင်းစာ ပညာကို စွမ်းစွမ်းတမံ လေ့လာထားတဲ့ သူတွေ၊ လုပ်ကိုင်နေတဲ့ သူတွေ လာပြီးတော့ လွတ်လွတ်လပ်လပ် ပို့ချပေးမယ် ဆိုရင်တော့ ဒီဟာက အကျိုးရှိမှာပေါ့” ဟု သူက ပြောသည်။

သူက ဆက်ပြီး “အစိုးရက နေပြီးတော့ သူတို့ လိုချင်တဲ့ သင်ရိုးညွန်းတမ်းတွေနဲ့၊ သူတို့ လိုချင်တဲ့၊ ကန့်သတ်ထားတဲ့ သတင်းစာ ဆရာမျိုး မွေးထုတ်နိုင်ရုံနဲ့၊ အဲလို ရည်ရွယ်ချက်တွေနဲ့ ဆိုရင် အကျိုးရှိမှာတော့ မဟုတ်ဘူး” ဟု ပြောဆိုလိုက်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates