Saturday, September 8, 2007

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက စစ်အစိုးရသို့ အကြံပြုချက်

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

အမှတ် ၅ဝ၄ ၊၅ဝ၆
ကုန်သည်လမ်း
ကျောက်တံတားမြို့နယ်
ရန်ကုန်မြို့

ဖုန်းနံပါတ် ၂၄၆၄၉၅၊ ၂၄၃၁၅၁၊ ၃၈၁၂၈၅
ဖက်စ် - ၉၅-၁-၁၄၈၁၇၇
စာအမှတ် က၊၃၊၇ (၁၂) (၁၅) - ဝ၇၂ (၅ဝ၇၆)
ရက်စွဲ - ၂ဝဝ၆ ခုနှစ်၊ ဧပြီလ ၄ ရက်

အကြောင်းအရာ။ ။ကုန်သည် စက်မှုလက်မှု အသင်းချုပ်၏ စာတမ်းများ ဆိုင်ရာ အကြံပေးအဖွဲ့ကို အဖွဲ့ဝင်များဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း။

၁။ အကျိုးအကြောင်း ဖော်ပြချက် - ဤ ကုန်သည် စက်မှုလက်မှု အသင်းချုပ်သည် ရည်ရွယ်ချက် ၁၁ ချက်နှင့် လုပ်ငန်း တာဝန်များကို ချမှတ် ကျင့်သုံး ဆောင်ရွက်လျှက် ရှိရာတွင် နိုင်ငံတော်၏ စီးပွားရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံဉာဏ်များ ပေးနိုင်ရန် ဤအသင်းချုပ်ကို UNFCCI Economic Study and Research Institute (ESRI) ကို ဖွဲ့စည်း တည်ထောင်ပြီးလည်း သုတေသန စာတမ်းများကို ရေးသားပြုစု၍ အထက် အဖွဲ့အစည်းများသို့ တင်ပြလျှက် ရှိပါသည်။

၂။ အဆိုပါ သုတေသန စာတမ်းများကို သုတေသန လုပ်ထုံးလုပ်နည်း၊ စံချိန် စံညွှန်းများနှင့် ကိုက်ညီရေး၊ အရည်အသွေး မြင့်မားရေး၊ အချက်အလက်များ ပိုမို မှန်ကန် တိကျမှု ရှိစေရေး၊ လက်တွေ့ အသုံးဝင်မှု ရှိစေရေး တို့အတွက် စေ့စပ်ညှိနှိုင်း အကြံဉာဏ်များ ပေးနိုင်ရန် အလို့ငှာ ဝါရင့် ပညာရှင်ကြီးများ ပါဝင်သော စာတမ်းဆိုင်ရာ အကြံပေး အဖွဲ့ ESRI Advisory Group ကို ဖွဲ့စည်း တာဝန် ပေးအပ်ရခြင်း ဖြစ်ပါသည်။

ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း

၃။ ကုန်သည် စက်မှုလက်မှု အသင်းချုပ်၏ စာတမ်းများ ဆိုင်ရာ အကြံပေး အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် အောက်ပါ ပုဂ္ဂိုလ်များအား အဖွဲ့အစည်း တာဝန် ပေးအပ်လိုက်ပါသည်။

(က) ဦးခင်မောင်ရီ (ဒုတိယဝန်ကြီး - ငြိမ်း)

(ခ) ဒေါက်တာ မန်းသက်ဇ့ (ဒုတိယဝန်ကြီး - ငြိမ်း)

(ဂ) ဒေါက်တာ ကျော်ထင် (ညွှန်ကြားရေးချုပ် - ငြိမ်း၊ အိမ်တွင်း စက်မှုလက်မှု ဦးစီးဌာန)

(ဃ) ဦးလှမောင် (မြန်မာ သံအမတ်ကြီး - ငြိမ်း)

(င) ဒေါက်တာ မောင်မြင့် (ညွှန်ကြားရေးမှူး - ငြိမ်း - UNDPAP)

(စ) ဦးမြတ်သိန်း (ပါမောက္ခချုပ် - ငြိမ်း၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်)

(ဆ) ဦးမော်သန်း (ပါမောက္ခချုပ် - ငြိမ်း၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်)

(ဈ) ဒေါက်တာကံဇော် (ပါမောက္ခချုပ် - ရန်ကုန် စီးပွားရေး တက္ကသိုလ်)

(ည) ဒေါက်တာ တင်စိုး (ပါမောက္ခ - စီးပွားရေး ပညာဌာန အဝေးသင်ဌာန)

(ဋ) ဒေါ်ရီရီမြင့် (ပါမောက္ခ- ငြိမ်း၊ စီမံအုပ်ချုပ်မှု ဌာန၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်)

လုပ်ငန်းတာဝန်များ

၎။ UNFCCI စာတမ်းများဆိုင်ရာ အကြံပေးအဖွဲ့ အဖွဲ့ဝင်များ၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) UNFCCI မှ ရေးသား ပြုစုသင့်သော စာတမ်းများ၏ အကြောင်းအရာများကို ရှာဖွေ ဖော်ထုတ် အကြံပေးရန်

(ခ) UNFCCI မှ စာတမ်းများ ရေးသား ပြုစုထားရာတွင် သင့်လျော်သော လမ်းညွှန်မှု၊ အကြံပေးမှု၊ ကြီးကြပ်မှုများ ပြုလုပ်ပေးရန်

(ဂ) UNFCCI မှ ရေးသား ပြုစုထားသော စာတမ်းများအပေါ် သုတေသန လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီရေး၊ အရည်အသွေး မြင့်မားရေး၊ အချက်အလက်များ ပိုမို တိကျ မှန်ကန်ရေးနှင့် လက်တွေ့ နယ်ပယ်တွင် အသုံးဝင်မှု ရှိစေရေး အတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အကြံပေးခြင်းများ ပြုလုပ်ရန်။

(ဃ) UNFCCI ၏ စာတမ်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များထံ စာတမ်းရှင်များက တွေ့ဆုံ ရှင်းလင်း၊ တင်ပြရသည့် အခါများတွင် လိုအပ်ပါက ဝါဝင် ဆွေးနွေး ကူညီ ပံ့ပိုးပေးရန်

အထွေထွေ

၅။ UNFCCI ၏ စာတမ်းများအပေါ် အကြံပေး အဖွဲ့ဝင်များ၏ အကြံပြုချက်များကို အလေးထား၍ သင့်လျော်သလို ထည့်သွင်း ဖော်ပြမည် ဖြစ်ပါသည်။ သို့ရာတွင် ယင်းသို့ ဖော်ပြချက်များကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို အကြံပြု ပုဂ္ဂိုလ်များတွင် တာဝန် မရှိစေရဘဲ UNFCCI က တာဝန်ယူမည် ဖြစ်ပါသည်။

၆။ UNFCCI Advisory Group အဖွဲ့ဝင်များ၏ အကြံပြုချက်များအပေါ် ဉာဏ်ပူဇော်ခအဖြစ် အခါအားလျော်စွာ ချီးမြှင့်မည် ဖြစ်ပါသည်။

ဖြန့်ဝေခြင်း

သက်ဆိုင်ရာပုဂ္ဂိုလ်များ

မိတ္တူကို

(၁) ဗဟို အလုပ်အမှုဆောင် ပုဂ္ဂိုလ်များ

(၂) ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် အခွန်အကောက်ဆိုင်ရာ လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များ၊

(၃ ESRI/အဖွဲ့ဝင်များ

(၄) ဌာနအားလုံး (ကုန်သွယ် စက်မှုလက်မှု အသင်းချုပ်)

နိုင်ငံတော် ဝန်ထမ်းများ လစာတိုးမြှင့်မည့် ကိစ္စရပ်အပေါ် အကြံပြု တင်ပြချက်

ယခုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးကို သယ်ပိုး လုပ်ဆောင်နေကြသော ဝန်ထမ်းများအား လက်ရှိ လူနေမှု စရိုက်နှင့် လိုက်လျောညီထွေ ရရှိနိုင်သော လစာငွေများ တိုးမြှင့်မည့် ကိစ္စသည် လွန်စွာ ကောင်းမွန်သည့် ကိစ္စတရပ် ဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်လည်း ရရှိလာသော ဝင်ငွေများမှ လိုအပ်ချက်များကို သုံးစွဲမှု ပြုခြင်းသည် နိုင်ငံတော်၏ စားသုံးမှုကို တိုးမြင့်စေပြီး တိုင်းပြည်၏ ဝင်ငွေ တိုးတက်မှု ပမာဏကို တိုးမြင့် စေပါသည်။ ယခုကဲ့သို့ လစာ တိုးမြှင့်မှုသည် တိုင်းပြည်အတွင်းရှိ ပြည်သူများ၏ ဓနခွဲဝေမှု အတွက် ပြုလုပ်ရာ ရောက်ပါသည်။ ထို့အတွက် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြယုဂ်တခု ဖြစ်ပါသောကြောင့် ကြိုဆိုအပ်ပါသည်။

သို့ပါသော်လည်း ယခု တိုးမြှင့်လိုက်သော လစာများသည် တဦးချင်း ပျမ်းမျှ ဝင်ငွေ ၃ သောင်း ပြဌာန်း တိုးမြှင့်ပြီး ဖြစ်ရာ မြန်မာနိုင်ငံ၏ စုစုပေါင်း ဝန်ထမ်းဦးရေ ခန့်မှန်း ၁၅ သိန်းခန့်ရှိသည် ဖြစ်သောကြောင့် လစဉ် လိုအပ်သော ငွေပမာဏမှာ ကျပ်သန်းပေါင်း ၄၅ဝဝ ခန့်ရှိမည် ဖြစ်ပါသည်။ တနှစ်အတွက် လိုအပ်သော ငွေပမာဏမှာ ကျပ်သန်းပေါင်း ၅ သိန်း ၄ သောင်းခန့် လိုအပ်မည် ဖြစ်ပါသည်။ နိုင်ငံတော်၏ တရားဝင် ကြေညာချက်အရ ယမန်နှစ် ၂ဝဝ၄ - ၂ဝဝ၅ ခုနှစ် ဘဏ္ဍာရေး လိုငွေပြမှုအရ ဖြစ်သည်ဟု သိရပါသည်။ နိုင်ငံတော် ဝန်ထမ်းများ၏ တနှစ်လစာအတွက် ထပ်မံ လိုအပ်သော ငွေပမာဏ ကျပ်သန်းပေါင်း ၅ သိန်း ၄ သောင်းခန့်အား နိုင်ငံတော် ဘဏ္ဍာမှ ကျခံ သုံးစွဲမည်ကို အများပြည်သူများက စိုးရိမ် နေကြပါသည်။

အကယ်၍ လိုငွေပမာဏကို နိုင်ငံတော်မှ တိုးတက် ရရှိအောင် မရှာဖွေနိုင်ခဲ့ပါလျှင် ငွေဖောင်းပွမှု ဖြစ်ကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက် သွားနိုင်ပါသည်။ ထိုအခါ နိုင်ငံတော်၏ စေတနာအလျောက် လုပ်ဆောင်ထားသော ဝန်ထမ်းများ လစာ တိုးမြှင့်သည့် ကိစ္စရပ်မှာ အရာမရောက်ဘဲ ဖြစ်သွားနိုင်ပါသည်။ သို့ပါ၍ နိုင်ငံတော်၏ ဝင်ငွေနှင့် ထွက်ငွေ ညီမျှမှု ရှိစေရန် အောက်ပါအတိုင်း အကြံပြု တင်ပြအပ်ပါသည်။

(၁) နိုင်ငံတော်၏ လက်ရှိ လောင်စာဆီ ဈေးနှုန်းသည် တဂါလံလျှင် ကျပ် ၁၅ဝဝ ဖြင့် ရောင်းချနေသည်မှာ နိုင်ငံတကာ ပေါက်ဈေးဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက လွန်စွာ သက်သာနေပါသဖြင့် တဂါလံလျှင် အနိမ့်ဆုံး ကျပ် ၃ ထောင်ဖြင့် ရောင်းချသင့်ပါသည်။

ထိုအခါ တဂါလံပေါ်တွင် တိုးမြင့်လိုက်သော ၁၅ဝဝ ကျပ်သည် ပြည်တွင်းတွင် တနှစ်သုံးစွဲသော ဆီဂါလံအပေါ်တွင် ကျပ်သန်းပေါင်း ၅ သိန်း ၄ သောင်းခန့် နိုင်ငံတော်၏ ဘဏ္ဍာငွေအဖြစ် စီးဝင်လာမည် ဖြစ်ပါသည်။

(၂) နိုင်ငံတော်တွင် ဖြန့်ဖြူး ပေးနေသော လျှပ်စစ် တယူနစ် ပမာဏ ကျသင့်ငွေမှာလည်း ကမ္ဘာ့ ဈေးနှုန်း၏အောက် အလွန် နိမ့်ကျနေပါသည်။ နိုင်ငံတကာတွင် လျှပ်စစ် တယူနစ်၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ဝ (သုံည) ဒဿမ ဝ၈ (မြန်မာငွေ ၈ဝ ကျပ်) ဖြစ်ပါသည်။ အမေရိကန်ဒေါ်လာ ဝ (သုံည) ဒဿမ ၁၃၊ မြန်မာငွေ ၁၃ဝ ကျပ် ရှိနေပါသဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ် တယူနစ် ဈေးနှုန်းများကို ၁ဝဝ ကျပ်ခန့်အထိ တိုးမြှင့်သင့်ပါသည်။ ထိုအခါ တနှစ်သုံးစွဲသော လျှပ်စစ် ဓာတ်အား ၂၇ဝဝ ဒဿမ ၆၈ မီလီယံ ကီလိုဝပ် အပေါ်တွင် တယူနစ်လျှင် ၇၅ ကျပ်ခန့် အထိ တိုးမြင့်ရရှိပါက မြန်မာငွေ သန်း ၂ဝ၂၅၅ ကျပ် ရရှိမည် ဖြစ်ပါသည်။

(၃) အထက်ဖော်ပြပါ ၂ ချက်ကို နိုင်ငံတော်မှ ချက်ချင်း အကောင်ထည်ဖော်၊ ဆောင်ရွက်နိုင်သည့် ကိစ္စ ဖြစ်ပါသည်။ ဤသို့ ပြုလုပ်၍ နိုင်ငံတော်၏ ဝင်ငွေ မြှင့်တင်ရန် လုပ်ဆောင်သည့် အနေဖြင့် နိုင်ငံတော် အခွန်ကောက်ခံသည့် ကိစ္စအား မျှမျှတတ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ပါသည်။

ထိုသို့ ပြုလုပ်ရာတွင် လက်ရှိ ဝန်ထမ်းများ အပေါ် ဖိစီးမှု မရှိစေဘဲ အလုပ်လုပ်ကိုင်နေသော အခွန် ထမ်းဆောင်သင့်သူများအား မျှမျှတတ ကျယ်ကျယ်ပြန့်ပြန့် အခွန် ကောက်ခံစေခြင်း ဖြစ်ပါသည်။ ယခု ဖော်ပြပါ နည်းလမ်းသည် နိုင်ငံတော်၏ စီပွားရေး ဖွံ့ဖြိုးမှုနှင့် ဆက်စပ် နေပါသဖြင့် နှိုင်းနှိုင်းယှဉ်ယှဉ် ပြုလုပ်သင့်ပါသည်။ နိုင်ငံတော် အကြီးအကဲများ အနေဖြင့် လောင်စာဆီ ဈေးနှုန်းအား တိုးမြှင့် သတ်မှတ်လိုက်သည့်အတွက် ကုန်ဈေးနှုန်းများ မြင့်တက် သွားနိုင်သည်ဟု ယူဆနိုင်ဖွယ် ရှိပါသည်။ အမှန်က တွင်ကျယ်နေသည့် စီးပွားရေး လုပ်ငန်း လုပ်ဆောင်နေရာတွင် Controlling Services ဈေးကွက်၊ Transportation Services ဈေးကွက်၊ ပေါက်ဈေးအောက် ဆီတဂါလံလျှင် ၃ဝဝဝ ကျပ် အထက်ဖြင့် တွက်ချက် လုပ်ဆောင် နေပါသဖြင့် လက်ရှိ ကုန်ဈေးနှုန်းအား ထိခိုက် နစ်နာနိုင်မည် မဟုတ်သည့်အပြင် ဈေးကွက် တည်ငြိမ်မှုများအား ဖြစ်ပေါ်နိုင်မည် ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် အဆိုပါ လောင်စာဆီ တဂါလံ ၃ဝဝဝ ကျပ်သို့ မတိုးမြှင့်ဘဲ ငွေဖောင်းပွမှု ဖြစ်ခဲ့ပါက မြန်မာကျပ်ငွေ တန်ဖိုးကျကာ အမေရိကန် ဒေါ်လာဈေး မြင့်တက် သွားနိုင်ပါသည်။ ထိုအခါ ဆီတဂါလံလျှင် ၃၇၅ဝ ကျပ်၊ အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၅ဝဝ အထိ ဈေးမြင့်တက် သွားနိုင်ပါသည်။ နိုင်ငံတော်မှ တဂါလံလျှင် ၃ဝဝဝ ကျပ်ဖြင့် တိုးမြှင့် ရောင်းချပါက မြန်မာကျပ်ငွေ ကျစ်လစ် သွားပြီးလျှင် အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၁၅ဝ အောက် ကျဆင်းသွားနိုင်ပါသည်။

ထိုသို့ အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းလာသဖြင့် လောင်စာဆီ ဈေးနှုန်းများလည်း ကျဆင်းလာပါမည်။ ထို့အပြင် ဒေါ်လာဈေးနှုန်း ကျဆင်းမှုကြောင့် ကုန်ပစ္စည်း ဈေးနှုန်းများလည်း ကျဆင်း သွားနိုင်ပါသည်။ ထိုအခါ နိုင်ငံတော်၏ စေတနာ အလျောက် ဝန်ထမ်းများ လစာ တိုးမြှင့်မည့် ကိစ္စအား အကျိုးထိရောက်မှု ပိုမို ရရှိမည် ဖြစ်သည်ကို တင်ပြ အကြံပြုအပ်ပါသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates