စက်တင်ဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ဗုဒ္ဓဘာသာဝင် အဖြစ်မှ ထုတ်ပယ်ပစ်ရန် အတွက် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က တကိုယ်တော် တောင်းဆို ဆန္ဒပြခဲ့သူကို အာဏာပိုင်များက နေ့တွင်းချင်းပင် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချလိုက်သည်။
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ဗုဒ္ဓ ဘာသာဝင်မှ ထုတ်ပယ်ပစ်ရေး အပါအဝင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် တကိုယ်တော် ဆုတောင်း ဆန္ဒပြသူ တောင်ကုတ်မြို့နယ် ဆားပြင် ကျေးရွာသား ကိုစိုးဝင်းကို တောင်ကုတ် မြို့နယ် တရားရုံးမှ တရားသူကြီး ဒေါ်သိန်းဟန်က ဆန္ဒပြသည့် နေ့၌ပင် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
]ရဲတွေက ရဲစခန်းအချုပ်ကို ဖမ်းသွားပြီးတဲ့နောက် သိပ်ကြာခင်မှာပဲ တရားရုံးကို တိုက်ရိုက် ပို့ပြီးတော့ တရားစီရင် တော့တာပဲ။ အပြင်က လူတွေလည်း ဝင်ခွင့်မရဘူး။ သူတို့ ဝန်ထမ်းတွေပဲ အထဲမှာ ရှိတယ်။ အမှုက ၅ ည (နိုင်ငံရေး ပုဒ်မ) နဲ့လို့ ပြောတာပဲ။ အဲဒါလည်း သေသေချာချာ မဟုတ်ဘူး။ ရဲဝန်ထမ်း တယောက်က ပြန်ပြောပြလို့ သိရတာ” ဟု ကိုစိုးဝင်း၏ မိတ်ဆွေတဦးက မဇ္ဈိမကို ပြောသည်။
ကိုစိုးဝင်းသည် ယမန်နေ့ နံနက် ၁ဝ နာရီခန့်တွင် “ဒေါ်အောင်ဆန်း စုကြည်နှင့် ၈၈ ကျောင်းသားများကို ပြန်လွတ်ပေးရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ဗုဒ္ဓဘာသာမှ ထုတ်ပယ်ပစ်ရေး” ဟု ရေးသားထားသည့် စာရွက်ဖြူ တရွက်ကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ် ဒေသခံ ကိုသောင်းထိုက်က ပြောသည်။
“သူက ဘုရားကြီးဘက်က စထွက်ပြီး ဈေးကြီးဘက်ကို လမ်းလျှောက်သွားတာ။ လမ်းလျှောက်တဲ့ အချိန်မှာလည်းပဲ တောင်းဆိုချက်တွေကို အော်ပြီး သွားတာလေ။ ဈေးကြီးအရောက် ၁ဝ နာရီခွဲ လောက်မှာ ရယက ဥက� ဌ တဦးရယ်၊ နောက် ရဲတွေရယ်က ဖမ်းသွားတာ” ဟု သူက မဇ္ဈိမကို ပြောသည်။
သြဂုတ်လ ၃၁ ရက်နေ့ကလည်း တောင်ကုတ်မြို့တွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့သူ ၂ ဦး ဖြစ်သူ ကိုစည်သူနှင့် ကိုသန်းလွှင်တို့ကို မြို့နယ် အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သော်လည်း နောက်ပိုင်းတွင် တောင်ကုတ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက� ဌ အပါအဝင် ပါတီဝင်များနှင့် အရပ်သားများက လူစုလူဝေးကြီးဖြင့် တောင်းဆိုမှုကြောင့် ပြန်လည် လွှတ်ပေးခဲ့သည်။