စက်တင်ဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။
နအဖ အမျိုးသား ညီလာခံ ထောက်ခံ ကြိုဆိုပွဲသို့ တအိမ်ထောင်လျှင် တဦးကျနှုန်းဖြင့် တက်ရောက်ရန် အတွက် ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် ဒေသအာဏာပိုင်များက ယနေ့တွင် လိုက်လံပြောဆိုခဲ့ကြသည်။
ပြီးခဲ့သည့် ၄ ရက်နေ့က ပြီးဆုံးခဲ့သည့် နအဖ အမျိုးသား ညီလာခံကို ကြိုဆို ထောက်ခံသည့် အခမ်းအနားကို လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြစ်ကြီးနား မြို့လယ်ရှိ ဘောလုံးကွင်းတွင် ကျင်းပသွားမည် ဖြစ်သဖြင့် မြို့ပေါ်ရှိ တအိမ်ထောင်လျှင် တဦးကျ မတက်မနေရ တက်ရမည် ဖြစ်ကာ မတက်ရောက်လျှင် ပြင်းထန်စွာ အရေးယူမည် ဟူသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ် အုန်းမြင့်၏ အမိန့်ကို ဒေသ အာဏာပိုင်များက ယနေ့တွင် တအိမ်တက်ဆင်း လိုက်လံ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြို့ခံတဦးက “တအိမ်ထောင်ကို တယောက် မသွားမနေရတဲ့။ မသွားရင် ပြင်းထန်စွာ အရေးယူမယ်လို့ ပြောသွားတယ်။ ဒီနေ့ကစပြီး လိုက်ပြောနေကြတယ်။ တိုင်းမှူးရဲ့ အမိန့်လို့ ပြောတယ်။ အခုပဲ အခုပဲ မယက (မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးေ ကာင်စီ) ကောင်တွေ လာပြောသွားတယ်။ အခု တိုင်းမှူးက အရမ်းဆိုးတယ်” ဟု မဇ္ဈိမကို ပြောသည်။
၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင် ကျင်းပလာသည့် သက်တမ်း ၁၄ နှစ်ကြာ နအဖ အမျိုးသား ညီလာခံကို အကြိမ်ကြိမ် ရပ်နားမှုများ ပြုလုပ်လာခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြန်လည် ကျင်းပပြီး ယခုလ ၄ ရက်နေ့တွင် အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲခဲ့သည့် အဆိုပါ ညီလာခံကို နိုင်ငံတကာနှင့် မြန်မာ့အရေး လှုပ်ရှားသူများက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိသလို၊ တိုင်းရင်းသား လူမျိုးများ အခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အာမခံမှု မရှိဘဲ စစ်အာဏာပိုင်များမှ တရားဝင် အာဏာ ကြီးစိုးရေးအတွက် အခြေခံ မူများကိုသာ အဓိက ရေးဆွဲ ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဝေဖန် သုံးသပ်ခဲ့ကြသည်။
ယခု နောက်ဆုံးအကြိမ် ကျင်းပသည့် ညီလာခံသို့ ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) မှ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ဆိုင်ရာ အခြေခံမူ ၁၉ ချက်ကို တင်သွင်းခဲ့သော်လည်း စစ်အစိုးရမှ ညီလာခံအတွင်း ထည့်သွင်း ဆွေးနွေးခွင့် မပြုခဲ့ပေ။
မြစ်ကြီးနား ဒေသခံ တဦးကလည်း “အခု သူတို့လုပ်တာကို ထောက်ခံပေးဖို့ပေါ့။ လူထုက ထောက်ခံတယ်ဆိုတဲ့ ပုံစံပေါ့။ ဒါပေမဲ့ လူထုတွေက သူတို့ လုပ်တဲ့ဟာကို မထောက်ခံကြပါဘူး။ ဒီဟာ သူတို့ဟာ သူတို့ ကြိုက်သလို လုပ်နေတယ်ဆိုတာ သိပါတယ်” ဟု ဝေဖန်ပြောဆိုခဲ့သည်။
မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ကေအိုင်အို က တင်သွင်းခဲ့သည့် အချက် ၁၉ ချက်နှင့်ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးရန် အတွက် နအဖ သည် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် တရားဟောဆရာ ဆရာ ဆဘွဲဂျုံမ်ကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့ ဆင့်ခေါ်ကာ ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာဒေသသို့ စေလွှတ်ခဲ့သေးသည်။ သို့သော်လည်း ယခုကိစ္စနှင့် ပတ်သက်ပြီး ကေအိုင်အို မှ တစုံတခု ထုတ်ပြန် ပြောကြားခြင်း မရှိသေးပါ။