Wednesday, September 12, 2007

နိုင်ငံ့ အသုံးစားရိတ် ပြုပြင် ပြောင်းလဲမှု လုပ်ရန် ထင်ရှားသော စီးပွားရေး ပညာရှင် တိုက်တွန်း

မဇ္ဈိမသတင်း
စက်တင်ဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာနိုင်ငံ၏ ယိုယွင်း ပျက်စီးနေသော စီးပွားရေးကို ပြန်လည် နာလန် ထူလာနိုင်စေရေး အတွက် အစိုးရ အနေဖြင့် လက်ရှိ သုံးစွဲလျက်ရှိသည့် အနည်းငယ်သော ဘဏ္ဍာငွေ ခွဲတမ်းများကို ပြန်လည် သုံးသပ်ကာ သုံးစွဲ သွားစေလိုကြောင်း မြန်မာ စီးပွားရေး ပညာရှင် တဦးက ပြောဆိုသည်။

အစိုးရဝင်ငွေ ပိုမို ရရှိနိုင်ရန်အတွက် လောင်စာဆီ ဈေးနှုန်း မြင့်တင် လိုက်ခြင်းအားဖြင့် ဝင်ငွေကို တိုးမြင့်စေရန် လုပ်ဆောင်ရမည့် အစား အစိုးရ အသုံးစရိတ် ထိန်းချုပ်ရန်နှင့် စနစ် ပြောင်းလဲရန် လိုအပ်နေသည်ဟု ပညာရေး တက� သိုလ် စီးပွားရေး ဌာနမှ စီးပွားရေး ပါမောက္ခ ဦးမြင့်က ထောက်ပြသွားခဲ့ခြင်း ဖြစ်သည်။

“တိုင်းပြည်ထဲမှာ ပြည်သူအများစုက နေ့စဉ် ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် အစိုးရက အသုံးစရိတ်တွေကို ပြန်ပြီးတော့ ပြောင်းလဲ သုံးစွဲဖို့ အများကြီး လုပ်သင့်တယ်လို့ ကျနော် မြင်တယ်” ဟု ဦးမြင့်က မဇ္ဈိမကို ပြောသည်။

ယင်းမဟာဗျူဟာသည် ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖွယ် ဖြစ်ပြီး မရှိ ဆင်းရဲသားများ ပခုံးပေါ် ကျရောက်စေသော ဝန်ထုပ်ဝန်ပိုးများကိုလည်း ရှောင်လွှဲနိုင်မှာ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

၂ဝဝ၆ ခုနှစ်က မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ၂၁ ဒဿမ ၄ ရာခိုင်နှုန်းသာ ရှိသော်လည်း မကြာသေးမီက စစ်အစိုးရ ပြဋ္ဌာန်းလိုက်သော စီးပွားရေး ပေါ်လစီကြောင့် ငွေကြေး ဖောင်းပွမှုသည် ၈ဝ ရာခိုင်နှုန်းအထိ မြင့်တက် သွားခဲ့သည်ဟု ခန့်မှန်းချက်များ ရှိနေသည်။

၂ဝဝ၄ ခုနှစ် အတွင်းက တဒေါ်လာလျှင် ကျပ်ငွေ လဲလှယ်နှုန်းသည် ၈ဝဝ သာရှိပြီး၊ ယခုအခါ ၁၃၃ဝ ကျပ်အထိ ကျဆင်း သွားသည့်အပြင် လောင်စာဆီ ဈေးနှုန်း မြှင့်တင် လိုက်ကတည်းက မြန်မာ့ ငွေကြေးသည် ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ဆန်ဈေးသည်လည်း ၁ဝ ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို အခြားသော စားသောက်ကုန် ပစ္စည်းများလည်း မြင့်တက် လာခဲ့ရာတွင် ကြက်ဥဈေးသည် သြဂုတ်လ ၁၅ ရက်နေ့က ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက ၅ဝ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း သိရသည်။

မည်သည့် ကဏ္ဍများတွင် ငွေကြေးကို ပြန်လည် ပြင်ဆင် သုံးစွဲသင့်သည်ကို ပါမောက္ခ ဦးမြင့်က အတိအကျ ပြောဆို မသွားခဲ့ပေ။

နအဖ အစိုးရသည် ပြည်ပမှ ချေးငွေ ဒေါ်လာ ၇ ဘီလီယံကျော် အကြွေးတင်နေသော်လည်း ငွေကြေး မြောက်မြားစွာ အကုန်အကျခံ၍ မြို့တော်အသစ် တည်ဆောက်နေခဲ့သည်။

ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတွင် စစ်အစိုးရသည် ဝ (သုံည) ဒဿမ ၄ ရာခိုင်နှုန်းနှင့် ဝ (သုံည) ဒဿမ ၅ ရာခိုင်နှုန်းသာ သုံးစွဲ၍ ၄ဝ ရာခိုင်နှုန်းကိုမူ စစ်အသုံးစာရိတ်၌ သုံးစွဲနေသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates