Monday, September 10, 2007

တောင်တွင်းကြီးမှာ ကြံ့ဖွံ့က အကြမ်းဖက်မယ့် ဟန်ပြင်

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

7:30 PM
သံဃာတော်များ၏ စစ်အစိုးရ အာဏာပိုင်များကို သပိတ်မှောက် ကံဆောင်ရေး လှုံ့ဆော်မှု ထွက်ပေါ်လာပြီးနောက် မန္တလေးမြို့ ၇၃ လမ်းပေါ်ရှိ ကြံ့ခိုင် ဖွံ့ဖြိုးရေး ရုံးချုပ်တွင် အဖွဲ့ဝင်များနှင့် အချိန်ပြည့် ပြည့်နှက်နေပြီး အစည်းအဝေးများ ဆက်တိုက် ပြုလုပ်လျှက် ရှိသည်ဆိုသော သတင်းများ ကြားသိရသည်။

4:40 PM
နှစ်ရှည်ထောင်ဒဏ် ကျခံရလျှက်ရှိသော ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ရန်ကုန်မြို့ ကိုးမိုင်ရှိ နေအိမ်အနီးတွင် စစ်တပ်က လုံခြုံရေး ချထားသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၏ 64 နှစ်မြောက် မွေးနေ့ပွဲကို စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့က ဦးဆောင်ပြီး ခြောက်ထပ်ကြီး သိပ္ပံ ကျောင်းတိုက်တွင် ကျင်းပရန် စီစဉ် ထားသော်လည်း ရန်ကုန် အရှေ့ပိုင်းခရိုင် ဥက္ကဌက တားမြစ်ခဲ့သည်။

3:55 PM
မြစ်ကြီးနားမှာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

အစိုးရ ဆန့်ကျင်ရေး ပိုစတာများ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တက္ကသိုလ် ကျောင်းသားများက ဖြန့်ဝေလျှက် ရှိသည်ဟု ဒေသ အာဏာပိုင် တဦး အပြောအရ သိရသည်။

“အိမ်တွေမှာ ဆိုင်ကယ်နဲ့ လိုက်ပစ်ထားတယ်။ ပြီးတော့ လျို့ဝှက် လက်ကမ်းစာစောင် ဖြန့်တယ်။” ဟု မြစ်ကြီးနားမြို့မှ ရပ်ကွက် အာဏာပိုင် တဦးက မဇ္ဈိမ သို့ ပြောသည်။

1:12 PM
တောင်တွင်းကြီးမှာ ကြံ့ဖွံ့က အကြမ်းဖက်မယ့် ဟန်ပြင်

ဒေသခံတဦးက မဇ္ဈိမ သို့ ပြောပြချက်

“ရယက၊ မယက က စွမ်းအားရှင် ဆိုပြီးတော့ ရပ်ကွက်တိုင်းမှာ တရပ်ကွက်ကို ၁ဝယောက်။ ပြီးခဲ့တဲ့ ၅ ရက် လောက်ကနေ စပြီးတော့ စွမ်းအားရှင် စာရင်းကို ပေးပြီးတော့၊ အဲဒီသူတို့ ရယက ရုံးတွေကနေ အမာခံ ပုံစံနေတာမျိုး မဟုတ်တော့ဘဲနဲ့ အဓိက ဦးဆောင် လှုပ်ရှားလိမ့်မယ်လို့ ယူဆတဲ့ လူတွေရဲ့ အိမ်နားတဝိုက်မှာကို အဲဒီ စွမ်းအားရှင်တွေက ရိုက်ဖို့ နက်ဖို့ ထုလို့ရတဲ့ ဒုတ်မျိုးတွေနဲ့ အဲဒီလူတွေရဲ့ အိမ်အနီးဆုံး နေရာထိအောင် နေရာယူပြီးတော့ သူတို့က စောင့်ကြည့် နေတာတွေ အထိ လုပ်လာတာ တွေ့ရတယ်ဗျာ။”

“ကျနော်တို့ တောင်တွင်းကြီးမြို့ ပေါ်မှာက ရပ်ကွက် ၁ဝ ရပ်ကွက် ရှိတယ်လေ။ တရပ်ကွက်ကို ၁ဝယောက် တောင်းထားတယ်။ လူဦးရေ ၁ဝဝကို သူတို့က ရိုက်ဖို့ အတွက်ကို သီးခြား မြို့ပေါ်က သူတို့ရဲ့ စီမံချက်က ဝါးရင်းတုတ် ကိုင်ပြီးတော့ ရိုက်ဖို့ ရည်ရွယ်ထားတဲ့ လူအင်အား၊ သူတို့ဘက်မှာ ရှိတယ်။”

“လူရမ်းကားတွေကနေပြီးတော့ တကယ့် လူမိုက်ဆန်ဆန် လမ်းပေါ်မှာ ရိုက်ပွဲတွေကို ဖန်တီးထားတဲ့ လုံခြုံရေးမျိုးဗျာ။”

------------------------------------------------

ကိုဂျင်မီ သေဆုံးသည် ဆိုခြင်း မဟုတ်မှန်ကြောင်း ကြားသိရဟု အဖွဲ့ချုပ် ဦးမြင့်သိန်းပြော

စက်တင်ဘာလ ၈ ရက်၊ ၂၀၀၇ ခုနှစ်။

7:12 PM
ပခုက္ကူမှာ သံဃာတော်များကို ဖမ်းဆီး ရိုက်နှက်ခြင်း မပြုလုပ်ခဲ့ဟု စစ်အစိုးရပြော

စက်တင်ဘာလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပခုက္ကူ သံဃာတော်များ ဆန္ဒပြပွဲကို လူစုခွဲရာတွင် သံဃာတော်များကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း လုံးဝမရှိဟု ယနေ့ထုတ် အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။

သံဃာတော်တပါးမှပင် ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ပျံလွန်တော်မူခြင်း မရှိဟုလည်း သတင်းစာက ရေးသားထားသည်။

ထို့အပြင် မြို့နယ် သံဃ နာယက ဥက္ကဌ ဆရာတော်၏ အသက်ဘေး ကာကွယ်ရန် အတွက်သာ လက်နက်ငယ်ဖြင့် သုံးချက် မိုးပေါ်ထောင် ပစ်ခဲ့သည်ဟု ဆိုသည်။

6:40 PM
ဒေါပုံမှာ လမ်းလျောက် ဆန္ဒပြ

ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ခေါင်းဆောင်၍ မြို့လယ် လမ်းမကြီးပေါ်တွင် လမ်းလျောက် ဆန္ဒပြပွဲ တခုကို ယနေ့ ပြုလုပ်ခဲ့ကြသည်။

အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးသန်းဌေး ခေါင်းဆောင်သော လူ ၁၂ ဦးက ဆန္ဒပြကြခြင်း ဖြစ်သည်။

6:30 PM
ကိုဂျင်မီ သေဆုံးသည်ဆိုခြင်း မဟုတ်မှန်ကြောင်း ကြားသိရ

ကိုဂျင်မီ သေဆုံးသည် ဆိုသော သတင်း မဟုတ်ဘူးဟု ကြားသိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်း အပြောအရ သိရသည်။

“အခုနောက်ဆုံး ပထမတုံးကတော့ ကောလဟလ နောက်ကျတော့ ၈ဝ ရာခိုင်နှုန်း နောက်ကျတော့ သေချာသလောက် ဖြစ်ပါပြီ ဆိုပြီးတော့ သတင်းရတယ်။ အခု ညနေပိုင်း ခုနလေးပဲ လွန်ခဲ့တဲ့ နာရီဝက် မရှိတရှိလောက်ကမှ နောက်ဆုံး အတည်ပြုချက် ပေးတယ်၊ မဟုတ်ပါဘူးတဲ့။ သေချာ သွားပြီ။ အန်ကယ် စိတ်မပူနဲ့တော့တဲ့၊ ကျနော့်ဆီကို ဖုန်းပြန်ဆက်ပါတယ်။” ဟု ဦးမြင့်သိန်းက ပြောသည်။

“သူတို့ ကောက်ချက် ချတာကလည်း ဘာလဲဆိုတော့ သူမိန်းမ ထွက်လာအောင်လို့ သူတို့ (နအဖ စစ်အစိုးရ) က ညထဲက လွင့်ထားတဲ့ သတင်း” ဟု သူက ထပ်ပြောသည်။

5:30 PM
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ သေဆုံးပြီ ဆိုသော ကောလာဟလများ ထွက်ပေါ်နေ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဂျင်မီ သည် ထိန်းသိမ်းခံနေရရင်း ယနေ့ သေဆုံးသွားပြီ ဆိုသော ကောလာဟလ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျှက် ရှိသည်။

ယမန်နေ့ကတည်းက ကိုဂျင်မီ နေထိုင်မကောင်း ဖြစ်နေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့ နေ့လည်က သေဆုံးပြီ ဟူသော သတင်း လိုက်ပါလာခဲ့သည်။

ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၏ ဇနီးသည် ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်လည်း ဖြစ်ကာ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်သည့် မနီလာသိန်းက “ကျမလည်း ကြားတယ်။ တကယ်ဟုတ် မဟုတ် အတည် မပြုနိုင်သေးဘူး။ ဒါပေမယ့် အဖမ်းခံထားရသူတွေကို စစ်ကြောရေးက ကျင်စက်တို့ နှိပ်စက်တို့တွေတောင် လုပ်တယ် ဆိုတော့ စိုးရိမ်နေတာ၊ ဒီနေ ဒီသတင်း ကြားရတာပဲ” ဟု မဇ္ဈိမ သို့ ပြောပြသည်။

လေးနှစ်သားအရွယ် သမီးငယ်ကိုပင် ခွဲခွာ ထွက်ပြေးနေရသူ သူမအနေဖြင့် ကိုဂျင်မီ ကွယ်လွန်ပြီ ဆိုသော သတင်းစကားကို တဆင့်စကားဖြင့်သာ နားစွင့်နေရသည်။

“ကျမ မယုံဘူး။ သူ နေမကောင်းဖြစ် သေတယ်ဆိုတာ ဘယ်လိုမှ ကျမ မယုံဘူး။ သေလောက်အောင် ပြင်းထန်တဲ့ ရောဂါ ဝေဒနာ တခုမှ မရှိဘူး။ မဖြစ်ပါစေနဲ့ မဖြစ်ပါစေနဲ့။” ဟု ပြောကာ အသံတိမ်သွားသည်။

ကိုဂျင်မီ သေဆုံးပြီဆိုသော ကောလာဟလများ ထွက်ပေါ်နေပြီးနောက်

မမိုးမိုး (ကိုမာကီ ညီမ)

“ကိုမာကီ့ကို ခေါ်သွားကတည်းက တလပြည့်တော့မယ်။ တွေ့ခွင့်လည်း မရ၊ သတင်းလည်း မရ၊ ဘယ်မှာထားလို့ ထားမှန်းလည်း မသိဆိုတော့ မိသားစု အနေနဲ့ စိုးရိမ်တာပေါ့။ တွေ့ချင်တာပေါ့၊ နေကောင်းလား ဆိုတာ။ အခုလည်း သတင်းကြားတာက ကိုမာကီ့ အခြေအနေ စိုးရိမ် နေရတယ်ပေါ့နော်။ သတင်းကြားတဲ့အတွက် အမေဆိုရင် ဒေါသလည်း ကြီးတယ်၊ သွေးတိုးလည်း ရှိတဲ့ အခါကျတော့ သူငိုလည်း ငိုနေတာပေါ့နော်။ သူ့သားတယောက် ဒီလိုမျိုး ဖြစ်နေတယ် ဆိုတော့ ပိုပြီး တွေ့ချင်တာပေါ့နော်။ သူလုံးဝ စကားမပြောနိုင်ဘူး။ ပြောလည်း မထွက်ဘူး။”

“ကိုမာကီက ဆေးရုံမှာလို့ ကြားရတယ်။ ဘယ်ဆေးရုံမှာလို့တော့ အတိအကျ မသိရပါဘူး။ သူ့မှာက နဂိုကတည်းက အစာအိမ် ရောဂါ ရှိတယ်ဆိုတော့ ကျမတို့ အရမ်း စိုးရိမ်ပါတယ်။ အခုဘာကြောင့် ဆေးရုံတက်ရတယ် ဆိုတာလည်း မသိရပါဘူး။ သူတို့ ခေါ်သွားတုန်းကတော့ အကောင်းကြီးပါပဲ။”

မစုစုနွေး

“ကျမတို့ကရော၊ အိုင်စီအာစီတို့၊ သံရုံးတွေကလည်း အကုန်လုံး လိုက်နေတာ။ ဒါပေမယ့် ကျမတို့ သွားတွေ့တဲ့ အခါကျတော့ သူတို့က မဟုတ်ဘူးလို့ပဲ ပြောပါတယ်။ မဟုတ်ဘူးဆိုရင် သူတို့ကို ဘယ်မှာထားတာလဲ၊ သူတို့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိပါတယ်၊ သူတို့ မိသားစုတွေကို ဘယ်လို အကြောင်းပေးပါမယ် ဆိုပြီး တစုံတရာ တုံ့ပြန်တာ မရှိပါဘူး။ အဲဒီတော့ မိသားစုတွေရော၊ နိုင်ငံရေး အင်အားစုတွေရော၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို ထောက်ခံတဲ့ ပြည်သူလူထုတွေက အရမ်း စိုးရိမ်နေကြပါတယ်ရှင်။ အဲဒီတော့ လူသားချင်း စာနာတဲ့ အနေနဲ့ပေါ့နော်၊ တရားဥပဒေ နည်းလမ်း ကျကျပေါ့။ သူတို့က ရာဇဝင်သူခိုး ဂျပိုးတွေလည်း မဟုတ်ပါဘူးရှင်၊ လူဆိုး သူခိုးတွေလည်း မဟုတ်ဘဲနဲ့ တိုင်းပြည်အတွက်ကို ပေါ့နော်၊ မြန်မာနိုင်ငံ ဒ'ီမိုကရေစီ ရရှိရေး အတွက်ပေါ့နော် သူတို့ရဲ့ ဘဝတွေရော၊ စိတ်ကူးတွေရော အကုန်လုံး စတေးပြီးတော့ တောင်းဆို ပေးနေတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို အခုလို လူမသိ သူမသိနေရာမှာ နှိပ်စက် ညှင်းပမ်း ပြီးတော့ ဖမ်းဆီးထားတာ၊ မိသားစုနဲ့ တွေ့ခွင့် မပေးတာဟာ တရားဥပဒေကို လိုက်နာ လေးစားမှု မရှိဘူးလို့ ပြောချင်ပါတယ်။”

5:30 PM
ပခုက္ကူ ယနေ့အခြေအနေ

ရေဒီယိုတွေကို သတင်းပေးတဲ့ သူတွေကို လိုက်ဆွဲနေတယ်။ ညတုန်းက ၂ နာရီလောက်က လိုက်ဆွဲတာ။ ဘယ်နှစ်ယောက်မှန်းတော့ အတိအကျ မသိဘူး။ အမှတ် ၈ ရပ်ကွက်ထဲက ကိုသန့်ရှင်းနဲ့ ကိုသာအောင် ကိုတော့ သိတယ်။ အသက် ၄ဝ၊ ၅ဝ လောက်တွေပါ။ သူတို့က ပေါ်တင် ဖြစ်တယ်လေ။ အသံတွေ ပါတယ်။ အာအက်ဖ်အေမှာ။ နောက်ထပ် လူတွေလည်း ကြားထားပါတယ်။ ဒါပေမဲ့ သိပ်မသေချာဘူးဗျ။ အခုထိ ပြန်မလွှတ်သေးဘူး ထင်တယ်။ ခေါ်တယ် ဆိုတာပဲ သေချာပေါက် သိတယ်။ ဘယ်သူတွေ လာခေါ်တယ် ဆိုတာကို မသိဘူးဗျ။

မြို့ကတော့ ငြိမ်နေတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်တွေ ချထားတယ်။ ရဲစခန်း၊ ကုန်စည်ဒိုင်နဲ့ မီးသတ်ရှေ့မှာ ချထားတယ်။

--------------------------------------

စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇ ခုနှစ်။

6:21 PM
မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းအဝေးကို အာဏာပိုင်တွေ ဒေါက်ထောက်ကြည့်

မန္တလေးတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ဝင်းမြမြ က မဇ္ဈိမ သို့ ပြောကြားချက်

“တွေ့ဆုံ ဆွေးနွေးပွဲ လုပ်တဲ့ ဦးမောင်မောင်သန်းရဲ့ အိမ်ရှေ့ လမ်းမကြီးပေါ်မှာပဲ ညာဘက်ရော၊ ဘယ်ဖက်ရော၊ နှစ်ပြလောက်၊ သုံးပြလောက်မှာ ဒီလိုမျိုး လူအင်အားနဲ့ ချပြီးတော့ သန့်ရှင်းရေး လုပ်တယ် ဆိုတော့လည်းပဲ၊ ထူးခြားမှု တခုတော့ ဖြစ်နေတာပေါ့နော်။ နောက်တခါကျတော့ စောင့်ကြည့်တယ်။ လုံခြုံရေးတွေ ကလည်းပဲ အများကြီးပဲ အရပ်ဝတ်တွေနဲ့ပေါ့။ ဒါတွေကတော့ ဒီ အက်စ်ဘီ၊ စသုံးလုံး၊ စရဖ၊ နောက်တခါကျတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး အကုန်ပါပဲ။ အဲဒီလို စောင့်ကြည့်တွေကလည်းပဲ၊ ဓါတ်ပုံရိုက်တဲ့ လူတွေရော အပေါက်ကနေ စောင့် ဓါတ်ပုံရိုက်တယ်။” ဟု ဒေါ်ဝင်းမြမြက ပြောပြသည်။

“လူ ၂၈ လမ်းပေါ်မှာရှိတဲ့ ဦးမောင်မောင်သန်းရဲ့ အိမ်ရှေ့မှာ ခုနလို စည်ပင်သာယာ သန့်ရှင်းရေး လုပ်တဲ့ အနေထားမျိုးနဲ့ စောင့်တာတွေလဲ ဒါစောင့်တယ်လိုပဲ ပြောရမှာပဲ။ အဲဒါလည်းပဲ အင်အား အများကြီးပဲ။ တခါ ဒီ လက်နက် ကိရိယာ မျိုးစုံနဲ့ပေါ့နော်။ စောင့်ကြည့်နေတဲ့ လူတွေ အများကြီး ရှိသလို၊ စစ်ကားနဲ့ လည်းပဲ၊ ဒီစစ်ဝတ်စုံနဲ့ ကွန်မန်ဒို အကျီတွေနဲ့၊ နောက်တော့ ပြောက်ကျား အင်္ကျီ ဝတ်တာရော၊ ရိုးရိုးပလိမ်း စစ်ဝတ်စုံ ဝတ်ထားတာတွေရော၊ ဒါတွေကလည်း ကားနဲ့ ပတ်နေတာကို ကားအစီးရေ အများကြီးကို တွေ့ရတယ်။ ကားအစီးရေ ဒါဇင်လောက်ရှိတဲ့ ကားအစီးရေကို တွေ့ရပါတယ်။ အဲဒါတွေကတော့ ထူးခြားချက်ပါပဲ ။ ကျန်တာတော့ ဒီ တိုင်းကို လာပြီးတော့မှ အနှောက်အယှက် ပေးတာတော့ မရှိဘူး။ မြို့နယ် အသီးသီးကလည်းပဲ သူတို့မြို့နယ်တွေမှာ အတားခံရတယ်၊ မသွားရဘူး။ တချို့ မြို့နယ်တွေကတော့ ရအောင်လာကြပါတယ်။”

6:05 PM
ရန်ကုန်နှင့် ပုသိမ်၊ တောင်ကုတ် မြို့များတွင် ပြုလုပ်သော ဆန္ဒပြပွဲများတွင် အဖမ်းခံ ထားရသူများထဲမှ အနည်းဆုံး ၁၂ ဦး ပြန်လွတ်လာပြီ ဖြစ်သည်။

6:00 PM
ရန်ကုန်မှာ ဒီလိုတဲ့

“လမ်းဆုံလမ်းခွ နေရာမျိုးမှာ စစ်ကားတွေ လာရပ်ပြထားတယ်။ ဒါပေမယ့် စစ်ကားပေါ်မှာတော့ မရှိဘူး။ သူတို့ကတော့ ဈေးဝယ် ထွက်လာသလိုလို ဘာလိုလိုနဲ့။ မလှမ်းမကမ်းမှာတော့ သေနတ်ကိုင်တဲ့ စစ်သားတွေ နှစ်ယောက်၊ သုံးယောက်လောက် သေနတ်ကိုင်ပြီး ထိုင်နေတာတွေ ရှိတယ်။ မသိမသာနဲ့ ပြည်သူတွေကို ခြောက်တာပေါ့။ တကယ်လို့များ အဲဒီနားမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်လာရင် သေနတ်ကိုင်တဲ့ လူတွေက ပြေးထွက်လာမှာပေါ့။ သူတို့နဲ့ ပတ်သက်တဲ့ ရဲတွေ၊ စွမ်းအားရှင်တွေက အရင်ဆုံး ပြည်သူတွေကို ခြောက်လှန့် နှိပ်စက်မယ်၊ လိုအပ်ရင် လက်နက်ကိုင် အဖွဲ့တွေက ဝင်ပါကြမယ်ပေါ့။ ကြည့်ရတာ သူတို့ (ကြံ့ဖွံ့) တွေက ဘုန်းကြီးတွေကို ကြောက်တယ်လေ။ အဲဒီတော့ စစ်တပ်က ဝင်ပါဖို့ အခြေအနေ ဖြစ်နေတယ်။” ဟု လှုပ်ရှား တက်ကြွသူ တဦးက ပြောသည်။

5:25 PM
ရန်ကုန် ဆန္ဒပြမှု အသီးသီးတွင် ဖမ်းဆီးထားသူများထဲမှ အချို့ ပြန်လည် လွှတ်ပေးနေခဲ့သည်ဟု သတင်းများ ရရှိနေသည်။

5:23 PM
ပခုက္ကူ အရေးအခင်းကြောင့် ရန်ကုန်နှင့် မန္တလေး မြို့များတွင် ဂယက်ရိုက်မှုများ ဖြစ်ပွားနေသည်။

ရန်ကုန်တွင် အာဏာပိုင်များက လုံခြုံရေး တင်းကြပ်လိုက်ပြီး ဆန္ဒပြပွဲ ခေါင်းဆောင်နိုင်သူဟု ထင်မြင်သူများကို အနီးကပ် စောင့်ကြည့်လျှက် ရှိသည်ဟု ကုန်ဈေးနှုန်း ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက မဇ္ဈိမ သို့ ပြောပြသည်။

“စစ်တပ်က ကားတစီး၊ နှစ်စီး လမ်းကြိုလမ်းကြား တော်တော်များများမှာ တွေ့ရတယ်။ လူ ၂ဝ လောက် ရှိတဲ့အစု (စစ်အစိုးရလူများ) နေရာအနှံ့မှာ တွေ့ရတယ်။”

သူ၏ အပြောအရ လှိုင်သာယာ၊ မြောက်ဥက္ကလာ မြို့နယ်များတွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်တို့ကို တန်ပြန် ခုခံရန်အတွက် ပြည်သူလူထုက လူအင်အား စုနေသည်ဟု ဆိုသည်။ သီးခြား အတည်ပြုချက် မရနိုင်သေးပါ။

မန္တလေးမြို့နေ စာပေသမား တဦးကတော့ “ပခုက္ကူမှာ ဖြစ်တာကို ကြည့်ပြီး ဒီမှာတော့ လူတွေ ဆန္ဒပြချင်နေကြပြီ” ဟု ပြောသည်။

5:13 PM
ကျိုက္ကဆံကွင်းအတွင်း အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း တက်ကြွ လှုပ်ရှားသူများက အတည်ပြု ပြောကြားသည်။

ရန်ကုန် ဆန္ဒပြမှုတွင် ပါဝင်သူ ကိုရဲသိန်းနိုင်ကို ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ရိုက်နှက်ခြင်းကြောင့် ဒဏ်ရာ ရသွားသည်တွင် ကောင်းမွန်စွာ ဆေးဝါး ကုသပေးခြင်း မရှိဘဲ ဖမ်းဆီးထားရာမှ သြဂုတ်လ ၃ဝ ရက်နေ့တွင် ကျိုက္ကဆံကွင်း အတွင်း ထိန်းသိမ်းခံထားရသူများက အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် အာဏာပိုင်များ လာရောက်တွေ့ဆုံပြီး ဆေးဝါး ကုသပေးမည်ဟု အာမခံ၍ အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။

ကိုရဲသိန်းနိုင်ကို ယမန်နေ့ညက ပြန်လွှတ်ပေးခဲ့သည်။

3:45 PM
မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ မြို့နယ် အစည်းအဝေးကို ယနေ့ နံနက် (၁ဝ) နာရီခန့်က ကျင်းပခဲ့ရာ နေ့လည် ၁၂ နာရီ ခွဲခန့်မှာ ပြီးဆုံးခဲ့ တယ်လို့ သိရပါတယ်။ နယ်မြို့များမှ ပါတီဝင်တွေ ကားများ ဆိုင်ကယ်များဖြင့် အစည်းအဝေးကို တက်ရောက်ခဲ့ကြကြောင်း မဇ္ဈိမ သတင်းဌာနက စုံစမ်းမေးမြန်း သိရသည်၊၊

ကြံ့ဖွံ့ အဖွဲ့ဝင်များက နေအိမ် ပတ်ဝန်းကျင်တွင် ပေါက်ပြားများ ကိုင်ဆောင်၍ ပေါင်းမြက် ရှင်းနေဟန်ဖြင့် စောင့်ကြည့် နေကြပြီး လုံခြုံရေးများ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ သိရပါတယ်၊၊

2:45 PM
ဗီဒီယိုများ တင်ထားပေးနိုင်သော ကမ္ဘာကျော် You Tube ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ စက်တင်ဘာလ ၄ ရက်နေ့ ကတည်းက ပိတ်ပင်ထားသည်။ ရန်ကုန်မြို့တွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲ မှတ်တမ်းများကို တင်ထားသောကြောင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု မြန်မာပြည်ရှိ အင်တာနက်နှင့် ရင်းနှီး ကျွမ်းဝင်သူများက ယုံကြည် နေကြသည်။

1:45 PM
လုံခြုံရေး ရှင်းနေတယ် ဆိုတဲ့ ပခုက္ကူ

“မြို့ပေါ်မှာ လုံခြုံရေးရယ် ဘာရယ် မရှိဘူး။ အကုန် ရှင်းနေတာပဲ။ မြို့မှာ သွားသွားလာလာပဲ။ အထက ၁ ကတော့ သင်တန်းရှိလို့ ပိတ်ထားတယ်ဗျ။ သင်တန်း ၅ ရက်ရှိလို့ ဟိုကတည်းက ကြိုပိတ်ထားတာပါ။ ကျန်တဲ့ ကျောင်းတွေကတော့ ဒီအတိုင်းပါပဲ။ တက္ကသိုလ်တွေ ဘာတွေ။ ဘာမှ ထူးခြားမှု မရှိဘူး။ လူစုဝေးတာတွေလည်း မရှိပါဘူး။ ကိုယ့်အဖွဲ့နဲ့ကိုယ် လ္ဘက်ရည်ဆိုင် ထိုင်လိုက်၊ ဘာထိုင်လိုက်ပေါ့နော်။” ဟု မြို့ခံတဦးက ပြောပြသည်။

“ဘုန်းကြီးတွေလည်း သူ့ဟာနဲ့သူ မနက် ဆွမ်းခံထွက်တာပဲ။ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်တို့၊ ဝိသုတာရာမ ကျောင်းတိုက်တို့မှာလည်း မထူးခြားပါဘူး။ မနက်က အိပ်ယာထ နောက်ကျလို့ ဘုန်းကြီးတွေကိုတောင် မလျှောက်လိုက်ရဘူး။ ဘုန်းဘုန်းတွေကလည်း ဘယ်တော့မှ မပြောဘူး။ သူတို့လုပ်မယ့် အစီအစဉ် ဘယ်တော့မှ မပေါက်ဘူး။ ပြီးမှသာ ဘုန်းဘုန်းတို့ ညက ပါလားဆိုပြီး အဲလို လျှောက်လိုက်မှသာ ဘယ်လိုဘယ်လို လုပ်တယ်ဆိုတာ ပြောတော့တာပဲ။ လုပ်မယ့် အစီအစဉ်တော့ လုံးဝမပေါက်ဘူး။” ဟု သူက ထပ်ပြောသည်။

12:45 PM
ပခုက္ကူမှာ ဒေါသထွက်နေသော သံဃာတော်များက ကြံ့ဖွံ့နဲ့ စွမ်းအားရှင်ပိုင် ဆိုင်နှင့်အိမ်ကို ဖျက်ဆီး

ပခုက္ကူတွင် ဒေါသ ထွက်နေသော သံဃာတော်များက ယမန်နေ့ညက ကြံ့ဖွံ့နှင့် စွမ်းအားရှင် နှစ်ဦးတို့ ပိုင်ဆိုင်သော ဈေးဆိုင်နှင့် အိမ်တို့ကို ဖျက်ဆီး ပစ်လိုက်ကြသည်ဟု သိရသည်။

ပခုက္ကူ မြို့ခံတဦးက မဇ္ဈိမ သို့ ပြောပြချက်

“ပြည်ခိုင်ဖြိုးက အိမ်တအိမ်ကို ညပိုင်းတုန်းက ဖျက်လိုက်တယ်။ လှဝင်းနိုင်ဆိုတာလေ မြို့နယ် အလုပ်အမှုဆောင်လေ၊ အဲဒီ ပြည်ခိုင်ဖြိုးရဲ့ အိမ်က မိန်းလမ်းမကြီးပေါ်မှာ ကုန်သည်ပွဲစား အသင်းရုံးနဲ့ ခပ်လှမ်းလှမ်းမှာ ရှိတယ်။ မြို့မလမ်း ပေါ့နော်။ မြို့ရဲ့ အရှေ့ဖျားလေး နည်းနည်းကျတယ်။”

“တံခါးဖွင့် ဝင်ပြီးတော့ အထဲမှာ ရှိတဲ့ဟာကို နည်းနည်းပါးပါး ဖျက်လိုက်တဲ့ သဘောပါပဲ။ ည ၁ဝ နာရီလောက်၊ လူတွေ အနားမကပ်ရဘူး။ ဘုန်းကြီးက ၄-၅ဝ လောက် ရှိမယ်။ လုံးဝကို လူတွေကို အနားကပ် မခံဘူးဗျ။”

“နောက် စွမ်းအားရှင် တယောက်ရဲ့ တဲသာသာ အိမ်ကိုလည်း ဖျက်လိုက်တယ်။ အမှတ် ၁ ရပ်ကွက်ထဲက။ နှစ်တစ် ခင်မောင်ဝင်း အိမ်။ ဒီကောင်က ငယ်ငယ်တုန်းက ရိုက်ရင် နှစ်တစ် (သစ်သားဒုတ်)နဲ့ ရိုက်တတ်လို့ နာမည်ရှေ့က နှစ်တစ် တပ်ထားတာ။ အိမ်ကတော့ သိပ်မကောင်းဘူး ပြောပါတယ်။ နဂိုကတည်းက စီးပွားရေး အဆင်မပြေတဲ့ တဲသာသာ အိမ်ပေါ့။ အဲဒါကိုတော့ ဖျက်ပစ်လိုက်တယ် ပြောပါတယ်။ လူတွေကလည်း မရှိဘူးလေ။ လူတွေကလည်း ရှောင်နေပြီပေါ့။”

---------------------------------------

ပခုက္ကူမှာ အာဏာပိုင်များကို လွှတ်ပေးလိုက်ပြီ

စက်တင်ဘာလ ၆ ရက်၊ ၂၀၀၇ ခုနှစ်။

6:35 PM
နောက်ဆုံးသိရသော သတင်းအရ ယမန်နေ့က အဖမ်းခံထားရသော သံဃာတော် ၃ ပါး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပြီး သံဃာတော် များက ထိန်းသိမ်းထားသော အာဏာပိုင် ၁၃ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။

5:48 PM
ပခုက္ကူ အရေးအခင်းတွင် ကား ၄ စီး မီးရှို့ခံရပြီး အခြား ကား ၂ စီးမှာ အရပ်သားများ ပိုင်သော ကားဖြစ်၍ မီးမရှို့ဘဲ ပက်လက်လှန်ထားခြင်း ဖြစ်သည်ဟု သိရသည်။

5:35 PM
နောက်ဆုံးရရှိသော သတင်းအရ အာဏာပိုင် ၂ဝ ခန့်ကို အလယ်ကျောင်း ဘုန်းကြီးကျောင်း သိမ်ထဲတွင် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

အလယ်ကျောင်းတိုက် ဘုန်းကြီးကျောင်း ဖုန်းလိုင်းကို အာဏာပိုင်များက ဖြတ်တောက်လိုက်ရာ ပြန်လည်ဖွင့်ပေးရန် ဘုန်းကြီးကျောင်းက ဆက်သွယ်ရေး ဌာနကို အကြောင်းကြားထားသည်။

5:13 PM
ဆေးရုံကို သံဃာတော် ရောက်လာခြင်းမရှိဟု ဆေးရုံက ငြင်းဆို

“ဘာသံဃာတော်မှလည်း မလာဘူး။ ဘာ ပျံလွန်တော်မူတာမှလည်း မရှိဘူး။ ဟုတ်ပြီနော်။” ဟု မရပ်တန်းပြောကာ မဇ္ဈိမက သံဃာတော်တပါး ပျံလွန်တော်မူသည် ဆိုသော သတင်းနှင့် ပတ်သက်၍ ဆေးရုံ၏ အတည်ပြုချက် မေးရာတွင် ဖုန်းလာကိုင်သူ တဦးက ဖြေဆိုသွားခဲ့သည်။

4:42 PM
ပြင်ဆင်ချက်
အလယ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဝိုင်းထားသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။

4:03 PM
ပခုက္ကူတွင် တင်းမာနေသော အခြေအနေကြောင့် မန္တလေးဘက်မှ သံဃာတော်များ ပခုက္ကူဘက်သို့ သွားရောက်နေကြကြောင်း သတင်း ရရှိသည်။

3:50 PM
စစ်တပ်က ဘုန်းကြီးကျောင်းကို ဝိုင်းထား

“အလယ်တိုက်ကြီး ရှေ့မှာလည်း ပြည်သူလူထုနှင့် စစ်တပ်တွေ ဝန်းရံထားတယ်။ စစ်တပ်ကလည်း လာပြီး ညှိနှိုင်းနေတယ်။ ပြည်သူ လူထုကလည်း လက်ခုက်လက်ဝါး တီးပြီးတော့ ထောက်ခံနေတယ်။ တပ်ရင်း တရင်းလောက် ရှိတယ်။” ဟု သံဃာတော်တပါးက ပြောပြသည်။

3:33 PM
ရဟန်းတပါး ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍

“ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင်တွေက သံဃာတော်တွေကို နံပါတ်ဒုတ်နဲ့ နားထင်ကို ပစ်ရိုက် လိုက်ပါတယ်။ အဲဒီ သံဃာတပါးဟာ အထိနာပြီးတော့ ဆေးရုံ တင်လိုက်ရပါတယ်။ နောက် အဲဒီ သံဃာဟာ ပျံလွန်တော်မူ သွားပါတယ်။ အဲဒီ သံဃာ ပျံလွန်တော်မူ သွားတဲ့အတွက် သံဃာတော်များ ကျောင်းတိုက်ဌာန အသီးသီးမှာ ဒီသတင်း ပျံ့သွားပါတယ်။ ဘုရားရှင်၏ သားတော် သွေးနီ ကျခဲ့ရတဲ့ ပြည်သူလူထုရဲ့ ငတ်ပြတ်မှု ပြဿနာဒါဏ်၊ ငတ်တာကို ငတ်တယ်လို့ ရိုးသား အေးချမ်းစွာ လမ်းပေါ်မှာ ဆန္ဒပြပြီးတော့ ရိုးသားစွာ တောင်းဆိုတာကို ဒီလိုမျိုး နားထင်ကို နံပါတ်ဒုတ်နဲ့ ရိုက်သတ်တဲ့အတွက် တတိုင်းပြည်လုံး ခံစားရပါတယ်။ သံဃာတော်များကလည်း ခံစားရပြီး အားလုံး ဒီသဘောတရားကို ဘယ်လို ဖြေရှင်းမလဲ ဘယ်လို လုပ်ကြမလဲ ဒီအစိုးရကို ဘယ်လို တရားချမလဲ ဆိုတာ ဆွေးနွေးရင်း သံဃာတော်တွေရဲ့ ဆန္ဒကို ပွက်လောရိုက် နေပါတယ်။” ဟု ပခုက္ကူက သံဃာတော် တပါးက ပြောပြသည်။

3:05 PM
ပခုက္ကူ အရေးအခင်းနှင့် ပတ်သက်၍ ဒေသခံ ရဟန်းတပါးအမြင်

“ပြည်သူတွေကတော့ ဒကာကြီး၊ မနေ့က ကိစ္စမှာ သံဃာတွေက ငြိမ်းငြမ်းချမ်းချမ်းနဲ့ ဒါမြို့ကို ပတ်ပြီးတော့ မေတ္တာပို့၊ ပရိတ်ရွတ်တာပဲ။ မနေ့တုံးက သံဃာတွေက အထူးသဖြင့် နိုင်ငံရေးနဲ့ ပါတ်သက်ပြီးတော့ ဘယ်ပါတီ ဘယ်အဖွဲ့စည်းကိုမှ ဘယ်သူ ဘာဆိုတာမျိုး၊ သံဃာတွေက ဆန္ဒပြတာ တဲ့ အနေလဲ မဟုတ်ဘူး။ တကာကြီးတို့လဲ လက်တွေ့ ခံစားနေရတဲ့ စကားကို ပြည်သူတွေ မပြောရဲလို့၊ ဒါ သံဃာတွေက ပြည်သူကိုယ်စား ပြောပေးတဲ့ အနေနဲ့ပဲ ပုံသဏ္ဌာန်လေးပါတယ်။ လက်တွေ့ ကုန်ဈေးနှုန်းတွေ ချပေးဖို့ ဒါလောက်ရယ်။ ဒီကုန်ဈေးနှုန်း ချရေးအတွက် ဆန္ဒ ထုတ်ဖော်တဲ့ လူတွေ ဖမ်းဆီးထားတာကို လွတ်ပေးဖို့၊ ဒါလောက်ပဲ။ သံဃာတွေရဲ့ လက်ကမ်း ပုံသဏ္ဌာန် ပါတယ်လေ။ အဲ ပြောတာဆိုတာကလဲ ဦးပဉ္ဇင်းတို့ ဒို့အရေး ဘာညာ ဒီလိုအော်တာ မဟုတ်ပါဘူး။ မင်းကွန်း ဆရာတော်ကြီးရဲ့ မေတ္တာပို့ကို ပို့တာပဲလေ။ အဲဒါကို ဒီဦးပဉ္စင်းတို့ ဒီအရှေ့တိုက်က အထွက် ဒီပန်းခြံ မီးပွိုင့်ဆုံ လမ်းမှာ ဒါစစ်တပ်ရော၊ ကြံ့ဖွံ့ရော၊ စွမ်းအားရှင်ရောက မတရားကိုပဲ ဟိုအကြမ်းဖက်ပြီးတော့ သံဃာတွေ ဖမ်းတယ်၊ ရိုက်တယ်။ သံဃာကို ခင်ဗျား စဉ်းစားကြည့်ဗျာ။ ဘုန်ကြီးတပါးကို ဓါတ်တိုင်ချည်ပြီးတော့ ဟို ချည်တာလဲ ရိုးရိုးချည်တာလဲ မဟုတ်ဘူး။ လည်ပင်းတွေရော၊ အကုန်လုံးကိုပဲ ခွေးချည်၊ နွားချည်၊ ချည်ပြီးတော့ ပါးရိုက်တယ်၊ သေနတ်ဒင်နဲ့ ထိုးတယ် ခင်ဗျာ စဉ်စားကြည့်ပေတော့။ အဲဒါကို မြင်နေတဲ့ ပြည်သူတွေက ဘယ်လို ခံစားရမလဲဗျာ။ သူတို့က တကယ်တမ်းကျတော့ ပြည်သူတွေက ငြိမ်းငြမ်းချမ်းချမ်းနဲ့ ဒီလို ဟိုပြည်သူရဲ့ ဆန္ဒကို သံဃာတွေက ကိုယ်စား ပို့ပေးတဲ့ ဒီဘာမှ လက်နက် မပါတဲ့ သံဃာတွေကို နှိပ်နှိပ်စက်စက် လုပ်တယ်ဆိုတော့ သံဃာတွေက ဘယ်ခံနိုင်မလဲ။”

2:40 PM
ပခုက္ကူမြို့နယ်မှ ဦးပဉ္စင်းက မဇ္ဈိမ သို့ ပြောပြချက်

“အလယ်တိုက်ထဲကို သူတို့ တိုင်းအတွင်းရေးမှူးတို့၊ မြို့နယ်က မယက အဖွဲ့ဝင်တို့၊ ခရက ဥက္ကဌတို့က ကားငါးစီးလောက်နဲ့ သွားတယ်။ အဲဒီမှာ ဟိုကဝိုင်းပြီးတော့ သံဃာတွေက တိုက်ထဲကို မဝင်ဖို့ ပြောတယ်တဲ့၊ တိုက်ထဲကို မဝင်ကြပါနဲ့။ ခင်ဗျာတို့ မဝင်ကြပါနဲ့ ဆိုပြီးတော့ ဟိုကလဲ သွားမယ် ဆိုပြီးတော့ ဇွတ်ကိုဝင်ကြတယ်။ အဲဒီမှာ အခုတော့ လူတွေလည်း ဖမ်းထားတယ်။”

“အခုတော့ လူအုပ်ကြီးကလဲပဲ ၂-၃ ထောင် လောက်ရှိတဲ့ လူအုပ်ကြီးကလဲ၊ အဲဒီကျောင်းဝင်း လမ်းမှာပေါ့လေ။ သံဃာတွေကလည်းပဲ အရမ်းလာတဲ့သူ (အာဏာပိုင်ဘက်က) တွေ ချမှာပဲ ဆိုတဲ့အနေနဲ့ အဆင်သင့် စောင့်နေကြတယ်။ အခုတော့ ဘယ်သူမှ မလာဘူး စစ်သားလဲ မလာဘူး။ ရဲလဲ မလာဘူး။ ဟိုလူတွေကိုလည်းပဲ ခုနက တယက အတွင်းရေးမှူးရယ်။ ခယက ဥက္ကဌတို့ကိုလည်းပဲ သံဃာတွေ ထိန်းသိမ်းထားတယ်လေ။ ဖမ်းထားတဲ့ ကိုယ်တော်တွေ တွေ့ရင် ပြန်လွတ်မယ်ဆိုတဲ့ အနေမျိုး သံဃာ တွေ ပြောနေကြတာပေါ့နော်။”

1:45 PM
ပခုက္ကူနောက်ဆုံးအခြေအနေ

“သက်ဆိုက်ရာက ကားငါးစီးနဲ့ သွားတယ်။ ကားငါးစီးနဲ့ သွားတဲ့ ကားတွေက တိုင်းသာသနာရေးက ကားတစီး၊ နောက်မန္တလေးက ကားတစီး၊ နောက် ခယက က ကားတစီး၊ နောက်တခုက အေးလွင် (စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေသူ) တို့ဘက်က ကားတစီး၊ နောက်ပြည်ထဲရေးက ကားတစ်စီး စုစုပေါင်း ငါးစီးသွားတယ်။ အဲဒီ သွားတဲ့အခါမှာ အလယ်တိုက်ကို ရောက်တဲ့အခါမှာ အဲဒီဘုန်ကြီးတွေက အဲဒီကားငါးစီးကို ဝင်တိုက်တဲ့ ပေးဝင်ပြီးတော့ ဝင်းတံခါးတွေ ပိတ်လိုက်တယ်။ အဲဒီတော့ ကားငါးစီးနဲ့ လူတွေကိုလည်း အဲဒီထဲမှာ ထည့်ထားတယ်။ မလွတ်သေးဘူး။” ဟု ဒေသခံတဦးက ပြောသည်။

အတည်မပြုနိုင်သေးသော သတင်းအရ ယမန်နေ့က ဖမ်းဆီးထားသော သံဃာနှင့် လူပုဂ္ဂိုလ်များကို ပြန်လွှတ်ပေးမှသာ ကျောင်းတိုက်အတွင်း ရောက်ရှိနေသူများကို ပြန်လည် ထွက်ခွင့် ပြုမည်ဟု သံဃာတော်များက တောင်းဆိုထားသည်။

ကျောင်းတိုက် ဝန်းကျင်တွင်လည်း လူအနည်းဆုံး ၂ဝဝဝ ခန့် ဝိုင်းရံ ရောက်ရှိနေကြသည်။

1:15 PM
နောက်ထပ်ရရှိသော သတင်းအရ ယနေ့ နံနက် ၁ဝ နာရီခန့်က စတင်၍ အစိုးရရုံးကား ၄ စီးကို ဒေါသ ထွက်နေသော လူအုပ်စုကြီးက အလယ်ကျောင်းတိုက် ရှေ့တွင် မီးတင်ရှို့လိုက်ကြသည်။

12:40 PM
ကားမီးရှို့ခံရ

ပခုက္ကူမြို့တွင် ယမန်နေ့က ဆန္ဒပြပွဲကို စစ်တပ်က အင်အားသုံး ဖြိုခွင်းပြီးနောက် သံဃာတော်တပါး ပျံလွန်တော်မူသွားသည် ဆိုသော သတင်းများ ထွက်ပေါ်နေပြီးနောက် ကားတစီး မီးရှို့ခံထားရကာ အခြေအနေ တင်းမာနေသည်။

အလယ်ကျောင်းတိုက်သို့ စစ်တပ်များ ဝင်ရောက်လာပြီး ကျောင်းဝင်းတံခါးများ ပိတ်လိုက်သည်။ ကျောင်းတိုက်ရှေ့တွင် မာဇဒါ ဂျစ်ကားတစီး မီးရှို့ခံထားရကာ လုံခြုံရေးများ ခြေချင်းလိမ်နေသည်။

ပခုက္ကူ ဈေးကြီးကို နံနက်ပိုင်းတွင်ပင် ပိတ်ပစ်လိုက်ကြသည်။

12:30 PM
စစ်တွေမြို့မှာ စစ်ကားတွေ ကင်းလှည့်၊ စွမ်းအားရှင်တွေ စုဖွဲ့နေ

စစ်တွေမြို့ခံ ဦးကျော်စိုးအောင်၏ ပြောပြချက်

“မနေ့ကနေ သူတို့က အင်အားတွေ အများကြီးနဲ့ မြို့ကို ပတ်ပြီးတော့ ကား ၁၆ စီးနဲ့ အင်အားတွေ ပြပြီးတော့ လက်နက်တွေ အစုံနဲ့ လမ်းထွက်ကုန်တော့၊ လမ်းမှာတွေရော၊ ဘုန်ကြီးကျောင်းမှာရော သူတို့က အင်အား ပြလိုက်တယ်။ ခန့်မှန်ပြီး ပြောရမယ်ဆို ၁စီးကို ၄-၅-၆ ဆယ်လောက် ရှိမှာပေါ့။”

“မနက် အစောကြီးကတည်က စစ်တပ် ကား ၈စီးလောက် ရှိတယ် နောက်ပိုင်းမှာက ကား ၁၆ စီးလောက် ဖြစ်သွားတယ် ။ နေ့လည်ပိုင်းလောက် ဖြစ်လိမ့်မယ် အဲဒီမှာ သူတို့က ဘုန်ကြီးကျောင်း ရှိတဲ့နေရာတွေ စာသင်ကျောင်း ရှိတဲ့နေရာတွေ လမ်းဆုံမှာတွေ အကုန်ချလိုက်တယ်။”

“အခု စစ်တပ်က နောက်ဆုတ်သွားပြီ ဆိုတော့ အခု ရဲအင်အားတွေ သူတို့ ချလိုက်တယ်။ နောက်ပြီးတော့ ဘယ်က ဗိုလ်မှူးကြီး တဦးလဲ မသိဘူး ဗိုလ်မှူး တယောက်က ရပ်ကွက်တခု လူ ၂ဝ တောင်းပြီးတော့ စွမ်းအားရှင် ဆိုပြီးတော့ ရပ်ကွက်တိုင်းမှာ ဖွဲ့လိုက်တယ်။”

“အခု ရပ်ကွက်တွေမှာက သူတို့ အလုပ် မရှိတဲ့လူတွေ၊ နောက်ပြီးတော့ စိတ်မပါပဲနဲ့ အတင်း အဓမ္မ ရယက လူတွေက ခေါက်ဆွဲတွေ လှူတယ်။ တချို့ ဆိုလို့ရှိရင် ပြန်ပြီးတော့ ပြေးလာခဲ့တယ် တချို့ ဆိုလို့ရှိရင် အခွင့်အရေးကို မျှော်ပြီးတော့ အဲဒီမှာထိုင်နေကြတယ်။”

“အခု နောက်ဆုံး အခြေအနေက ဘူးသီးတောင်၊ မောင်တောဘက်က လုံထိန်းတွေ ရောက်လာတယ်။ ပြဿနာဖြစ်ရင် ဖြေရှင်းပေးဖို့ စစ်တွေမှာရှိတဲ့ ပြည်သူ့ ရဲတွေနဲ့ ပေါင်းပြီးတော့ သူတို့ကို ထိန်းချုပ်ထားတာပေါ့။”

“သူတို့ လုံခြုံရေး ချထားတဲ့ နေရာက တနေရာကို ၂ဝ လောက်ရှိမယ်။ ဘုရားကြီးတို့ ဒုံးတိုက်ကွင်းတို့ (ဒုံးတိုက်ကွင်း ဆိုတာ ဘုန်ကြီးတွေ ပျံတော်မူတဲ့အခါ သုသာန်ကွင်းကို ပြောတာပါတဲ့) နောက်ပြီးတော့ စာသင်ကျောင်း ရှိတဲ့နေရာတွေ တက္ကသိုလ် ရှိတဲ့နေရာတွေ အဲဒီလို နေရာတွေပေါ့။”

11:50 AM
မန္တလေး စည်ပင်သာယာက အိမ်ခွန်၊ ရေခွန်၊ မြေခွန်၊ မိလ္လာခွန် စသည့် အခွန်အခများ အားလုံး စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တိုးမြှင့် ကောက်ခံနေသည်။

---------------------------------------------

ပခုက္ကူတွင် ဆန္ဒပြ
လျှပ်စစ်မီတာခ နှစ်ဆ တက်မည်
ဘိုကလေးမှာ ဟောပြောပွဲလုပ်၊ လူရာပေါင်းများစွာ တက်ရောက်

စက်တင်ဘာလ ၅ ရက်၊ ၂၀၀၇ ခုနှစ်။

7:20 PM
ချင်းပြည်နယ် ဟားခါးမြို့ရှိ အန်အယ်ဒီ ခေါင်းဆောင် ၅ ဦးကို လူ ၅ ဦးထက် ပိုမို၍ စီတန်း လမ်းလျှောက်ခြင်း မပြုရန် ယနေ့တွင် မြို့နယ် အာဏာပိုင်များက ခေါ်ယူ သတိပေးလိုက်သည်။

ယမန်နေ့က လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၂ ဦးကို ယနေ့ နံနက်တွင် မယက ဥက္ကဌ၊ မြို့နယ် တရားသူကြီး ဦးမင်းဝေနှင့် ပြည်နယ် ဥပဒေ လက်ထောက် ညွှန်ကြားရေးမှူး ဦးထန်ကျူး က ခေါ်ယူ တွေ့ဆုံကာ တည်ဆဲ ဥပဒေအရ လူ ၅ ဦးထက် ပိုမို လမ်းလျှောက်ခြင်း မပြုရန် ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

7:10 PM
အထွေထွေ အကြပ်အတည်းအတွက် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများသည် ဥပဒေ ကျူးလွန် ချိုးဖောက်ခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောဆိုလိုက်သည်။

လောင်စာဆီ ဈေးနှုန်းများ တိုးမြှင့်ရာမှ ကုန်ဈေးနှုန်းနှင့် ခရီးစရိတ်များ တိုးမြင့်လာခြင်းကြောင့် ဆန္ဒပြသူများကို အာဏာပိုင်များကို ကျောထောက်နောက်ခံ ပြုထားသော အဖွဲ့က အကြမ်းဖက် နည်းလမ်းဖြင့် နှိမ်နင်းခြင်း၊ အမျိုးသမီးများအား စော်ကားမှု ပြုခြင်းတို့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဟု အဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

6:50 PM
ပခုက္ကူမြို့တွင် သံဃာတော် အနည်းဆုံး ၄ဝဝ ခန့်က ဆန္ဒပြရာ အာဏာပိုင်များက ရိုက်နှက်ပြီး ဖြိုခွင်းခဲ့သည်။

4:45 PM
နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုနှင့် ကုန်ဈေးနှုန်းများ ထပ်မံ တက်နိုင်သည် ဆိုသော ပူပန်မှုများကြောင့် အချက်အချာ ဖြစ်သော ရန်ကုန် မဂိုလမ်းရှိ ကုန်သည်ကြီးများက ယနေ့ ရွှေဈေးမဖွင့်ဘဲ ထားသည်။ ယမန်နေ့က နောက်ဆုံး ဖွင့်ခဲ့သည့် ရွှေဈေးမှာ တကျပ်သားလျှင် ၄၉၅ဝဝဝ ကျပ် ဖြစ်သည်။

4:15 PM
လျှပ်စစ်မီတာခ နှစ်ဆ တက်

လျှပ်စစ် ဓာတ်အားခများ နှစ်ဆတိုး ကောက်ခံခြင်းကို စက်တင်ဘာလ ၁ဝ ရက်နေ့တွင် စတင်မည် ဖြစ်သည်။ အိမ်သုံး မီတာများသည် တယူနစ်လျှင် ၂၅ ကျပ်မှ ကျပ် ၅ဝ သို့ မြင့်တက်သွားမည် ဖြစ်ပြီး ပါဝါမီတာခေါ် လုပ်ငန်းသုံး မီတာများသည် တယူနစ်လျှင် ကျပ် ၅ဝ မှ ကျပ် ၁ဝဝ သို့ လည်းကောင်း ပေးဆောင်ရမည် ဖြစ်သည်။ မီတာပုံး ထိန်းသိမ်း စောင့်ရှောက်ခ လစဉ်ကြေးမှာလည်း ၅ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်သို့ ဈေးတက်သွားသည်။

4:10 PM
ယနေ့ နံနက် ၆ နာရီခန့်က ပြန်လွတ်လာသော သြဂုတ် ၃၁ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်တွင် ဆန္ဒပြ၍ အဖမ်းခံရသူ ကိုစည်သူ က မဇ္ဈိမ သို့ ပြောပြချက်

“မနေ့က ၆ နာရီကျော် လောက်မှာ ပြန်လွတ်လာတာပါ။ ကျနော်တို့ ကို ဖမ်းသွားတာ မဟုတ်ပါဘူး ခဏ ခေါ်သွားတာပါ။ မေးခွန်း သိပ်ပြီးတော့ မမေးကြပါဘူး။ ခေါ်သွားတဲ့ လူတွေက ရဲတပ်ဖွဲ့ဝင်တွေပါ။ လာတွေ့တဲ့ လူတွေကတော့ ဌာန တော်တော် များတယ်လို့ ထင်တာပဲ။ ဘာဖြစ်တာလဲ မသိဘူးပေါ့နော်။ ပြန်လွတ်လာတာကတော့ ဘယ်လိုပြောမလဲ ကျနော်တို့ လုပ်ရပ်ကို မြို့နယ် မြို့သားတွေ၊ တိုင်းသူ ပြည်သားတွေ၊ ကမ္ဘာက လက်ခံလို့ ပြန်လွတ်လာတာလို့ ကျနော် ယုံပါတယ်။ အခု လောလောဆယ်တော့ ကျနော် စဉ်စားလို့ မရသေးပါဘူး ခင်ဗျာ။ ကျနော်က အန်အယ်ဒီ အဖွဲ့ဝင် တယောက်ပါ။ လုပ်ချင်လို့ ရှိရင်တော့ ဒီတခါတော့ အဖွဲ့အစည်းကို တိုင်ပင်ပြီးတော့ ကျနော်တို့ လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ သူတို့ ညွန်ကြားချက် အတိုင်းပေါ့လေ။”

ရာပေါင်းများစွာသော လူအုပ်စုကြီးကို ဦးဆောင်ကာ အဖမ်းဆီး ခံထားရသူများ လွတ်မြောက်ရေး အာဏာပိုင်များကို ဖိအားပေးခဲ့သူ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေး အတွင်းရေးမှုး ဦးခင်လှ က ပြောကြားရာတွင် “အောင်မြင်တယ်လို့ ပြောလို့ရမလား ဆိုတော့။ ကျနော်တို့ အောင်မြင်တယ် လို့ပဲ ပြောလို့ရမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတဲ့အခါမှာ ကျနော်က ဒီလောက်ကြီးကြီး မျှော်လင့်မထားဘူးဗျာ နော်။ အဲဒီတော့ ဟို ပြည်သူတွေဟာ သိပ်ပြီး ကြောက်နေကြတယ်။ အဲဒီတော့ သူတို့ကို အဲဒီလောက်ထိ အားပေးပြီးတော့ တက်တက်ကြွကြွ ပါဝင် ပူးပေါင်းလိမ့်မယ်လို့ မထင်ဘူးဗျာ နော်။ အဲဒီတော့ ကျနော်တို့ အတွေ့အကြုံတွေအရ အဲဒီလို တောင်းဆိုကြတယ်။ သူတို့ လုပ်ချင်တာ လုပ်နေကြတယ် ဂရုမစိုက်ဘူးပေါ့နော်။ အခုဟာ ဆိုလို့ရှိရင် လက်ငင်းပဲဗျာ သူတို့ကို လွတ်ပေးလိုက်ပြီဗျာ ကျနော်တို့ နောက်က ပြည်သူလူထုကြီးရဲ့ အင်းအားတွေပေါ့ဗျာ နော်။ ဒီခလေးတွေရဲ့ အပေါ်မှာ ဒီမတော် မတရားလုပ်နေတဲ့ ဒီ အာဏာပိုင်တွေရဲ့ အပေါ်မှာ သူတို့ မကျေနပ်မှုတွေဟာ ဒီလောက် ပြည်သူလူထုကြီးဟာ ပူးပေါင်း ပါဝင်တယ် ဆိုတဲ့ အချက်ပေါ်မှာ အဲဒီတော့ အဲဒါတွေဟာ ထင်သာမြင်သာတဲ့ အချက်တွေကြောင့်မို့လို့ ကျနော်တို့ဟာ အောင်မြင်တယ်လို့ပဲ ကျနော် မှတ်ချက်ချရမှာပေါ့ဗျာ။”

1:50 PM
ဘိုကလေးမှာ ဟောပြောပွဲလုပ်၊ လူရာပေါင်းများစွာ တက်ရောက်

ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် ပတ်သက်၍ လူထု ဟောပြောပွဲ တခု ဧရာဝတီတိုင်း ဘိုကလေးမြို့တွင် ပြုလုပ်ရာ လူရာပေါင်းများစွာ ဖြစ်လာပြီးနောက် စွမ်းအားရှင်နှင့် ကြံ့ဖွံ့က ဦးဆောင်သူ ၃ ဦးကို ဖမ်းဆီးသွားခဲ့သည်။

လူထုကြီးက ဖမ်းသွားသူများ ပြန်လွှတ်ပေးရေး တောင်းဆိုလျှက် ရှိပြီး ဆက်လက် စုရုံးလျှက် ရှိသည်။

“မနက် ၈ နာရီလောက်က ဦးအောင်ခင်ကိုနဲ့ အဖွဲ့နဲ့ပေါ့နော်၊ အဖွဲ့ကနေပြီးတော့ ဈေးရှေ့မှာ သူတို့ကနေပြီးတော့ ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ပတ်သက်ပြီးတော့ ဟောပြောမှုတွေ လုပ်တယ်။ ဈေးရှေ့က လက်ဖက်ရည်ဆိုင်ရှေ့မှာ လူတထောင်ကျော်လောက် ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ သူတို့ကို စွမ်းအားရှင်နဲ့ ကြံ့ဖွံ့တို့က ဝိုင်းလိုက်တယ်။ ဝိုင်းပြီးတော့ ဦးအောင်ခင်ကို ကိုဖမ်းသွားတယ်။ ဖမ်းတဲ့အခါ လူထုက အဲဒီ ဟိုဟာဖြစ်တဲ့ လူတွေကို ပြန်ဝိုင်းပြီးတော့ ဦးအောင်ခင်ကို ကိုလွတ်ပေး၊ လွတ်မပေးရင် သူတို့ မခွဲဘူး ပြောတယ်။ ဖမ်းသွားတာက ဦးအောင်ခင်ကို၊ ဒေါ်မြင့်မြင့်ဆွေ၊ ဒေါ်ခင်လေးတို့ သုံးယောက်ကို ဖမ်းသွားတယ်။ သူတို့က တွဲဖက် အထွေထွေ အတွင်းရေးမှုးနဲ့ မြို့နယ် စုံးရုံးရေး အဖွဲ့ဝင်တွေ အဲဒါနဲ့ ပါတ်သက်လို့ အဲလိုဖြစ်တော့ အခုထက်ထိ လူစု မကွဲသေးဘူး။” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးက မဇ္ဈိမ သို့ ပြောပြသည်။

1:20 PM
စစ်တွေမှာ ဆန္ဒပြဖို့ တာဆူနေ

“စစ်တွေမှာ ဆန္ဒပြဖို့တော့ တာစူနေတာပဲ။ ဒါပေမဲ့ စစ်တပ်က စစ်ကား ၁၆ စီးနဲ့ စစ်လက်နက် အပြည့်အစုံနဲ့  မြို့ကို လှည့်ပတ်နေတာ လုံခြုံရေး အရမ်းကို တင်းကျပ်နေတယ်။ ကျောင်းတွေမှာလည်း စစ်သားတွေက ခြံစည်းရိုး တလျှောက်မှာ စောင့်နေတယ်။ ဘုန်းကြီးပျံပွဲ လုပ်တဲ့ တုံးတိုက်တဲ့ ကွင်းမှာလည်း စစ်သားတွေက စောင့်နေတယ်။ နေရာတိုင်းမှာ စစ်သားတွေက လက်နက်တွေနဲ့ အင်းအားအပြည့် စောင့်နေတာ။ ဒီကလူတွေ မလှုပ်ရှားရဲအောင်ပေါ့။ စစ်တွေက ဖမ်းထားတဲ့ လူ ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ ဆန္ဒပြ တောင်းဆိုဖို့ အစီအစဉ် ရှိတယ်။ ဘယ်အချိန် ဆိုတာတော့ မသေချာသေးဘူး၊၊” ဟု စစ်တွေမြို့ခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

--------------------------------------------------

ရခိုင်ပြည်နယ် တောင်ကုတ်မှာ ဆန္ဒပြပြီ

စက်တင်ဘာလ ၄ ရက်၊ ၂၀၀၇ ခုနှစ်။

5:15 PM
ဒေါ်မြမြစန်းကို ဖမ်းဆီး

အင်္ဂါနေ့ ဝတ်ပြုနေ့အတွက် လူ ၁ဝ ဦးခန့် ရွှေတိဂုံ ဘုရားဖူးနေကြစဉ် ဒေါ်မြမြစန်းအား ဘုရားဂေါပက အဖွဲ့က လာရောက် ခေါ်ယူသွားသည်။ အာဏာပိုင်များက ဖမ်းဆီးကာ ကျိုက္ကဆံကွင်းသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ ဦးမောင်မောင်မြင့်က ပြောပြသည်။

5:00 PM
မူဆယ်တွင် လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာနိုင်သည်ဆိုကာ အာဏာပိုင်များ စိုးရိမ်နေကြသည်။

4:35 PM
ဗမာနှင့် ရခိုင်ဒေသများတွင် လူထုကြီးက လောင်စာဆီ ဈေးနှုန်းများ တိုးမြှင့်ခြင်းကို ကန့်ကွက်သော ဆန္ဒပြပွဲများကို ရှမ်းဒီမိုကရက်တစ် ယူနီယံက ရှမ်းလူထု ကိုယ်စား လှိုက်လှိုက်လဲလဲ ထောက်ခံကြောင်း ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

စုစည်းစနစ်ကျသော လူထု လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာပြီး တိုင်းပြည်သစ် တရပ်ကို တည်ထောင်နိုင်မည့် အပြောင်းအလဲ ဖြစ်ပေါ်လာရေး မျှော်လင့်ကြောင်းလည်း ဖော်ပြထားပြီး သုံးပွင့်ဆိုင် ဆွေးနွေးရေး ဆီသို့ သွားရန် စစ်အစိုးရကို ရှမ်းဒီမိုကရက်တစ်ယူနီယံက တောင်းဆိုထားသည်။

4:00 PM
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖမ်းဆီး ခံထားရသူများနှင့် ပတ်သက်၍ အာဏာပိုင်များမှ အကြောင်း တစုံတရာ ပြန်ကြားခြင်း မရှိသည့်အပေါ် မြို့နယ် ရဲမှူးရုံးသို့ သွားရောက် စုံစမ်းရာမှာ ဆန္ဒပြ ဟောပြောပွဲများ ယနေ့ ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့က အထွေထွေ အကြပ်အတည်း ဆန္ဒပြသူ ၂ ဦးဖြစ်သည့် ကိုစည်သူနှင့် ကိုသန်းလွင်တို့ကို ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ တောင်ကုတ် အဖွဲ့ချုပ် အစည်းအဝေး ယနေ့နံနက်တွင် ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ၂၄ နာရီထက် ကျော်လွန် ချုပ်နှောင်ခြင်းကို ကန့်ကွက်လိုက်ကာ ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု အဖွဲ့ချုပ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

“ကျနော် တောင်ကုတ် မြို့နယ် စည်းရုံးရေးထဲက နေပြီးတော့ ကျနော် ဦးဆောင် ပြီးတော့ပေါ့နော် အဲလို အာဏာပိုင် အဖွဲ့အစည်းပေါ့ဗျာ၊ မြို့နယ်ရဲမှူးရုံးကို ကျနော် သွားပါတယ်။ အဲဒီကို သွားတဲ့အခါမှာ ပြည်သူလူထုက ကျနော်နဲ့ ပူးပေါင်းပြီးတော့ နောက်က လိုက်ကြတယ် ခင်ဗျာ။ အဲဒီမှာ ကျနော် မောင်စည်သူနဲ့ မောင်သန်းလွင် တို့ ဆန္ဒပြတဲ့ နေရာကို ရောက်တော့ ဈေးကလဲ ဖြစ်တယ်ဗျာ။ လမ်းသွား လမ်းလာတွေကလဲ များတယ်ဗျာ။ အဲဒီ နေရာမှာ ကျနော် ပြည်သူလူထု မေးတဲ့ မေးခွန်းတွေကို ကျနော် ဖြေတယ်ဗျာ။ အဲဒါနဲ့ပဲ လူတွေက များလာပြီးတော့ အဲဒီ နေရာမှာ ဟောပြောပွဲ ဖြစ်သွားတယ်ဗျာ။” ဟု တောင်ကုတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် စည်းရုံးရေး အတွင်းရေးမှုး ဦးခင်လှက မဇ္ဈိမ သို့ ပြောပြသည်။

“နောက် ဆက်လက်ပြီးတော့ ကျနော် တို့ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် စည်းရုံးရေး အဖွဲ့က နေပြီးတော့ ဒု - ဥက္ကဌ ဖြစ်တဲ့ ဦးတင်လင်းအောင်က ဆက်ပြီးတော့ စကားပြောတယ်ဗျာ။ ဟောပြောတယ်ဗျာ။ နောက်ပြီးတော့ ရမ်းဗြဲမြို့နယ်က ရောက်လာတဲ့ စည်းရုံးရေး အဖွဲ့ ဒု-ဥက္ကဌ ရခိုင်ပြည်နယ် စည်းရုံးရေး အဖွဲ့ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှုး ဦးတင်လှိုင်ပေါ့၊ သူကလည်း ဆက်ပြီးတော့ ဟောပြောတယ်ဗျာ။ ဟောပြောတော့ အဲဒီမှာ ပြည်သူလူထုကြီးက စိတ်ပါဝင်စား အားပေး ထောက်ခံ ပြီးတော့ ကျနော်တို့နဲ့ အတူ ပူးပေါင်း ပြီးတော့ အဲဒီ ကလေးတွေရဲ့ အကြောင်းစုံကို သိလိုချင်တဲ့ အတွက် ရဲစခန်းကို လိုက်လာကြတယ် ခင်ဗျာ။ ဟု သူက ထပ်ပြောသည်။

“လူ ၂ ထောင် သုံးထောင်လောက် ရှိတယ်ဗျာ။ ကျနော် နောက်က လိုက်လာကြတာ။ ကျနော် အဲဒီမှာ မေးကြည့်တော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က အေး မဝတ ရုံးကို ရောက်နေတယ် ပြောတဲ့ အတွက်ကြောင့် ကျနော် မဝတ ရုံးကို ဆက်လိုက်တယ်။ ဆက်လိုက်တဲ့ အခါမှာ မဝတ ဥက္ကဌနဲ့ မြို့နယ်ရဲမှုးနဲ့ အဲဒီမှာ တွေ့တယ်ပေါ့။ တွေ့တော့ ကျနော် မေးတယ် ဒီခလေးတွေ ဘယ်ရောက်နေလဲ ၁-၂-၃-၄ ရက် ရှိသွားပြီ ဆိုသလို ပေါ့ဗျာ။ ဥပဒေအရ ဆိုလို့ရှိရင် ဒီခလေးတွေဟာ ၂၄ နာရီထက် ကျော်လွန်ပြီးတော့ ဖမ်းဆီး ချုပ်နှောင်ဖို့ မသင့်ဘူးပေါ့ ။ အပြစ် တစုံတရာကို ကျူးလွန်တာလဲ မဟုတ်တဲ့ အတွက်ကြောင့် ဒီခလေးတွေကို ဘယ်မှာရှိတယ် ဆိုတဲ့အခါ သူတို့က ဖမ်းတာ မဟုတ်ပါဘူးတဲ့၊ ခလေးတွေကို ခဏခေါ်ထားတာတဲ့။”

“ခင်ဗျား မဖမ်းပါဘူး ဆိုတာ တာဝန် ယူမလားလို့ ဆိုတဲ့အခါကြတော့၊ သူတို့ တာဝန် မယူနိုင်ဘူးဗျာ။ အဲဒီတော့ ကျနော်ကတော့ သူတို့ပြောတာကို သံသယ ရှိတယ်ဗျာ၊ ကျနော်မယုံဘူး။ အဲဒါ ခင်ဗျား မယုံလို့ရှိရင် သူ့မိဘတွေကို သွားမေးပါတဲ့။ ဆိုတော့ ကျနော် သွားမေးတယ်ဗျာ။ သွားမေးတော့ လူထုကြီးက ကျနော့် နောက်က လိုက်လာတယ်ဗျာ၊ ကျနော့် နောက်က သူတို့ ပြေးပြီးတော့ လိုက်လာကြတယ်။ မော်တော် ဆိုင်ကယ်တွေနဲ့။ အဲဒီကနေပြီးတော့ မဝတ ဥက္ကဌ၊ နောက် မြို့နယ်မှုး လိုက်လာပြီးတော့ ကျနော်ကို ဘာပြောလဲ ဆိုတော့ ဦးခင်လှတဲ့ ဒီလူတွေကို ခင်ဗျား ခေါ်မသွားပါနဲ့တဲ့၊ ဟာ ကျနော် ခေါ်တာ မဟုတ်ဘူးလို့၊ သူတို့ဘာသာ သူတို့ လိုက်လာတာလို့ ကျနော်မှာ တားပိုင်ခွင့် မရှိဘူးလို့၊ သူတို့က နေပြီးတော့ သူတို့ရဲ့ အခက်အခဲတွေကို ရှေ့က မာမားမတ်မတ် ရပ်တည်ပြီးတော့ အနစ်နာခံပြီးတော့ သူတို့ ဆန္ဒ ထုတ်ဖော်ပြသတဲ့ မောင်သန်လွင်နဲ့ မောင်စည်သူ အပေါ်မှာ ဂရုဏာသက်လို့ လိုက်လာကြတာလို့၊ ကျနော့်မှာ တားပိုင်းခွင့် မရှိဘူးလို့ ဆိုတော့၊ သူတို့က အတင်းတားတယ်၊ အတင်း တားပြီးတော့ အဲဒီမှာ လမ်းမှာ ပိတ်ထားတယ်ဗျာ။ နောက် ရဲ အရာရှိ တဦး ဆိုလို့ရှိရင် အကျီ လှန်ပြတယ်ဗျာ၊ ခါးမှာ ထိုးထားတဲ့ သေနတ်ကို ပြတယ်။ ခင်ဗျာ ဆက်မလိုက်နဲ့တော့ လိုက်ရင် ခင်ဗျာတွေ့တယ် မဟုတ်လား ဆိုတဲ့ဟာမျိုးပေါ့လေ ဆိုတော့ ပြည်သူလူထုကြီးက အဲဒီမှာ ကျန်ခဲ့တယ်။ ကျနော်တို့က ဆက်သွားကြတယ်။ မောင်သန်းလွင်ရဲ့ အိမ်ကိုရောက်တယ်။”

“ဒါပေမဲ့ အဲဒီမှာ သူတို့ မိဘတွေနဲ့  မတွေ့ရဘူး။ သူတို့ ဆင်းရဲသားတွေ၊ ဆင်းရဲသားတွေ ဆိုတော့ တနေ့ရမှ တနေ့စားပေါ့ဗျာ။ သူတို့ စားဝတ်နေရေး အတွက် သူတို့ ရှာဖွေပြီးတော့ သွားနေကြတယ်။ အဲဒီတော့ ကျနော်တို့ သူတို့ရဲ့ အကြောင်းစုံကို ကျနော် မသိခဲ့ရဘူ။ အဲဒီ အာဏာပိုင်တွေ ပြောတဲ့အတိုင်းပဲ မှန်သလား၊ မမှန်ဘူးဆိုတာ ကျနော် မသိဘူးဗျာ။ အဲဒါနဲ့ ကျနော် အိမ်ပြန်လာတယ်။ လူစုခွဲလိုက်ကြတယ်။”

12:45 PM
ကျောက်ဆည်မြို့က ကျော်သူမိုးမြင့် မနေ့က ပြန်လွတ်လာခဲ့သည်။

12:40 PM
စစ်အစိုးရ ရာဇဝတ်မှုများ ကျူးလွန်နေဟု လူ့အခွင့်အရေး ကာကွယ်သူများပြော

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ဦးမြင့်အေးအား သြဂုတ်လ ၂၄ ရက်နေ့တွင် နေအိမ် လမ်းထိပ်တွင် လာရောက် ဖမ်းဆီး သွားကြသည်။

စစ်အစိုးရသည် အမျိုးသမီးများအား ကိုယ်ထိလက်ရောက် စော်ကားမှုများကို ခွင့်ပြုကာ ရာဇဝတ်မှု ကျူးလွန်လျှက် ရှိကြောင်း မြန်မာပြည်တွင်း အခြေစိုက် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် (H.R.D.P) က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် အပြင်းအထန် ရှုတ်ချ ပြောဆို လိုက်သည်။

------------------------------------------

လပွတ္တာနှင့် ကျောက်ဆည်တွင်လည်း ဆန္ဒပြပြီ

စက်တင်ဘာလ ၃ ရက်၊ ၂၀၀၇ ခုနှစ်။

7:05 PM
ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်တွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေးနှင့် နအဖ အမျိုးသား ညီလာခံ ဆန့်ကျင်ရေး အစရှိသည့် တောင်းဆိုချက်များ ပါဝင်သည့် စာရွက်စာတမ်းများ ယနေ့ ညနေပိုင်းတွင် လိုက်လံ ကပ်ခဲ့သည်ဟု သိရသည်။

ယနေ့ညနေ ၄ နာရီခန့်တွင် မြစ်ကြီးနား တက္ကသိုလ်ရှိ မြစ်ကြီးနား တက္ကသိုလ် ဘူမိဗေဒ ဒုတိယနှစ် ကျောင်းဆောင်ရှေ့တွင် အဆိုပါ လှုံ့ဆော်စာများ ကပ်ထားခြင်း ဖြစ်ပြီး စာထဲတွင် 'ကုန်ဈေးနှုန်း ကျဆင်းရေး'၊ 'လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှု ဆန့်ကျင်ကြ'၊ 'နအဖ ကျင်းပသည့် အမျိုးသား ညီလာခံ အလိုမရှိ'၊ 'မြစ်ဆုံ ရေကာတာ တည်ဆောက်နေမှုကို ဆန့်ကျင်ကြ' နှင့် 'လယ်ယာမြေများ အဓမ္မ သိမ်းယူနေမှုများကို ဆန့်ကျင်ကြ' အစရှိသည်တို့ ပါဝင်သည်။

5:45 PM
ဆန္ဒပြပွဲများကို နောက်ရက်များတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုများဖြင့် စစ်အစိုးရက ဆက်လက် တုံ့ပြန်ပါက အကျိုးဆက်ကို စစ်အစိုးရတွင် တာဝန်ရှိကြောင်း “မြန်မာပြည်သူ တရပ်လုံးအတွက် အစတေးခံ လူငယ်များ” ဟု ပါရှိသည့် အကောင်းဆုံး မြေသြဇာ အဖွဲ့က ယနေ့ ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။

4:40 PM
အဲယားကွန်း မဖွင့်သော အဲယားကွန်း ဘတ်စ်ကားများ အတွက် ခရီးတို အနည်းဆုံး ဘတ်စ်ကားခများ ယနေ့မှစ၍ ပြန်လည် လျော့ချလိုက်သည်။ ဆီဈေး တက်ပြီးနောက် အနည်းဆုံး သတ်မှတ်ချက် ၁ဝဝ ကျပ်ဖြစ်ရာမှ ယခုတွင် ၅ဝ ကျပ် ဖြစ်လာသည်။ သို့သော် ခရီးရှည် ဂိတ်အစ-အဆုံး စီး ခရီးသည်များ အတွက် ဘတ်စ်ကားခမှာ ၂ဝဝ ကျပ် ဖြစ်ပြီး လျော့ကျသွားခြင်း မရှိပါ။

3:45 PM
ကြံ့ဖွံလည်း ပြည်သူပြည်သားတွေပါ၊ လူသတ်တရားခံ မဖြစ်စေလို

မနီလာသိန်း ပြေးလွှားရင်း မဇ္ဈိမ ကို ပြောပြချက်

“ကျမ ပြောချင်တာကတော့ ပြီးခဲ့သည့် ၁၉ ရက်နေ့ ကနေစပြီး လောင်စာဆီ ဈေးတက်တဲ့ နောက်ပိုင်းမှာ ကျမတို့ ၈၈ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့တယ်။ အဲဒီ နောက်ပိုင်း ၂၁ ရက်နေ့ ညက ၁၂နာရီကနေ စပြီးတော့ ကျမတို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တချို့ ဖမ်းဆီး ခံခဲ့ရပေမယ့် ကျမတို့ ၂၂ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားတွေရယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်တွေရယ်၊ တက္ကသိုလ် ကျောင်းသားတွေရယ် ပူးပေါင်းပြီးတော့ ပြည်သူတွေရဲ့ အခက်အခဲ အကြပ် အတည်းတွေကို ဖြေရှင်းဖို့ အတွက် လှည်းတန်းကနေစပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့တယ်။ အဲသလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖေါ်တဲ့ သူတွေကို သမိုင်းလမ်းဆုံမှာ အာဏာပိုင် အဖွဲ့အစည်းက နေပြီးတော့ ပြည်သူပြည်သား အချင်းချင်းကို ရန်တိုက် ပေးနေတဲ့ ပုံစံမျိုးတွေနဲ့ ပြုလုပ်ခဲ့တာ တွေ့ရတယ်။ အဲလို ပြောတဲ့အခါမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းက လူတွေ ကျမတို့ လူတွေကို အဲဒီအချိန်မှာ ကျမတို့ လူတွေကို ဆွဲလား၊ ရမ်းလား လုပ်နေတယ်။ အဲဒီအချိန်မှာ ကျမ သူတို့ကို လက်ဆွဲ နှုတ်ဆက်တယ်။ အတင်းကို ကျမ သွားလိုက် နှုတ်ဆက်တယ်။ ကျမ သူကိုပြောတယ်၊ မောင်လေးတို့လဲ ပြည်သူတွေပါ၊ ပြည်သူတွေ အခု အခက်အခဲ ဖြစ်နေတဲ့ အကြပ်အတည်း ဖြစ်နေတဲ့ ကိစ္စတွေကို မောင်လေးတို့ အသိဆုံးပါ။ မောင်လေး ကျမတို့နဲ့ လက်တွဲပါလို့ ကျမ ပြောလိုက်တယ်။ အဲဒီအခါမှာ အမတို့ လူအုပ်စု ခွဲလိုက်ပါ ဆိုပြီး ကျမလက်ကို ကိုင်ပြီး သူက ပြောခဲ့တယ်။ ကျမ သုံးယောက်ကို လက်ဆွဲ နှုတ်ဆက်ခဲ့တယ်။”

ကျမ အဓိက ပြောချင်တာက ဘာလဲဆိုတော့ ပြည်သူကို ပြည်သူ အချင်းချင်း ရန်တိုက်ပေးတဲ့ ပုံစံမျိုးတွေ၊ ပြီးတော့ ပြည်သူတွေရဲ့ ပုံစံမျိုးတွေ၊ နောက်ပြီး ပြည်သူတွေရဲ့ ဆန္ဒ မပါဘဲနဲ့ လူတွေ အပေါ်မှာ ဖိအားပေး ခံနေရတာပေါ့နော်၊ ဖိအား အမျိုးမျိုး ပေးပြီးတော့ ပြည်သူ ပြည်သားတွေကို ဆွဲခေါ်ပြီးတော့ ပြည်သူပြည်သား အချင်းချင်းကို အပြတ်ရှင်းတဲ့ ပုံစံမျိုးတွေ မလုပ်သင့်ဘူးလို့ ကျမထင်တယ်။ ပြီးတော့ ဒီနေရာကနေ တခု ပြောချင်တယ်။ ဘာလဲဆိုတော့ ပြည်ထောင်စု - ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းက လူတွေ၊ နောက် စွမ်းအားရှင် လူတွေ၊ အမျိုးသမီး ရေးရာတွေ အားလုံးကို ကျမ ပြောချင်တာကတော့ သမိုင်းမှာ သူသတ်တရားခံတွေ ဖြစ်ခဲ့တဲ့ နေဝင်း အစိုးရလို ကိုယ့်ကိုယ်ကိုယ် မဖြစ်ပါစေနဲ့လို့ ကျမ ပြောချင်ပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်ပေးနေတဲ့ ရဟန်း၊ သံဃာ၊ ကျောင်းသား ပြည်သူတွေနဲ့ ဆက်ပြီး လက်တွဲပါလို့ ကျမ ပြောချင်ပါတယ်။

3:37 PM
ပဲခူးမြို့မှာ အခြေအနေ တင်းမာ

“လုံခြုံရေးတွေ တင်းကြပ်ထားတယ် လုံခြုံရေးတွေကတော့ ချထားလိုက်တာ အပြည့်ပဲ အများကြီးပဲ။ ပဲခူးမှာ ဘုန်းကြီးတွေ ဆူမယ်လို့ သတင်းကြားတာ သုံးရက်လောက် ရှိနေပြီ ။ အဲဒီထဲက စပြီးတော့ ချထားတာ အဲဒီမှာ အခုချိန်ထိပဲ။ ရဲတွေရယ်၊ သူတို့ ကြံ့ဖွံ့တွေရယ်၊ နောက်တခုက စွမ်းအားတွေရယ်၊ အဲဒါတွေရယ် ချထားတယ်။ ဗဟို အချက်အချာ ကျတဲ့နေရာတွေမှာ ထားတယ်။” ဟု ပဲခူးမြို့ခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

“လုပ်တာပေါ့။ လုံခြုံရေးတွေ လျှောက်ချတာပေါ့နော်။ ဈေးထဲတွေမှာ ချတယ်။ ဘုရားတွေပေါ်မှာ ချတယ်။ နောက်တခုက လမ်းဆုံ လမ်းမတွေမှာ ချတယ်။ ရုံးတွေမှာ ချတယ် အများကြီးပဲ ။

ပြည်သူတွေကတော့ အခွင့်အရေးကို စောင့်နေကြတယ်။ တကယ်တမ်းဖြစ်ရင် တကယ်ပဲ ပါကြမှာပေါ့။ ဖမ်းဆီတာတော့ မရှိသေးဘူး။” ဟု သူက ထပ်ပြောသည်။

3:25 PM
မြန်မာနိုင်ငံတွင်း ဆန္ဒပြသူများနှင့် သွေးစည်း ညီညွတ်မှုကို ပြသပြီး နအဖ စစ်အစိုးရက ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းနေခြင်းအပေါ် အိန္ဒိယမှ ကန့်ကွက် ပြောဆိုစေလိုသည့် မြန်မာနိုင်ငံသား ၁၂ ယောက်က ယနေ့တွင် နယူးဒေလီမြို့တွင် ၂၅ ကီလိုမီတာ အကွာအဝေးကို ချီတက် လမ်းလျှောက် ဆန္ဒပြကြသည်။

ဒေလီမြို့ ဆင်ခြေဖုံး ဗီးကပ်စ်ပူရီ ရပ်ကွက်မှသည် အာဏာရ ကွန်ကရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဓီ၏ နေအိမ် တည်ရှိရာ အမှတ် ၁ဝ ဂျန်ပတ်ထ် သို့ လှုပ်ရှား တက်ကြွသူများက လမ်းလျှောက် ဆန္ဒပြပြီး လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့လူထု၏ ဒီမိုကရေစီ လှုပ်ရှားမှုကို အိန္ဒိယ အနေဖြင့် ထောက်ခံသွားရေး ကြိုးပမ်းနေကြသည်။

2:00 PM
ကျောက်ဆည်မြို့ ဆန္ဒပြပွဲ

“ကိုကျော်သူမိုးမြင့်ကို ည ၁၁ နာရီက လာဖမ်းသွားတယ်။ ခယက ဥက္ကဌရယ်၊ ရပ်ကွက်လူကြီးရယ်၊ ရဲတွေရယ် ပါတယ်နော်။ သူ့ကို အဖမ်းခံ ရပေမယ့်လို့ လုပ်စရာ အလုပ်ကို ဆက်လုပ်တော့၊ ဒီနေ့ ၃ရက် ၉လ၂ဝဝ၇ မှာတော့ လူထု လမ်းလျှောက်ပွဲကို မနက် ၁ဝနာရီကနေ ၁၁ နာရီအထိ လုပ်ဖြစ်တယ်တဲ့။ ကျောက်ဆည် လက်ပြတိုင်ကနေ ပြီးတော့မှ လက်ပြတိုင်မှာ စုရပ် လုပ်ထားပေမဲ့လို့လဲ အချုပ်ကားတွေက ၅ စင်း၊ ရဲ ၅ဝ နဲ့လောက်နဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးတွေက အဆင်သင့် စောင့်နေတာကြောင့်မို့ လမ်းကြောင်းကို ပြောင်းပြီးတော့မှ ကျောက်ဆည် ဆေးရုံရယ်၊ ဘီအီးတပ်တွေ ဘက်ကို ဖြတ်ပြီးတော့ လျှောက်သွားတယ်။ ပြီးတော့ လောင်စာဆီ ကျဆင်းဖို့အတွက်၊ ပြန်ချပေးဖို့အတွက် ပြောကြားခဲ့တယ် ။ ဂျီတီစီ ကျောင်းအထိ လျှောက်ခဲ့တယ်။ နိုင်ငံရေး အကျဉ်းသမားများ လွတ်မြောက်ရေးနဲ့ မနေ့ညက ပါသွားတဲ့ ကိုကျော်သူမိုးမြင့် လွတ်မြောက်ရေးကိုလည်းပဲ ပြောတယ်။”

1:45 PM
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို ဖမ်းပေးရန် အဓမ္မ လက်မှတ်ထိုးခိုင်း

ရန်ကုန်မြို့တွင်းရှိ နေအိမ်များကို ကိုဌေးကြွယ်၊ မနီလာသိန်း အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ရှစ်ဦး လာအိပ်လျှင် ခွင့်မပြုဘဲ သက်ဆိုင်ရာ အာဏာပိုင်များကို သတင်းပို့ရန် အိမ်ရှင်များက သဘောတူကြောင်း လက်မှတ်မထိုး မနေရ၊ လက်မှတ် ရေးထိုးခိုင်းခြင်းကို လွန်ခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့များက ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြသည်။

မြို့နယ်ရုံးများ၏ ညွှန်ကြားချက်ကြောင့် လုပ်ခြင်းဟု ရယက များက ပြောဆိုပြီး ညွှန်ကြားချက်ကို မလိုက်နာလျှင် ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးထားသည်။ သို့သော် မည်သို့ အရေးယူမှာလည်းဆိုသော မေးခွန်းကို ဖြေဆိုခြင်း မပြုခဲ့ကြပေ။

1:05 PM
နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇာတိဖြစ်သော ကျောက်ဆည်မြို့တွင် လူ ၃ဝ ကျော်က ယနေ့ နံနက် ၁ဝ နာရီမှစ၍ လမ်းလျှောက် ဆန္ဒပြ ခဲ့ကြသည်။

1:00 PM
လပွတ္တာ ဆန္ဒပြပွဲ လူထောင်ချီ
ဒေါက်တာ ဦးအေးကြည်က မဇ္ဈိမ သို့ ပြောပြချက်

“လပွတ္တာ ဘုရားလမ်းအတိုင်း လျှောက်လာတယ်။ ဘုရားလမ်းအတိုင်း လျှောက်လာတော့ မိုင် တဝက်ကျော်ကျော် လောက်ပေါ့၊ သြဘာလမ်းနဲ့ ဘုရားလမ်းလဲ ရောက်ရော အဲဒီမှာ တခါ တရားဟောတယ်။အဲဒီ သပိတ် ကြိုအထွက်မှာလဲ တခါ တရား ဟောတယ်နော်။ အဲဒီ သြဘာလမ်း အတိုင်း တက်လာတယ်။ သြဘာလမ်းအတိုင်း တက်လာတဲ့ အချိန် လမ်း တဝက်လဲ ရောက်ရော၊ ရိုးမပုံ လက်ဖက်ရည် ဆိုင်အရှေ့မှာ နောက်ထပ် တခါဟောတယ်။ ဟောပြီးတော့ သြဘာလမ်းအတိုင်း တက်သွားတယ် သြဘာလမ်းဆုံးရော မြို့အစွန် ရောက်သွားတယ်။ မြို့အစွန်ရောက်မှ မဝတက ကားနဲ့ စောင့်နေတယ်။ သူတို့ တက်သွားတဲ့အချိန် စစထွက်တဲ့ အချိန်မျာ သပိတ်ကြို ဘုရားကနေ ထွက်တဲ့အချိန်မှာ ၄-၅ ရာလောက် ရှိတယ်။ လမ်းတလျှောက် တဖြည်းဖြည်း များများ လာပြီးတော့၊ တရားဟောနေရင်း တစုစုနဲ့ တခါထဲ တဖြည်းဖြည်းနဲ့ လူထောင်ကျော် ဖြစ်သွားတယ်။ ဒီ သြဘာလမ်း ဆိုတာ လမ်းက အကျယ်ကြီးဗျ၊ အဲဒီ သြဘာလမ်း အဆုံးကို လူတွေ ပြည့်ကြပ်သွားတယ်။ အဲဒီမှာ ကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင်တွေက အဲဒီ သြဘာလမ်း အလယ်လောက်မှာ တားတယ်။ စွမ်းအားရှင်က ရှေ့ဆက်မသွားဖို့ ဘာဖို့ ပြောတာ၊ အဲဒါ ပြည်သူတွေက နေပြီးတော့ ထားပါတော့ နင်တို့နဲ့ မဆိုင်ဘူး၊ တားစရာ မလိုဘူး။ သူတို့ လုပ်နေတာ မင်းတို့ဘက်က ဘာလဲပေါ့။

12:55 PM
ကျောက်ဆည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကျော်သူမိုးမြင့်ကို တင်္နဂနွေနေ့ည ၁၁ နာရီခန့်က နေအိမ်တွင် ရဲများက လာရောက် ဖမ်းဆီး သွားခဲ့သည်။

12:30 PM
ရှေ့နေ ဦးကြည်ဝင်း မြို့နယ် ဥက္ကဌ ၊ လွတ်တော် ကိုယ်စားလှယ် အမှတ် (၁ )

“ဒီနေ့ မနက် ၈ နာရီတွင် လပ္ပတ္တာမြို့ သပိတ်ကြို ဘုရားကနေပြီးတော့ သုံးယောက် စပြီးတော့ ထွက်သွားတယ်။ သူတို့က ရန်ကုန်အထိ မိုင် ၂ဝဝ ချီတက်မယ်ပေါ့။ အဲဒီလောက်ပဲ အဲဒါ အောင်မိုးဝင်းရယ် ဦးကြည်သန်းရယ် ဦးဌေးဝင်းရယ် သုံးယောက် အဲဒါ ၈ နာရီလောက် ထွက်သွားတဲ့ ဥစ္စာ ၈ နာရီခွဲလောက်လဲ ကြာရော လပ္ပတ္တာမြို့ အဝင်ဝ ကားဂိတ်မှာ မဝတနဲ့ ရဲတွေကနေပြီးတော့ သူတို့ သုံးယောက်ကို မြောင်းမြကို ဖမ်းသွားတယ်။” ဟု လွှတ်တော် ကိုယ်စားလှယ် ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမ သို့ပြောပြသည်။

ဆန္ဒပြသူ သုံးယောက် နောက်သို့ လူအုပ်ကြီး တစုကလည်း လိုက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

------------------------------

သြဂုတ်လ ၂၂ ရက်မှ ၃၁ ရက်နေ့အထိ ဖြစ်ပွားသော ဆန္ဒပြမှုများ ဖတ်ရန် ...

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates