Saturday, September 8, 2007

ကိုဂျင်မီ သေဆုံးသည် ဆိုခြင်း မဟုတ်မှန်ကြောင်း ကြားသိရဟု အဖွဲ့ချုပ် ဦးမြင့်သိန်းပြော

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၈ ရက်၊ ၂၀၀၇ ခုနှစ်။


7:12 PMပခုက္ကူမှာ သံဃာတော်များကို ဖမ်းဆီး ရိုက်နှက်ခြင်း မပြုလုပ်ခဲ့ဟု စစ်အစိုးရပြော
စက်တင်ဘာလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပခုက္ကူ သံဃာတော်များ ဆန္ဒပြပွဲကို လူစုခွဲရာတွင် သံဃာတော်များကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း လုံးဝမရှိဟု ယနေ့ထုတ် အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။
သံဃာတော်တပါးမှပင် ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ပျံလွန်တော်မူခြင်း မရှိဟုလည်း သတင်းစာက ရေးသားထားသည်။
ထို့အပြင် မြို့နယ် သံဃ နာယက ဥက္ကဌ ဆရာတော်၏ အသက်ဘေး ကာကွယ်ရန် အတွက်သာ လက်နက်ငယ်ဖြင့် သုံးချက် မိုးပေါ်ထောင် ပစ်ခဲ့သည်ဟု ဆိုသည်။
6:40 PMဒေါပုံမှာ လမ်းလျောက် ဆန္ဒပြ
ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ခေါင်းဆောင်၍ မြို့လယ် လမ်းမကြီးပေါ်တွင် လမ်းလျောက် ဆန္ဒပြပွဲ တခုကို ယနေ့ ပြုလုပ်ခဲ့ကြသည်။
အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးသန်းဌေး ခေါင်းဆောင်သော လူ ၁၂ ဦးက ဆန္ဒပြကြခြင်း ဖြစ်သည်။
6:30 PMကိုဂျင်မီ သေဆုံးသည်ဆိုခြင်း မဟုတ်မှန်ကြောင်း ကြားသိရ
ကိုဂျင်မီ သေဆုံးသည် ဆိုသော သတင်း မဟုတ်ဘူးဟု ကြားသိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်း အပြောအရ သိရသည်။
“အခုနောက်ဆုံး ပထမတုံးကတော့ ကောလဟလ နောက်ကျတော့ ၈ဝ ရာခိုင်နှုန်း နောက်ကျတော့ သေချာသလောက် ဖြစ်ပါပြီ ဆိုပြီးတော့ သတင်းရတယ်။ အခု ညနေပိုင်း ခုနလေးပဲ လွန်ခဲ့တဲ့ နာရီဝက် မရှိတရှိလောက်ကမှ နောက်ဆုံး အတည်ပြုချက် ပေးတယ်၊ မဟုတ်ပါဘူးတဲ့။ သေချာ သွားပြီ။ အန်ကယ် စိတ်မပူနဲ့တော့တဲ့၊ ကျနော့်ဆီကို ဖုန်းပြန်ဆက်ပါတယ်။” ဟု ဦးမြင့်သိန်းက ပြောသည်။
“သူတို့ ကောက်ချက် ချတာကလည်း ဘာလဲဆိုတော့ သူမိန်းမ ထွက်လာအောင်လို့ သူတို့ (နအဖ စစ်အစိုးရ) က ညထဲက လွင့်ထားတဲ့ သတင်း” ဟု သူက ထပ်ပြောသည်။
5:30 PM၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ သေဆုံးပြီ ဆိုသော ကောလာဟလများ ထွက်ပေါ်နေ
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဂျင်မီ သည် ထိန်းသိမ်းခံနေရရင်း ယနေ့ သေဆုံးသွားပြီ ဆိုသော ကောလာဟလ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျှက် ရှိသည်။
ယမန်နေ့ကတည်းက ကိုဂျင်မီ နေထိုင်မကောင်း ဖြစ်နေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့ နေ့လည်က သေဆုံးပြီ ဟူသော သတင်း လိုက်ပါလာခဲ့သည်။
ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၏ ဇနီးသည် ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်လည်း ဖြစ်ကာ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်သည့် မနီလာသိန်းက “ကျမလည်း ကြားတယ်။ တကယ်ဟုတ် မဟုတ် အတည် မပြုနိုင်သေးဘူး။ ဒါပေမယ့် အဖမ်းခံထားရသူတွေကို စစ်ကြောရေးက ကျင်စက်တို့ နှိပ်စက်တို့တွေတောင် လုပ်တယ် ဆိုတော့ စိုးရိမ်နေတာ၊ ဒီနေ ဒီသတင်း ကြားရတာပဲ” ဟု မဇ္ဈိမ သို့ ပြောပြသည်။
လေးနှစ်သားအရွယ် သမီးငယ်ကိုပင် ခွဲခွာ ထွက်ပြေးနေရသူ သူမအနေဖြင့် ကိုဂျင်မီ ကွယ်လွန်ပြီ ဆိုသော သတင်းစကားကို တဆင့်စကားဖြင့်သာ နားစွင့်နေရသည်။
“ကျမ မယုံဘူး။ သူ နေမကောင်းဖြစ် သေတယ်ဆိုတာ ဘယ်လိုမှ ကျမ မယုံဘူး။ သေလောက်အောင် ပြင်းထန်တဲ့ ရောဂါ ဝေဒနာ တခုမှ မရှိဘူး။ မဖြစ်ပါစေနဲ့ မဖြစ်ပါစေနဲ့။” ဟု ပြောကာ အသံတိမ်သွားသည်။
ကိုဂျင်မီ သေဆုံးပြီဆိုသော ကောလာဟလများ ထွက်ပေါ်နေပြီးနောက်
မမိုးမိုး (ကိုမာကီ ညီမ)
“ကိုမာကီ့ကို ခေါ်သွားကတည်းက တလပြည့်တော့မယ်။ တွေ့ခွင့်လည်း မရ၊ သတင်းလည်း မရ၊ ဘယ်မှာထားလို့ ထားမှန်းလည်း မသိဆိုတော့ မိသားစု အနေနဲ့ စိုးရိမ်တာပေါ့။ တွေ့ချင်တာပေါ့၊ နေကောင်းလား ဆိုတာ။ အခုလည်း သတင်းကြားတာက ကိုမာကီ့ အခြေအနေ စိုးရိမ် နေရတယ်ပေါ့နော်။ သတင်းကြားတဲ့အတွက် အမေဆိုရင် ဒေါသလည်း ကြီးတယ်၊ သွေးတိုးလည်း ရှိတဲ့ အခါကျတော့ သူငိုလည်း ငိုနေတာပေါ့နော်။ သူ့သားတယောက် ဒီလိုမျိုး ဖြစ်နေတယ် ဆိုတော့ ပိုပြီး တွေ့ချင်တာပေါ့နော်။ သူလုံးဝ စကားမပြောနိုင်ဘူး။ ပြောလည်း မထွက်ဘူး။”
“ကိုမာကီက ဆေးရုံမှာလို့ ကြားရတယ်။ ဘယ်ဆေးရုံမှာလို့တော့ အတိအကျ မသိရပါဘူး။ သူ့မှာက နဂိုကတည်းက အစာအိမ် ရောဂါ ရှိတယ်ဆိုတော့ ကျမတို့ အရမ်း စိုးရိမ်ပါတယ်။ အခုဘာကြောင့် ဆေးရုံတက်ရတယ် ဆိုတာလည်း မသိရပါဘူး။ သူတို့ ခေါ်သွားတုန်းကတော့ အကောင်းကြီးပါပဲ။”
မစုစုနွေး
“ကျမတို့ကရော၊ အိုင်စီအာစီတို့၊ သံရုံးတွေကလည်း အကုန်လုံး လိုက်နေတာ။ ဒါပေမယ့် ကျမတို့ သွားတွေ့တဲ့ အခါကျတော့ သူတို့က မဟုတ်ဘူးလို့ပဲ ပြောပါတယ်။ မဟုတ်ဘူးဆိုရင် သူတို့ကို ဘယ်မှာထားတာလဲ၊ သူတို့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိပါတယ်၊ သူတို့ မိသားစုတွေကို ဘယ်လို အကြောင်းပေးပါမယ် ဆိုပြီး တစုံတရာ တုံ့ပြန်တာ မရှိပါဘူး။ အဲဒီတော့ မိသားစုတွေရော၊ နိုင်ငံရေး အင်အားစုတွေရော၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို ထောက်ခံတဲ့ ပြည်သူလူထုတွေက အရမ်း စိုးရိမ်နေကြပါတယ်ရှင်။ အဲဒီတော့ လူသားချင်း စာနာတဲ့ အနေနဲ့ပေါ့နော်၊ တရားဥပဒေ နည်းလမ်း ကျကျပေါ့။ သူတို့က ရာဇဝင်သူခိုး ဂျပိုးတွေလည်း မဟုတ်ပါဘူးရှင်၊ လူဆိုး သူခိုးတွေလည်း မဟုတ်ဘဲနဲ့ တိုင်းပြည်အတွက်ကို ပေါ့နော်၊ မြန်မာနိုင်ငံ ဒ'ီမိုကရေစီ ရရှိရေး အတွက်ပေါ့နော် သူတို့ရဲ့ ဘဝတွေရော၊ စိတ်ကူးတွေရော အကုန်လုံး စတေးပြီးတော့ တောင်းဆို ပေးနေတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို အခုလို လူမသိ သူမသိနေရာမှာ နှိပ်စက် ညှင်းပမ်း ပြီးတော့ ဖမ်းဆီးထားတာ၊ မိသားစုနဲ့ တွေ့ခွင့် မပေးတာဟာ တရားဥပဒေကို လိုက်နာ လေးစားမှု မရှိဘူးလို့ ပြောချင်ပါတယ်။”
5:30 PMပခုက္ကူ ယနေ့အခြေအနေ
ရေဒီယိုတွေကို သတင်းပေးတဲ့ သူတွေကို လိုက်ဆွဲနေတယ်။ ညတုန်းက ၂ နာရီလောက်က လိုက်ဆွဲတာ။ ဘယ်နှစ်ယောက်မှန်းတော့ အတိအကျ မသိဘူး။ အမှတ် ၈ ရပ်ကွက်ထဲက ကိုသန့်ရှင်းနဲ့ ကိုသာအောင် ကိုတော့ သိတယ်။ အသက် ၄ဝ၊ ၅ဝ လောက်တွေပါ။ သူတို့က ပေါ်တင် ဖြစ်တယ်လေ။ အသံတွေ ပါတယ်။ အာအက်ဖ်အေမှာ။ နောက်ထပ် လူတွေလည်း ကြားထားပါတယ်။ ဒါပေမဲ့ သိပ်မသေချာဘူးဗျ။ အခုထိ ပြန်မလွှတ်သေးဘူး ထင်တယ်။ ခေါ်တယ် ဆိုတာပဲ သေချာပေါက် သိတယ်။ ဘယ်သူတွေ လာခေါ်တယ် ဆိုတာကို မသိဘူးဗျ။
မြို့ကတော့ ငြိမ်နေတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်တွေ ချထားတယ်။ ရဲစခန်း၊ ကုန်စည်ဒိုင်နဲ့ မီးသတ်ရှေ့မှာ ချထားတယ်။
--------------------------------------
စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇ ခုနှစ်။
6:21 PMမန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းအဝေးကို အာဏာပိုင်တွေ ဒေါက်ထောက်ကြည့်
မန္တလေးတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ဝင်းမြမြ က မဇ္ဈိမ သို့ ပြောကြားချက်
“တွေ့ဆုံ ဆွေးနွေးပွဲ လုပ်တဲ့ ဦးမောင်မောင်သန်းရဲ့ အိမ်ရှေ့ လမ်းမကြီးပေါ်မှာပဲ ညာဘက်ရော၊ ဘယ်ဖက်ရော၊ နှစ်ပြလောက်၊ သုံးပြလောက်မှာ ဒီလိုမျိုး လူအင်အားနဲ့ ချပြီးတော့ သန့်ရှင်းရေး လုပ်တယ် ဆိုတော့လည်းပဲ၊ ထူးခြားမှု တခုတော့ ဖြစ်နေတာပေါ့နော်။ နောက်တခါကျတော့ စောင့်ကြည့်တယ်။ လုံခြုံရေးတွေ ကလည်းပဲ အများကြီးပဲ အရပ်ဝတ်တွေနဲ့ပေါ့။ ဒါတွေကတော့ ဒီ အက်စ်ဘီ၊ စသုံးလုံး၊ စရဖ၊ နောက်တခါကျတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး အကုန်ပါပဲ။ အဲဒီလို စောင့်ကြည့်တွေကလည်းပဲ၊ ဓါတ်ပုံရိုက်တဲ့ လူတွေရော အပေါက်ကနေ စောင့် ဓါတ်ပုံရိုက်တယ်။” ဟု ဒေါ်ဝင်းမြမြက ပြောပြသည်။
“လူ ၂၈ လမ်းပေါ်မှာရှိတဲ့ ဦးမောင်မောင်သန်းရဲ့ အိမ်ရှေ့မှာ ခုနလို စည်ပင်သာယာ သန့်ရှင်းရေး လုပ်တဲ့ အနေထားမျိုးနဲ့ စောင့်တာတွေလဲ ဒါစောင့်တယ်လိုပဲ ပြောရမှာပဲ။ အဲဒါလည်းပဲ အင်အား အများကြီးပဲ။ တခါ ဒီ လက်နက် ကိရိယာ မျိုးစုံနဲ့ပေါ့နော်။ စောင့်ကြည့်နေတဲ့ လူတွေ အများကြီး ရှိသလို၊ စစ်ကားနဲ့ လည်းပဲ၊ ဒီစစ်ဝတ်စုံနဲ့ ကွန်မန်ဒို အကျီတွေနဲ့၊ နောက်တော့ ပြောက်ကျား အင်္ကျီ ဝတ်တာရော၊ ရိုးရိုးပလိမ်း စစ်ဝတ်စုံ ဝတ်ထားတာတွေရော၊ ဒါတွေကလည်း ကားနဲ့ ပတ်နေတာကို ကားအစီးရေ အများကြီးကို တွေ့ရတယ်။ ကားအစီးရေ ဒါဇင်လောက်ရှိတဲ့ ကားအစီးရေကို တွေ့ရပါတယ်။ အဲဒါတွေကတော့ ထူးခြားချက်ပါပဲ ။ ကျန်တာတော့ ဒီ တိုင်းကို လာပြီးတော့မှ အနှောက်အယှက် ပေးတာတော့ မရှိဘူး။ မြို့နယ် အသီးသီးကလည်းပဲ သူတို့မြို့နယ်တွေမှာ အတားခံရတယ်၊ မသွားရဘူး။ တချို့ မြို့နယ်တွေကတော့ ရအောင်လာကြပါတယ်။”
6:05 PMရန်ကုန်နှင့် ပုသိမ်၊ တောင်ကုတ် မြို့များတွင် ပြုလုပ်သော ဆန္ဒပြပွဲများတွင် အဖမ်းခံ ထားရသူများထဲမှ အနည်းဆုံး ၁၂ ဦး ပြန်လွတ်လာပြီ ဖြစ်သည်။
6:00 PMရန်ကုန်မှာ ဒီလိုတဲ့
“လမ်းဆုံလမ်းခွ နေရာမျိုးမှာ စစ်ကားတွေ လာရပ်ပြထားတယ်။ ဒါပေမယ့် စစ်ကားပေါ်မှာတော့ မရှိဘူး။ သူတို့ကတော့ ဈေးဝယ် ထွက်လာသလိုလို ဘာလိုလိုနဲ့။ မလှမ်းမကမ်းမှာတော့ သေနတ်ကိုင်တဲ့ စစ်သားတွေ နှစ်ယောက်၊ သုံးယောက်လောက် သေနတ်ကိုင်ပြီး ထိုင်နေတာတွေ ရှိတယ်။ မသိမသာနဲ့ ပြည်သူတွေကို ခြောက်တာပေါ့။ တကယ်လို့များ အဲဒီနားမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်လာရင် သေနတ်ကိုင်တဲ့ လူတွေက ပြေးထွက်လာမှာပေါ့။ သူတို့နဲ့ ပတ်သက်တဲ့ ရဲတွေ၊ စွမ်းအားရှင်တွေက အရင်ဆုံး ပြည်သူတွေကို ခြောက်လှန့် နှိပ်စက်မယ်၊ လိုအပ်ရင် လက်နက်ကိုင် အဖွဲ့တွေက ဝင်ပါကြမယ်ပေါ့။ ကြည့်ရတာ သူတို့ (ကြံ့ဖွံ့) တွေက ဘုန်းကြီးတွေကို ကြောက်တယ်လေ။ အဲဒီတော့ စစ်တပ်က ဝင်ပါဖို့ အခြေအနေ ဖြစ်နေတယ်။” ဟု လှုပ်ရှား တက်ကြွသူ တဦးက ပြောသည်။
5:25 PMရန်ကုန် ဆန္ဒပြမှု အသီးသီးတွင် ဖမ်းဆီးထားသူများထဲမှ အချို့ ပြန်လည် လွှတ်ပေးနေခဲ့သည်ဟု သတင်းများ ရရှိနေသည်။
5:23 PMပခုက္ကူ အရေးအခင်းကြောင့် ရန်ကုန်နှင့် မန္တလေး မြို့များတွင် ဂယက်ရိုက်မှုများ ဖြစ်ပွားနေသည်။
ရန်ကုန်တွင် အာဏာပိုင်များက လုံခြုံရေး တင်းကြပ်လိုက်ပြီး ဆန္ဒပြပွဲ ခေါင်းဆောင်နိုင်သူဟု ထင်မြင်သူများကို အနီးကပ် စောင့်ကြည့်လျှက် ရှိသည်ဟု ကုန်ဈေးနှုန်း ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက မဇ္ဈိမ သို့ ပြောပြသည်။
“စစ်တပ်က ကားတစီး၊ နှစ်စီး လမ်းကြိုလမ်းကြား တော်တော်များများမှာ တွေ့ရတယ်။ လူ ၂ဝ လောက် ရှိတဲ့အစု (စစ်အစိုးရလူများ) နေရာအနှံ့မှာ တွေ့ရတယ်။”
သူ၏ အပြောအရ လှိုင်သာယာ၊ မြောက်ဥက္ကလာ မြို့နယ်များတွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်တို့ကို တန်ပြန် ခုခံရန်အတွက် ပြည်သူလူထုက လူအင်အား စုနေသည်ဟု ဆိုသည်။ သီးခြား အတည်ပြုချက် မရနိုင်သေးပါ။
မန္တလေးမြို့နေ စာပေသမား တဦးကတော့ “ပခုက္ကူမှာ ဖြစ်တာကို ကြည့်ပြီး ဒီမှာတော့ လူတွေ ဆန္ဒပြချင်နေကြပြီ” ဟု ပြောသည်။
5:13 PMကျိုက္ကဆံကွင်းအတွင်း အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း တက်ကြွ လှုပ်ရှားသူများက အတည်ပြု ပြောကြားသည်။
ရန်ကုန် ဆန္ဒပြမှုတွင် ပါဝင်သူ ကိုရဲသိန်းနိုင်ကို ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ရိုက်နှက်ခြင်းကြောင့် ဒဏ်ရာ ရသွားသည်တွင် ကောင်းမွန်စွာ ဆေးဝါး ကုသပေးခြင်း မရှိဘဲ ဖမ်းဆီးထားရာမှ သြဂုတ်လ ၃ဝ ရက်နေ့တွင် ကျိုက္ကဆံကွင်း အတွင်း ထိန်းသိမ်းခံထားရသူများက အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် အာဏာပိုင်များ လာရောက်တွေ့ဆုံပြီး ဆေးဝါး ကုသပေးမည်ဟု အာမခံ၍ အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။
ကိုရဲသိန်းနိုင်ကို ယမန်နေ့ညက ပြန်လွှတ်ပေးခဲ့သည်။
3:45 PMမန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ မြို့နယ် အစည်းအဝေးကို ယနေ့ နံနက် (၁ဝ) နာရီခန့်က ကျင်းပခဲ့ရာ နေ့လည် ၁၂ နာရီ ခွဲခန့်မှာ ပြီးဆုံးခဲ့ တယ်လို့ သိရပါတယ်။ နယ်မြို့များမှ ပါတီဝင်တွေ ကားများ ဆိုင်ကယ်များဖြင့် အစည်းအဝေးကို တက်ရောက်ခဲ့ကြကြောင်း မဇ္ဈိမ သတင်းဌာနက စုံစမ်းမေးမြန်း သိရသည်၊၊
ကြံ့ဖွံ့ အဖွဲ့ဝင်များက နေအိမ် ပတ်ဝန်းကျင်တွင် ပေါက်ပြားများ ကိုင်ဆောင်၍ ပေါင်းမြက် ရှင်းနေဟန်ဖြင့် စောင့်ကြည့် နေကြပြီး လုံခြုံရေးများ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ သိရပါတယ်၊၊
2:45 PMဗီဒီယိုများ တင်ထားပေးနိုင်သော ကမ္ဘာကျော် You Tube ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ စက်တင်ဘာလ ၄ ရက်နေ့ ကတည်းက ပိတ်ပင်ထားသည်။ ရန်ကုန်မြို့တွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲ မှတ်တမ်းများကို တင်ထားသောကြောင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု မြန်မာပြည်ရှိ အင်တာနက်နှင့် ရင်းနှီး ကျွမ်းဝင်သူများက ယုံကြည် နေကြသည်။
1:45 PMလုံခြုံရေး ရှင်းနေတယ် ဆိုတဲ့ ပခုက္ကူ
“မြို့ပေါ်မှာ လုံခြုံရေးရယ် ဘာရယ် မရှိဘူး။ အကုန် ရှင်းနေတာပဲ။ မြို့မှာ သွားသွားလာလာပဲ။ အထက ၁ ကတော့ သင်တန်းရှိလို့ ပိတ်ထားတယ်ဗျ။ သင်တန်း ၅ ရက်ရှိလို့ ဟိုကတည်းက ကြိုပိတ်ထားတာပါ။ ကျန်တဲ့ ကျောင်းတွေကတော့ ဒီအတိုင်းပါပဲ။ တက္ကသိုလ်တွေ ဘာတွေ။ ဘာမှ ထူးခြားမှု မရှိဘူး။ လူစုဝေးတာတွေလည်း မရှိပါဘူး။ ကိုယ့်အဖွဲ့နဲ့ကိုယ် လ္ဘက်ရည်ဆိုင် ထိုင်လိုက်၊ ဘာထိုင်လိုက်ပေါ့နော်။” ဟု မြို့ခံတဦးက ပြောပြသည်။
“ဘုန်းကြီးတွေလည်း သူ့ဟာနဲ့သူ မနက် ဆွမ်းခံထွက်တာပဲ။ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်တို့၊ ဝိသုတာရာမ ကျောင်းတိုက်တို့မှာလည်း မထူးခြားပါဘူး။ မနက်က အိပ်ယာထ နောက်ကျလို့ ဘုန်းကြီးတွေကိုတောင် မလျှောက်လိုက်ရဘူး။ ဘုန်းဘုန်းတွေကလည်း ဘယ်တော့မှ မပြောဘူး။ သူတို့လုပ်မယ့် အစီအစဉ် ဘယ်တော့မှ မပေါက်ဘူး။ ပြီးမှသာ ဘုန်းဘုန်းတို့ ညက ပါလားဆိုပြီး အဲလို လျှောက်လိုက်မှသာ ဘယ်လိုဘယ်လို လုပ်တယ်ဆိုတာ ပြောတော့တာပဲ။ လုပ်မယ့် အစီအစဉ်တော့ လုံးဝမပေါက်ဘူး။” ဟု သူက ထပ်ပြောသည်။
12:45 PMပခုက္ကူမှာ ဒေါသထွက်နေသော သံဃာတော်များက ကြံ့ဖွံ့နဲ့ စွမ်းအားရှင်ပိုင် ဆိုင်နှင့်အိမ်ကို ဖျက်ဆီး
ပခုက္ကူတွင် ဒေါသ ထွက်နေသော သံဃာတော်များက ယမန်နေ့ညက ကြံ့ဖွံ့နှင့် စွမ်းအားရှင် နှစ်ဦးတို့ ပိုင်ဆိုင်သော ဈေးဆိုင်နှင့် အိမ်တို့ကို ဖျက်ဆီး ပစ်လိုက်ကြသည်ဟု သိရသည်။
ပခုက္ကူ မြို့ခံတဦးက မဇ္ဈိမ သို့ ပြောပြချက်
“ပြည်ခိုင်ဖြိုးက အိမ်တအိမ်ကို ညပိုင်းတုန်းက ဖျက်လိုက်တယ်။ လှဝင်းနိုင်ဆိုတာလေ မြို့နယ် အလုပ်အမှုဆောင်လေ၊ အဲဒီ ပြည်ခိုင်ဖြိုးရဲ့ အိမ်က မိန်းလမ်းမကြီးပေါ်မှာ ကုန်သည်ပွဲစား အသင်းရုံးနဲ့ ခပ်လှမ်းလှမ်းမှာ ရှိတယ်။ မြို့မလမ်း ပေါ့နော်။ မြို့ရဲ့ အရှေ့ဖျားလေး နည်းနည်းကျတယ်။”
“တံခါးဖွင့် ဝင်ပြီးတော့ အထဲမှာ ရှိတဲ့ဟာကို နည်းနည်းပါးပါး ဖျက်လိုက်တဲ့ သဘောပါပဲ။ ည ၁ဝ နာရီလောက်၊ လူတွေ အနားမကပ်ရဘူး။ ဘုန်းကြီးက ၄-၅ဝ လောက် ရှိမယ်။ လုံးဝကို လူတွေကို အနားကပ် မခံဘူးဗျ။”
“နောက် စွမ်းအားရှင် တယောက်ရဲ့ တဲသာသာ အိမ်ကိုလည်း ဖျက်လိုက်တယ်။ အမှတ် ၁ ရပ်ကွက်ထဲက။ နှစ်တစ် ခင်မောင်ဝင်း အိမ်။ ဒီကောင်က ငယ်ငယ်တုန်းက ရိုက်ရင် နှစ်တစ် (သစ်သားဒုတ်)နဲ့ ရိုက်တတ်လို့ နာမည်ရှေ့က နှစ်တစ် တပ်ထားတာ။ အိမ်ကတော့ သိပ်မကောင်းဘူး ပြောပါတယ်။ နဂိုကတည်းက စီးပွားရေး အဆင်မပြေတဲ့ တဲသာသာ အိမ်ပေါ့။ အဲဒါကိုတော့ ဖျက်ပစ်လိုက်တယ် ပြောပါတယ်။ လူတွေကလည်း မရှိဘူးလေ။ လူတွေကလည်း ရှောင်နေပြီပေါ့။”
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates