Monday, September 17, 2007

အကောက်ခွန်ဝန်ထမ်းများ အခြား အဖွဲ့အစည်းများတွင် မပါရ

မဇ္ဈိမ သတင်းဌာန
စက်တင်ဘာ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်

အကောက်ခွန်ဌာန အကြီးအကဲက လက်အောက်ခံ ဝန်ထမ်းများအား ရုံးတာဝန်မှလွဲ၍ အခြား အဖွဲ့အစည်းများတွင် ဝင်ရောက် လုပ်ကိုင်ခြင်း မပြုရန် သတိပေးလိုက်သည်ဟု သိရသည်။

အကောက်ခွန် ညွှန်ကြားရေးမှုးချုပ် ဦးစံသောင်းက စက်တင်ဘာလ ၁ဝ ရက်နေ့က ပြုလုပ်သော ရုံးတွင်း အစည်းအဝေး တခုတွင် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ အနေဖြင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို)များ အပါအဝင် ပြင်ပ အဖွဲ့အစည်းများတွင် ဝင်ရောက် လုပ်ကိုင်ခြင်း မပြုရန် သတိပေး ညွှန်ကြားလိုက်သည်။

လာဘ်စားမှု များသည်ဟု ကျော်စောသော ဌာနတွင် ဝန်ထမ်းများ အနေဖြင့် လိုက်နာခြင်း မပြုလျှင် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို ပြောကြားခြင်း မပြုသွားပေ။ စစ်အစိုးရ၏ ယမန်နှစ်က စတင်သော လာဘ်စားမှု တိုက်ဖျက်ရေးတွင် အကောက်ခွန် ဌာနသည် ပစ်မှတ်တခု ဖြစ်ခဲ့ပြီး အရာရှိ အများအပြား ရာထူးချခံရခြင်း (သို့မဟုတ်) ထောင်ချခံရခြင်းများ ရှိခဲ့သည်။

“ဒါမျိုး (အစိုးရ မကြိုက်သည့် လုပ်ရပ်) လုပ်ရင်တောင် တချို့တလေပဲ လုပ်မှာ” ဟု ဌာနနှင့် နီးစပ်သူ အကြားအမြင်များသူ တဦးက ပြောသည်။

“သူတို့ အရင်ကလောက် မရဘူး ဆိုရင်တောင် တခြား ဌာနတွေထက်တော့ ထောနေတာပဲ။ ဝင်ငွေ ကောင်းတာကို သူတို့ စွန့်လွှတ်ရဲမှာ မဟုတ်ဘူး။” ဟု သူက ထပ်ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates