Monday, September 17, 2007

ရန်ကုန်တိုင်းရဲ၏ ဖမ်းဆီးရန် ကျန်ရှိသူများစာရင်း ပေါက်ကြားဖွယ်ရှိ

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်

ဖမ်းဆီးရန် ကျန်ရှိနေသေးသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးကို ရှာဖွေ ဖမ်းဆီးရန်အတွက် မကြာသေးခင်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ လျှို့ဝှက်စွာ ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်စာ ပြင်ပသို့ ပေါက်ကြားသွားသည်။

မဇ္ဈိမ က မိတ္တူ ရရှိထားသော ဖမ်းဆီးရန် ကျန်ရှိသူစာရင်း ဆိုသော စာရွက်တခုတွင် ထွက်ပြေး လွတ်မြောက်နေသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် အဖွဲ့ဝင် ၉ ဦး၏ အမည်များ၊ နေရပ်လိပ်စာများနှင့် စောင့်ကြည့်ရမည့် တာဝန်ခံ ဒုရဲအုပ်များ၏ အမည်စာရင်းများ ပါရှိသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သက်ဆိုင်ရာ အပိုင် နယ်မြေအတွင်းရှိ ရဲဌာနများသို့ မကြာသေးခင်က လျှို့ဝှက် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုအောင်မျိုးတင့် ခေါ် ကိုမျိုးကြီး၊ ကိုထွန်းမြင့်အောင်၊ ကိုတင်ထူးအောင်၊ မနီလာသိန်း၊ ကိုအောင်သူ၊ ကိုကိုကြီး၊ ကိုစိန်လှိုင်နှင့် ကိုအောင်နိုင်တို့ကို ဖမ်းဆီးရန် ဖြစ်ပြီး၊ စောင့်ကြည့် တာဝန်ယူမည့် သူများသည် ရဲတပ်ကြပ် တဦး၊ တပ်သား တဦးနှင့် ဒုရဲအုပ် ၈ ဦးတို့မှ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ခံရမည် ဖြစ်ကာ အချင်းချင်း ဆက်သွယ်ရန် အတွက် လက်ကိုင်ဖုန်း နံပါတ်များကိုပါ ထည့်သွင်း ဖော်ပြထားသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates