Monday, September 17, 2007

ဆန္ဒပြမှုများ၏ ရှေ့အလားအလာနှင့် သူတို့၏ အမြင်

အင်တာဗျူး

မဇ္ဈိမသတင်းဌာန
စက်တင်ဘာ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်

မြန်မာပြည်တွင်း ဖြစ်ပွားနေသော ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ မဇ္ဈိမ က ရဟန်းရှင်လူများ၏ အမြင်များကို စုစည်း တင်ပြခြင်း ဖြစ်ပါသည်။

မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း ဗုဒ္ဓသာသနာ ပြန့်ပွားရေး အဖွဲ့မှ ဆရာတော် တပါးကတော့ “ပခုက�ူမှာ ဖြစ်သွားတဲ့ ကိစ္စက ကိုယ့်အသား နာသွားသလို ခံစားရပါတယ်” ဟု ပြောသည်။

“ဒကာ ဒကာမတွေရဲ့ ဒုက္ခရောက်နေတဲ့ ကိစ္စက ဘုန်းကြီးတွေ အနေနဲ့ လက်ပိုက်ကြည့်လို့ မရတော့ဘူးပေါ့၊ ဘာကြောင့်လဲ ဆိုတော့ ဒကာ ဒကာမတွေကြောင့် ဘုန်းကြီးတွေ အသက်ရှင်ရတယ်လေ၊ နောက်ပြီး ဘုန်းကြီးတွေကို ထိပါးလာပြီ ဆိုတော့ ဘုန်းကြီးတွေ အနေနဲ့ ဒီအတိုင်း ကြည့်နေလို့ မရတော့ဘူးပေါ့”

သို့သော် “အထက်က ဆရာတော်ကြီးတွေရဲ့ အမိန့်အတိုင်း လုပ်ရတော့မှာပေါ့၊ သူတို့က သည်လိုလုပ် ဒါလုပ်ဆိုရင် လိုက်လုပ်ရမှာပေါ့” ဟု ထပ်မံပြောသည်။

မကွေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမြင့်ဦး ပြောကြားချက်

“အခု အခြေအနေအရပေါ့ဗျာ ဒီနအဖ စစ်အစိုးရ အနေနဲ့ သူက သံဃာထုကိုလည်း သူရင်ဆိုင်ရတယ်။ ကျောင်းသားထုကိုလည်း ရင်ဆိုင်ရတယ်။ နိုင်ငံရေး သမားတွေကိုလည်း ရင်ဆိုင်ရတယ်။ နိုင်ငံရေးသမား ဆိုတာကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေလဲ ရှိတယ်။ နောက် အန်အယ်ဒီကလဲ ရှိတယ်။ ကျနော်တို့ တိုင်းရင်းသား အဖွဲ့ဝင်တွေလဲ ရှိတယ်။ အဲတော့ ပြဿနာကို အစိုးရအနေနဲ့ မျက်နှာစာများသွားပြီး နောက်ပြီးတော့ ဒီတကယ့် ဒီလက်ရှိ ပြည်သူက လိုချင်တာက တရား မျှတမှုနဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါပေမဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးဟာ ဒီနိုင်ငံမှာ စစ်အစိုးရက အုပ်ချုပ်နေတဲ့ ကာလပတ်လုံး ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခါမှာ ခုနက ကျနော် ပြောပြတဲ့ ဒီရဟန်း သံဃာတွေ၊ နောက် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ အန်အယ်ဒီတွေ၊ တိုင်းရင်းသား ပါတီအဖွဲ့ဝင် အသီးသီးနဲ့ ဒီ နအဖဟာ မလွှဲမသွေ ရင်ဆိုင်ရတော့မယ်လို့ ကျနော်ပြောချင်တယ်။”

“အခုဟာက နိုင်ငံရေးအရ အချိန်ကို စောင့်ရမယ်လို့ အချိန်တန် ဘယ်အချိန်မှာ ဖြစ်လာမယ်ဆိုတာမျိုး ကျနော် မပြောနိုင်ဘူး။ နောက်တချက် ဒီမြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ အင်မတန်မှ စဉ်းစားရ ခက်တယ်။ မျှော်လင့် ထားသလို ဖြစ်မလာတတ်ဘူး။ မမျှော်လင့်တဲ့ နေရာဟာလဲ ပေါက်ချင် ပေါက်လာတတ်တယ်။ အင်မတန်ထူးဆန်းတယ် ဒီမြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ခန့်မှန်ရ အင်မတန် ခက်သလိုပဲ မထင်မထင်သလို ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီနေ့ ပြည်သူကတော့ သူတို့ရဲ့ လူကိုယ်သိက္ခာအတွက်ကို ကျနော်တို့ သိပ်ကို နားလည်လာတဲ့ ဒီနိုင်ငံရေး အချိန် အမြန်ဆုံး အခြေအနေကို ရောက်လာပြီလို့ ကျနော်ထင်တယ်။”

ကျောက်ပတောင်းမြို့မှ ဦးပဉ္စင်းတပါး မိန့်ကြားချက်

“လူတွေဘက်ကလဲပဲ ဘုန်းကြီးတွေ လုပ်ရင်သာ လူတွေက လိုက်မှာ၊ သူတို့ စလုပ်တာဆိုတာ မလွယ်ဘူး။ သူတို့က ဖမ်းဆီးခံရမှာ ကြောက်တာရယ်။ ဘုန်ကြီးတွေ အတိုင်းအတာကတော့ … တနိုင်ငံလုံး အတိုင်းအတာနဲ့ အများမွေးဖွားတွေ အပါအဝင် အများလုပ်တယ်ဆိုရင် ဦးပဉ္စင်းတို့လည်း လုပ်ရမှာပေါ့။ တကာကြီး အဲဒါကတော့ အစီအစဉ်ရှိပါတယ်။”

ရန်ကုန်မှာတော့ သိပ်မထင်တဲ့

ရန်ကုန်မြို့တွင် သံဃာတော်များ၏ ဆန္ဒပြမှု ဖြစ်ပွားမည်ဟု မထင်ကြောင်း ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးကတော့ ပြောသည်။

“အရင် လှုပ်ရှားမှုတွေ ကတည်းက ရန်ကုန်မှာ သံဃာတွေရဲ့ ပါဝင်မှု သိပ်မတွေ့ရဘူး။ ဒါပေမယ့်လည်း မနက်ဖြန် ဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး။” ဟု သူက ပြောသည်။

သို့သော် လှုပ်ရှား တတ်ကြွသူ တဦးကတော့ ဆန္ဒပြပွဲများ “လာမယ်၊ လာမယ်။ ပိုများမယ်။” ဟု ပြောသည်။

(ဆက်လက်တင်ပြသွားမည်။)


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates