စက်တင်ဘာလ ၁၅ ရက်၊ ၂ဝဝ၇ ခုနှစ်။
ရခိုင်ပြည်နယ် မြို့နယ်အချို့မှ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်ရန် လုံခြုံရေးများ ချထားသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့မှ ဦးသိန်းမောင်၏ အိမ်အနီးတဝိုက်တွင် အရပ်ဝတ် လုံခြုံရေးများကို ယခုလ ၈ ရက်နေ့မှ စတင်ကာ စတင် တွေ့ရှိလာရသည်။
“စချထားတာကတော့ 68 နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ မတိုင်ခင် တရက်မှာ စတာပေါ့။ သူတို့က နှစ်ယောက် တဖွဲ့စီ ချထားတာလေ။ ဦးမောင်ကြွင်းအောင် ဘယ်ကိုသွားလဲ၊ ဘယ်သူနဲ့တွေ့လဲ ဆိုတာကို လေ့လာ စောင့်ကြည့်နေတာ။ မနက် တဖွဲ့ဆိုရင်၊ ညနေ တဖွဲ့ ရှိတယ်။ အဲဒီလို လူလဲပြီးတော့ စောင့်နေတာပါ” ဟု အဖွဲ့ချုပ်လူငယ် ကိုခိုင်မျိုးက မဇ္ဈိမကို ပြောသည်။
လုံခြုံရေး စောင့်ကြပ်နေသူများတွင် ရဲဝန်ထမ်းများ အများစု ပါဝင်ပြီး တခါတရံတွင် ကြံ့ဖွံ့ အဖွဲ့ဝင်များလည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။
အလားတူ စောင့်ကြပ်မှုများကို ရသေ့တောင် မြို့နယ်မှ လွှတ်တော်အမတ် ဦးမောင်ကြွင်းအောင် ၏ နေအိမ်အနီးတွင် နေ့စဉ်နှင့်အမျှ အချိန်ပြည့် လုံခြုံရေး ချထားသည်ဟု ဦးသိန်းမောင်နှင့် နီးစပ်သူ တဦးက ပြောသည်။
“လုံခြုံရေး ရဲတွေလေ ဦးမောင်ကြွင်းအောင် အိမ်ကို လူဝင်လူထွက်ကစပြီး လေ့လာ စောင့်ကြည့် ခံနေရတာ” ဟု သူက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ် ဂွမြို့မှ အန်အယ်ဒီ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးညီပု သည် ယခုလ ၁ဝ ရက်နေ့က နေအိမ်မှ ထွက်ခွါ သွားပြီးနောက် ယခုအခါ မည်သည့်နေရာတွင် ရောက်ရှိသွားသည်ကို မိသားစုဝင်များမှ မသိတော့ဘဲ စိုးရိမ် နေရသည်ဟု သိရသည်။
“ဘာကြောင့်၊ ဘယ်ကို ထွက်သွားတယ် ဆိုတာလည်း မသိရဘူး။ အာဏာပိုင်တွေကပဲ ဖမ်းသွားသလား၊ ဘာတခုမှ မသိရဘူး။ ကျနော်တို့လည်း တော်တော်လေး စိတ်ပူနေရတယ်။ လိုက်ရှာတာတွေလည်း ရှိတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။
ပြီးခဲ့သည့် လလယ်နှင့် ယခုလအတွင်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အပါအဝင် တောင်ကုတ်၊ ဂွနှင့် ဘူးသီးတောင် မြို့များတွင် ဆက်တိုက် ဆိုသလို ကုန်းဈေးနှုန်း ကျရေးအတွက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။