Monday, September 3, 2007

စစ်ဗိုလ်က အရပ်သားတဦးကို အကြောင်းမဲ့ ရိုက်နှက်

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ နန်းဖာလုံ ကျေးရွာရှိ မြို့မ ၁၂ ရပ်ကွက်တွင် နေထိုင်သူ ရွာစော် ဦးငမ်လက် (Pa Ngam Let) (၄၅ နှစ်) ကို ပြီးခဲ့သည့်လ ၂၉ ရက်နေ့က အာဏာပိုင်များမှ နေအိမ်အတွင်း ဝင်ရောက်ကာ အကြောင်းမဲ့ ရိုက်နှက်ခဲ့သဖြင့် တမူးမြို့ ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသ ခံယူနေရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ည ၈ နာရီခန့်က ဗိုလ်ဝင်းထွန်းနှင့် အဖွဲ့သည် ၁၂ ရပ်ကွက်အတွင်း ကင်းလှည့်ရာတွင် လမ်းပေါ်၌ တွေ့ရှိသည့် ရွာသား ၃ ဦးကို စစ်ဆေး မေးမြန်းနေစဉ် ရွာစော် ဦးငမ်လက်မှ ကြားဝင် ဖြန်ဖြေခဲ့သည်ကို မကျေနပ်သဖြင့် ည ၁ဝ နာရီခန့်တွင် သူ၏ နေအိမ်အတွင်း အတင်း ဝင်ရောက်ကာ ပါလာသည့် သေနတ် ကျည်ကပ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းနှင့် မျက်ခွံတွင် ဒဏ်ရာရရှိကာ တမူးမြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသ ခံနေရခြင်း ဖြစ်သည်။

“မိသားစုတွေ အိပ်နေတဲ့အချိန်၊ အိမ်တံခါးကို ခြေထောက်နဲ့ အတင်း ကန်ချိုးပြီးတော့ ဝင်လာတယ်။ စုစုပေါင်း ၅ ယောက်ပါတယ်။ အိပ်နေတဲ့ ကုတင်ပေါ်ကနေ ဆွဲချပြီးတော့ ကျည်ဆံတောင့် ထည့်ထားတဲ့ အိတ်နဲ့ ခေါင်းကို ရိုက်တာ။ သူ လဲကျသွားတယ်၊ သတိ မေ့သွားတယ်။ ပြီးတော့ မျက်ခွံ ကွဲသွားတယ်။ ဆေးရုံ ရောက်မှပဲ သတိပြန်ရတော့တယ်” ဟု မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

ရိုက်နှက်မှု ဖြစ်ပွားနေစဉ် ဇနီးဖြစ်သူ ဒေါ်ဟတ်ခိုနင် (Nu Hat Kho Neng) သည် သတိမေ့မြောကာ လဲကျခဲ့သည်။

“အဲဒီဗိုလ်က လာတောင်းပန်တယ်။ သူ့ကို ဘာမှ မလုပ်ဖို့တော့ လာပြောတယ်။ ဒါပေမဲ့ ကာယကံရှင်ရဲ့ ဇနီးကတော့ မြို့နယ်ရုံးမှာ တရားစွဲမယ်လို့ ပြောတယ်” ဟု ဆွေမျိုးသားချင်း တဦးကလည်း ပြောပြသည်။

အဆိုပါ ဒေသအတွင်း စစ်အာဏာပိုင်များမှ အရပ်သူ အရပ်သားများ အပေါ် မကြာခဏ ဆိုသလို ပုံစံ အမျိုးမျိုးဖြင့် အနိုင်ကျင့် စော်ကားမှုများ ပြုလုပ်နေသဖြင့် မယက အာဏာပိုင်များမှ တရား စွဲဆိုမည်ဟု ပြောဆိုလေ့ ရှိသော်လည်း လက်တွေ့တွင်မူ စစ်ဘက် အရာရှိများကို အခြား မြို့နယ်များသို့ ပြောင်းရွှေ့ တာဝန်ပေးခြင်းမျိုးသာ ဖြစ်ပေါ်လေ့သည်ဟု သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates