Saturday, September 1, 2007

နှစ်ပေါင်းများစွာ ကျင်းပလာခဲ့သော အမျိုးသားညီလာခံ ယနေ့တွင် ပြီးဆုံး စစ်ကြောရေးစခန်းမှာ အစာငတ်ခံ ဆန္ဒပြနေပြီ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၃၁ ရက်၊ ၂ဝဝ၇ ခုနှစ်

9:00 PM
နှစ်ပေါင်းများစွာ ကျင်းပလာခဲ့သော အမျိုးသားညီလာခံ ယနေ့တွင် ပြီးဆုံး
အမျိုးသား ညီလာခံ ယနေ့ ပြီးဆုံးသွားပြီ ဖြစ်သည်။ ညီလာခံ ကိုယ်စားလှယ်များ အနက် ၁၉၉၃ ခုနှစ်မှစပြီး တက်ရောက်ခဲ့သော ကိုယ်စားလှယ် များအား ကားပါမစ်များ ချပေးမည် ဖြစ်သော်လည်း ၂ဝဝ၃ ခုနှစ်မှ ဝင်ရောက်ခဲ့သော ကိုယ်စားလှယ်များကိုတော့ ပါမစ် မပေးသောကြောင့် အချို့ က မကျေမနပ် ဖြစ်နေကြကြောင်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။

2:40 PM
ပဲခူး အခြေအနေနှင့် ပတ်သက်ပြီး ဆန္ဒပြသူတဦး ပြောကြားချက်

“ကျနော်တို့ ပဲခူးမှာ ၂၇ ရက်နေ့ နောက်ပိုင်းကနေ စပြီးတော့ အခုအချိန်ထိပေါ့၊ တမြို့လုံး အနေအထား ဆိုလို့ရှိရင် ကျောင်းတို့၊ အထူးသဖြင့် ကောလိပ်တို့၊ ဘုရားတို့၊ အဲဒီ တောက်လျှောက်မှာတော့ တောက်လျှောက် ဆိုသလိုပဲ၊ နောက်ပြီးတော့ အထူးသဖြင့် ဒီလို လှည့်လည် ဆန္ဒပြတဲ့ လူတွေပေါ့။ အဲဒီ လူတွေရဲ့ နေရာတွေရဲ့ တောက်လျှောက်မှာဆို တော်တော်များတယ်။ အဲ လွတ်တော် ကိုယ်စားလှယ် အိမ်တို့လို၊ ဆုတောင်း လှည့်လည် ကြတဲ့လူတွေ နေရာပေါင်းစုံ ဆိုလို့ရှိရင် တော်တော်လေးကို တင်းတင်းကြပ်ကြပ် ချထားတယ် စောင့်ကြည့်တာတွေပေါ့နော်။”

“အဖမ်းအဆီးကတော့ အခုအချိန်ထိ ကျနော်တို့ ဆက်သွယ် နေတာတော့ လေးမြို့နယ်က ဆက်သွယ်နေတာ လေးမြို့နယ်က ဆက်သွယ်ပြီး တယောက်မှ အဖမ်းအဆီးတော့ မရှိဘူး။ ဒါပေမယ့်လို့ လုပ်တတ်တဲ့ အိမ်တွေ ဘာတွေမှာ ဧည့်စာရင်း စစ်တာတို့၊ ဘာတို့တော့ ဥပမာ ကျနော်တို့ ဆီမှာ ဧည့်စာရင်း မနေ့ညက ဝင်စစ်တယ်၊ ဧည့်စာရင်း ဝင်စစ်တယ် ဆိုတာကလဲ အကြောင်းပြချက် တခုပါ။ ရန်ကုန်က ဟိုမှာ ပျောက်နေတဲ့ ကိုဌေးကြွယ်တို့ အုပ်စုတွေကို သူတို့ ဓါတ်ပုံတွေနဲ့ လာရှာနေတဲ့ သဘောပဲ။ အဲဒါတွေက နေရာ တော်တော်များများမှာ လုပ်တယ်။”

“ပြည်သူ အနေအထား ပြောမယ်ဆိုရင် ပဲခူး အနေအထား ကောင်းပါတယ်။ ဘာလဲဆိုတော့ ပြည်သူကလဲ ကျနော်တို့နဲ့ တသားတည်း ရှိနေတယ်။ တော်တော်များများ အားနဲ့အင်နဲ့ ကျနော်တို့ကို အားပေးတာ ရှိတယ်။ ထောက်ခံတာ ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီလို လုပ်တာအတွက်လဲ အခု တော်တော်များများ ကျနော်တို့ဆီကို အားပေးတာ ရှိပါတယ်။ ကျနော်တို့ စလုပ်တဲ့ နေ့ကလည်း လူတွေ အင်နဲ့အားနဲ့ ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ကို ဖမ်းပြီးတော့ ကျနော်တို့ကို ဖမ်းတာ မဟုတ်ဘူး ကျနော်တို့ကို ညှိနှိုင်းမယ် ဆိုပြီးတော့ မဝတထဲကို သွင်းတဲ့ အချိန်မှာလည်း လူထုအင်အားဟာ ဘေးမှာ သောင်းငါးထောင်လောက် ရှိတယ်။ ကျနော်တို့ကို ထုတ်ပေးဖို့ ဘာညာ အဲဒီ လောက်ထိ အပြင်မှာ ပြောနေတာ ကြားတယ်လေ။ ဒါပဲခူး အနေနဲ့ ဒါထူးခြားချက်ပဲ။ အထဲကို ဝင်တဲ့ အချိန်မှာ ကျနော်တို့ အပြင်ဘက်ကနေ စောင့်နေတယ် ဆိုတဲ့ အင်အားဟာ နည်းနည်းနောနောအား မဟုတ်ဘူး။”

12:35 PM
ကျောက်ပန်းတောင်းမှာ အေးအေးဆေးဆေး

“လုံခြုံရေးကတော့ ထူးထူးခြားခြား မရှိဘူးဗျာ။ ဒါပေမဲ့ မနေ့က လူကြီးတွေ၊ မဝတ (မယက) ရုံးကို လာတယ်လို့ ကြားတယ်။ ဒါပေမဲ့ သေချာတော့ အတိအကျ မသိဘူးနော်။ ကျန်တာတွေတော့ လုံခြုံရေးတွေ၊ ဘာတွေ ချထားတာ သိပ်မရှိဘူးဗျာ ။ ဘာဖြစ်လို့လဲ မသိဘူး။ ထူးထူးခြားခြား မရှိဘူး။” ဟု ကျောက်ပန်းတောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးမှုး ကိုမြင့်လွင်က ပြောသည်။

12:32 PM
ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၃ ယောက်ကို အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင် ထားပြီး ကျန်သူများကို ကျိုက္ကဆံ၊ အောင်သပြေ၊ တပ်ရင်း ၅ နှင့် ၃ တို့တွင် ခွဲ၍ ချုပ်နှောင်ထားသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက်အရ သိရသည်။ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

11:55 AM
စစ်ကြောရေးစခန်းမှာ အစာငတ်ခံ ဆန္ဒပြနေပြီ

ကျိုက္ကဆံ စစ်ကြောရေး စခန်းအတွင်း ကုန်ဈေးနှုန်းနှင့် အထွေထွေအကြပ်အတည်း ဆန္ဒပြသူများက ယမန်နေ့မှစ၍ အစာငတ်ခံ ဆန္ဒပြလျှက် ရှိသည်။ အဖမ်းခံထားရသူထဲမှ ခြေထောက် ကျိုးနေသူတဦးကို စနစ်တကျ ဆေးကုသပေးခြင်း မရှိသည့်အတွက် ကျန်လူများ မခံမရပ်နိုင် ဖြစ်ကြပြီး အစာငတ်ခံ ဆန္ဒပြနေကြခြင်း ဖြစ်သည်။

“သူတို့က အစာငတ်ခံ ဆန္ဒပြတာက မနေ့ ညနေကတည်းကနေ စပြီး ဆန္ဒပြတာပါ။ ကိုဦးဝေရဲ့ ခြေထောက်က ကျိုးသွားတယ်ရှင်။ ကိုဦးဝေ ခြေထောက် ကျိုးတာကို ဒီကျိုက္ကဆံ စစ်ကြောရေး စခန်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေကနေပြီးတော့ ကျန်းမာရေး ဆရာနဲ့သာ ပြပေးတယ်။ ခြေထောက် ကျိုးတာကို ကျောက်ပတ်တီးတွေ မစီးပေးဘူး။ အရိုး အထူးကုနဲ့လည်း မပြပေးဘူးပေါ့။ ဆေးရုံတွေ တင်ပြီးတော့ ဆေးဝါး ကုသပေးခြင်း မရှိတဲ့အတွက် ကျန်တဲ့ လူတွေက နေပြီးတော့ ကိုဦးဝေ ခံစားနေရတာကို မကြည့်ရက်နိုင်တဲ့ သူတွေကနေပြီးတော့ အစာငတ်ခံ ဆန္ဒပြတယ်။” ဟု ရန်ကုန်မြို့နေ တက်ကြွ လှုပ်ရှားသူ တဦးက ပြောပြသည်။

ကျိုက္ကဆံ စစ်ကြောရေး စခန်းတွင် ထိန်းသိမ်းထားသူပေါင်း ၆ဝ ကျော်ရှိသည်။

11:35 AM
ဥပဒေမဲ့ လူဖမ်းပွဲနှင့် မနီလာသိန်း

“မနီလာသိန်း ရှောင်နေတဲ့ နေရာကို ဝင်စစ်တော့ မနေ့ည ဆိုလို့ရှိရင် ညမိုးချုပ်တဲ့အထိ ၉နာရီ လောက်ထိ လမ်းမပေါ်မှာ လျောက်သွားနေရတယ်။ သူ့အိမ်ကို လိုက်ရှာလို့လေ သူ့အိမ်ဆိုတာ သူနေတဲ့ အိမ်မဟုတ်ဘူး။ သူရှောင်နေတဲ့ အိမ်ကိုပေါ့နော်။ နေရေးထိုင်ရေးကအစ သူတော်တော် အခက်အခဲ ဖြစ်နေတယ်ပေါ့နော်။ အာဏာပိုင်တွေက ဝင်ရှာတော့ နာမည်တွေမေးဖို့ နေနေသာသာ၊ သူ့ဘာသာသူတောင် အလွတ် ရုံးလာရတာ။ အခုနောက်ပိုင်း သူတို့က ပိုက်စစ်တိုက်ပြီးတော့ကို ဖြစ်နေကြတယ်။ မနေ့က သုံးခါလောက် လာစစ်တယ်။ အဲဒီ တနေရာထဲ လုံးဝ မလုံခြုံဘူး ဖြစ်နေတယ်။ သူ့အတွက်လေ။ တနှစ်ကလေးအရွယ် သမီးလေးကိုတောင် နို့ဖြတ်ထားတဲ့ အတွက် သူဖျားနေတာ။ ကလေးနို့တိုက်ချိန် မတိုက်ရတော့လေ။ ကလေးကိုလည်း သူသတိရနေတယ်။ အခုလောလောဆယ် ကလေးက သတ်သတ်၊ သူက သတ်သတ် ဖြစ်နေတယ်လေ။” ဟု မနီလာသိန်း၏ သူငယ်ချင်းဖြစ်သူ မဖြူဖြူသင်းက ပြောပြသည်။

“အခုလောလောဆယ် အာဏာပိုင်တွေက ဘယ်လိုပုံစံတွေ လုပ်နေလဲ ဆိုတော့ ဘာတွေမှန်းလည်းမသိဘူး။ အိမ်တွေမှာ တက်ရှာပြီး ယူနီဖောင်းလဲ မဝတ်ထားကြဘူး။ ရိုးရိုး အဝတ်အစားတွေနဲ့ဘဲ။ ကျမတို့က မေးတော့ ကျနော်တို့က တာဝန်ရှိတဲ့ လူတွေပါလို့ ပြောပြီးတော့ သူတို့ လုပ်နေကြတာပဲ။” ဟု သူမ က ထပ်ပြောသည်။

-----------------------

သြဂုတ် ၃၀ ရက်၊ ၂ဝဝ၇ ခုနှစ်

5:18 PM
ကျောက်ပန်းတောင်း ဆန္ဒပြပွဲနှင့် ပတ်သက်၍ ကျောက်ပန်းတောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်စည်းက ကိုဇော်ဝင်း ပြောပြချက်

“ကျနော်တို့ အန်အယ်ဒီ အဖွဲ့ဝင်တွေ ဦးဆောင်ပြီးတော့ လူ ၂ဝ ပတ်ဝန်းကျင်လောက်ပေါ့။ ရုပ်ရှင်ရုံ ရှေ့အတိုင်း ဈေးလမ်းကို သွားပြီးတော့ ဈေးကို ရောက်တယ်လေ။ ဈေးကနေ တဆင့် ကျနော်တို့ ဆုတောင်းပြည့် စေတီ ဘုရားထဲကို သွားပြီးတော့၊ ဆုတောင်းပြီးတော့ ကျနော်တို့ ပြန်လာကြတာပဲ ။ ပြည်သူထဲကလည်း ပါတယ်ပေါ့ ၄-၅-၆ ယောက်လောက် ပါတယ်ပေါ့ ။ အဲဒီမှာ မယကရုံး ရှိတယ်လေ။ အဲဒီ မယကရုံး အရှေ့မှာ ကျနော်တို့ မယက ဥက္ကဌတို့၊ ယရက အဖွဲ့နဲ့ ရဲတွေက အဲဒီမှာ ကျနော်တို့ အဖွဲ့ရဲ့ နောက်ကို လိုက်ပြီး တားပါတယ်။ တယောက်မှ ဒီနားက မသွားရဘူး၊ ဟိုဘက်က တခြားလမ်းကို သွားရမယ်။ ဘာညာနဲ့ တားဆီးတယ် ခင်ဗျာ။ ဘုရားကိုတော့ ရောက်အောင် သွားတယ်လေ၊ သွားပြီးတော့ ကျနော်တို့ ဒေါ်အောင်ဆန်း စုကြည်တို့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ ကိုမင်းကိုနိုင် လွတ်မြောက်ရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး အော်တာတို့ ဆုတောင်းတာတို့၊ ဆုတောင်းပြီးတော့ ဒီလိုဘုရားကို ပတ်ပြီးတော့ ကျနော်တို့ ပြန်လာကြတာပဲ။”

“ပြန်လာတော့ ရယကရော ရဲတွေရော ကြံ့ဖွံ့တွေရော သူတို့က ကျနော်တို့ လူထက်တောင် သူတို့က အများကြီး ရှိတယ်။ ၆ဝ- ၇ဝ ဆယ်လောက် ရှိတယ် ။ ရဲကလည်း အရပ်ဝတ်တွေနဲ့ ပါတယ်။ နောက်ပြီးတော့ ကြံ့ဖွံ့တွေ ပါတယ်။ စွမ်းအားရှင်တွေ ပါတယ်။”

“မရက ဥက္ကဌက ကျနော်တို့ တချို့လူတွေကို တားပြီးတော့၊ နင်တို့ ဒီလမ်းက မသွားရဘူး။ တားပြီးတော့ ဘာပြောတုံး ဆိုတော့ စွမ်းအားရှင် တွေကို ခေါ်လိုက်၊ ဖမ်းပြီး ထောင်းလိုက်၊ ဘာညာ အဲလိုတော့ ပြောတယ်ဗျာ။ အဲဒီမှာတင် ကျနော်တို့ ဘေးနားက ဈေးသူဈေးသားတွေနဲ့ ဈေး အလုပ်သမားတွေက စိတ်ဝင်တစား ဝိုင်းပြီးတော့ ကြည့်နေကြတာပေါ့ဗျာ။ များလာတာထက် များလာတာပေါ့။ ပတ်ဝန်းကျင်မှာ ဆိုလို့ရှိရင် ရပ်ကြည့်နေကြတာကော ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ နီးကပ်တဲ့ နေရာကို ရောက်လာပြီးတော့ လူလေးငါးဆယ်လောက် ရှိတယ်။”

5:18 PM
ရန်ကုန်တိုင်း လသာမြို့နယ်ရှိ ဗိုလ်ချုပ်ဈေးတွင် ယနေ့ နေ့လည် ၁ နာရီခန့်က ဆန္ဒပြပွဲ ဖြစ်တော့မည်ဟု ဆိုကာ ဈေးသည်များနှင့် ဈေးဝယ်သူများ အပြေးအလွှား ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဈေးအတွင်းရှိ ရွှေဆိုင်များလည်း စိုးရိမ်ကြကာ စောစီးစွာ ဆိုင်ပိတ်လိုက်သဖြင့် အခြားဆိုင်များလည်း ဆက်တိုက်လိုလို လိုက်ပိတ်ကုန်သည်ဟု ဈေးသည်များက ပြောသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးတွင် စစ်သား ၃ ယောက် ပြေးဝင်သွားပြီး၊ လူအချို့က ဆန္ဒပြမည် ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ဆိုင်အချို့ စောစီးစွာ ပိတ်သွားသည်။ ဈေးအပေါ်ထပ်မှ လူအများ ဝိုင်းအုံ ကြည့်နေခဲ့ကြသည်ဟု တက္ကစီ ကားမောင်းသူ တဦးက ပြောသည်။

5:00 PM
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဦးဆောင်ပြီး လူ (၂ဝ) ခန့်က ယနေ့ နံနက် ၁ဝ နာရီတွင် လမ်းလျှောက် ဆန္ဒပြ ခဲ့ကြသည်။

4:42 PM
ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက် အိမ်အမှတ် ၉၂ တွင် နေထိုင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးမြတ်လှ နေအိမ်သို့ ယမန်နေ့ည ၁၁ နာရီခန့်တွင် ရဲများ အပါအဝင် အရပ်ဝတ်များဖြင့် လူဦးရေ ၂ဝ ခန့်က ရန်ကုန်မှ ကျောင်းသားများ ထွက်ပြေး တိမ်းရှောင်လာသည် ဆိုကာ ဓာတ်ပုံများကို ပြသကာ ဧည့်စာရင်း ဝင်စစ်ခဲ့သည်။ တဦးတယောက်မျှ ဖမ်းဆီးရမိခြင်း မရှိပါ။

4:11 PM
၈၈ ကျောင်းသား ခေါင်းဆောင်များ ဖြစ်သော ကိုဌေးကြွယ်၊ ကိုမျိုးကြီး (ခ) ကိုအောင်မျိုးတင့်၊ မနီလာသိန်း၊ ကိုလှမျိုးနောင်၊ ကိုအောင်နိုင်နှင့် ကိုသန်းတင် တို့၏ ဓာတ်ပုံများ ဖြန့်၍ စစ်ဘက်၊ ရဲဘက်က ရှာဖွေလျှက် ရှိသည်ဟု သိရသည်။

“သူတို့တွေက လုံခြုံရေးကတော့ မြို့နယ်အလိုက် ပြန်ချနေတာ တွေ့ရတယ်။ အရင်တုန်းက ဆိုလို့ရှိရင် လမ်းတွေပေါ်မှာ အကုန်လုံး ချထားတယ်။ အခုတော့ သူ့မြို့နယ်အလိုက် ဆိုတော့ ဟို မစုစုနွေးဆိုရင် ရန်ကင်းမှာ၊ ရန်ကင်းက ရယက ရုံးကို တာဝန် ပေးထားတယ်။ သူနေခဲ့တဲ့ နေရာတွေမှာ ပေါ့နော်။ မနီမွန် သင်္ဃန်းကျွန်း၊ ကျမဆိုရင် တောင်ဥက္ကလာ အဲလိုမျိုးပေါ့နော်၊ သူ့မြို့နယ်အလိုက် ပြန်လုပ်တာ တွေ့ရတယ်။ အခု လောလောဆယ် အခြေအနေကတော့ ကျမတို့ နောက်က လမ်းမှာဆိုရင် သုံးလေးယောက်လောက် လိုက်တာတွေ ရှိတယ်။” ဟု မဖြူဖြူသင်းက မဇ္ဈိမ သို့ ပြောပြသည်။

3:37 PM
ကိုသိန်းအောင်မြင့်၏ မြောက်ဥက္ကလာပ မြို့နယ်ရှိ နေအိမ်နှင့် အနီး ပတ်ဝန်းကျင် အိမ်များကို ယမန်နေ့ညက ရဲက ဧည့်စာရင်း စစ်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ရှိ၊ မရှိ လာရောက် ရှာဖွေ သွားကြသည်။ မိန်းကလေးများ အိပ်သော ခြင်ထောင်ပင်လျှင် အတင်းလှန်ကြည့်ကာ ပိုက်စိတ်တိုက် စစ်ဆေးမှု ပြုသွားခဲ့သည်။

3:31 PM
ရခိုင်ပြည်နယ် စစ်တွေမြို့၌ သံဃာတော်များက ဦးဆောင်ပြီး ကုန်ဈေးနှုန်းကျရေး ဆန္ဒပြ တောင်းဆိုပြီးနောက် လုံခြုံရေးများကို တင်ကြပ်စွာ ဆက်လက် ချထားသည်ဟု ဒေသခံများက ပြောပြသည်။

စစ်ဝတ်၊ အရပ်ဝတ်များ ပါဝင်သော လူ (၄၊ ၅) ယောက်စီ အဖွဲ့များကို လုံခြုံရေးအဖြစ် လူစည်ကားရာ နေရာများနှင့် လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့များနှင့် တချို့လမ်းများတွင် သံဆူးကြိုးများ ချထားသည်။

“မနေ့ကတော့ နေရာ တော်တော်များများမှာ ချထားတာ ဝင်္ကဘာကွင်းနားတို့ ဦးဥတ္တမ ပန်းခြံနားတို့မှာပါ ချထားတာ ဒီနေ့တော့ သံဆူးကြိုးတွေကတော့ ပြည်တော်သာ ရပ်ကွက်ဘက်မှာ ချထားတယ်။ ကျန်တဲ့ နေရာတွေမှာတော့ မရှိတော့ဘူး။” ဟု ဦးသိန်းက စစ်တွေမှ မဇ္ဈိမသို့ တယ်လီဖုန်းဖြင့် ပြောသည်။

3:12 PM
ရန်ကုန်တွင် ဆန္ဒပြပွဲ ဦးဆောင်နိုင်ဖွယ်၊ စုစည်းနိုင်ဖွယ် ရှိသူများ၏ ဓာတ်ပုံများကို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီများတွင် ဖြန့်ထားပြီး လိုက်လံ ရှာဖွေလျှက် ရှိသည်ဟု စုံစမ်း သိရှိရသည်။

3:03 PM
ရန်ကုန် အခြေအနေနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမြင့်သိန်း ပြောပြချက်

“ရန်ကုန်မှာတော့ လုံခြုံရေးတွေ လှည့်နေတယ်။ စစ်ကားတွေ လှည့်နေတယ်။ လမ်းဆုံ၊ လမ်းခွတွေမှာ အရပ်ဝတ်နဲ့ ပြည်သူတွေ ရှိတာပေါ့။ သူ့ (စစ်အစိုးရ) လူတွေ စီစဉ်ပြီးတော့ နံဘေးအိမ်တွေမှာ ရှိနေတယ် သူ့လူတွေ။ ပိုက်ဆံ ပေးပြီးတော့ ခေါ်ထားတဲ့ ကောင်တွေပေါ့။ သူတို့ စတန်းဘိုင် ပုံစံမျိုး သူတို့ချထားတယ်။”

“အရေးကြီးတာက ငြိမ်တယ် ဆိုတာဟာ ပြည်သူလူထု ဒုက္ခတွေ ခံစားနေရရင်တော့ ငြိမ်မှာမဟုတ်ဘူး။ ပြည်သူတွေ ဆင်းရဲဒုက္ခက လွတ်ရင်တော့ ငြိမ်မှာပဲ။ အဲဒါ ရေရှည် အားလုံး အဆင်ပြေသွားဖို့ လိုတာပါပဲ။”

2:58 PM
မြန်မာလူထုကို လက်တွေ့ကျကျ ကူညီရန် အာရှ-ပစိဖိတ် သွေးစည်းညီညွတ်ရေး ညွန့်ပေါင်းပြော

ဆန္ဒပြ၍ အဖမ်းခံရသူပေါင်း ၁ဝဝ ကျော်သွားနေစဉ် အာရှ-ပစိဖိတ် သွေးစည်းညီညွတ်ရေး ညွှန့်ပေါင်းအဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာပြည်သူများကို အကူအညီ ထောက်ပံ့မှုများ ပေးကြရန် တိုက်တွန်းလိုက်သည်။

The Asia Pacific Solidarity Coalition (APSOC)၏ ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် အာဆီယံ အဖွဲ့ကြီးနှင့် ကမ္ဘာ့ ကုလသမဂ္ဂတို့ကို မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်လျှက်ရှိသော ဖမ်းဆီး နှိပ်စက် နေမှုများနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုလိုက်သည်။

“အာဆီယံနဲ့ ယူအန်အနေနဲ့ ကြေညာချက်တွေချည်းပဲ ထုတ်မယ့်အစား တခုခု လုပ်သင့်နေပြီ။ စစ်တပ်က အကြီးအကျယ် ဖြိုခွင်းနေသည်။ မြန်မာ စစ်အစိုးရက သူ့လူထုကို တရကြမ်း ဆွဲခေါ်၊ ဖမ်းချုပ်ပြီး နှိပ်စက်နေတာတွေကို ကမ္ဘာက ထိုင်ကြည့်နေရုံ၊ တိတ်တိတ်ကလေး စောင့်ကြည့်နေရုံနဲ့ မဖြစ်တော့ဘူး။” ဟု အာရှ-ပစိဖိတ် သွေးစည်း ညီညွတ်ရေး အဖွဲ့မှ ဂပ်စ်မစ်က်လပ်က ထည့်သွင်း ပြောဆိုထားသည်။

1:13 PM
မိုးကုတ်မှာ လုံခြုံရေးတွေ ရှင်လောင်းလှည့်သလို

မိုးကုတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးလှဦး က မဇ္ဈိမ သို့ ပြောပြချက်

“လုံခြုံရေးကတော့ တင်းတင်းကြပ်ကြပ် ချထားတယ်လေ။ ရဲတွေရော နောက် မယက တွေရော စစ်တပ်တွေရော ရှင်လောင်း လှည့်နေကျတယ်ပေါ့ သူတို့က။ သူတို့က အဆင်သင့် လုပ်ထားတယ်။ မြို့ထဲကို ကားတွေနဲ့ လှည့်တာတွေ အဲ စောင့်ကြည့်တာတွေ ရယက ရုံးတွေမှာ ရယကတွေ ခေါ်ထားတာတွေ အဲဒီ ပုံစံမျိုးနဲ့ပဲ။”

“ဖမ်းဆီးတာတွေ မရှိပါဘူး ခင်ဗျာ။ ကျနော်တို့ကို ညှိမယ်လို့ သူတို့ ခေါ်ယူပြီးတော့၊ တွေ့ဆုံ ဆွေးနွေး ကြည့်ပြီးတော့ ဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည့်စွမ်းပေးပါမယ် ဆိုပြီးတော့ ပြောတယ်လေ။ ပြောတော့ ကျနော်တို့ကို မလုပ်ဖို့၊ လုပ်ရင်လည်း သူတို့နဲ့ညှိနှိုင်း တိုင်ပင်ပြီးတော့မှ ဆောင်ရွက်ဖို့ အတတ်နိုင်ဆုံးသူတို့က ကူညီပေးပါမယ်၊ ဆောင်ရွက်ပေးပါမယ်၊ အဲဒီလိုပြောတယ် ။

“ရန်ကုန်-မန္တလေး အခြေအနေကို စောင့်ကြည့်နေတာပေါ့။ အခြေအနေ အရပေါ့ဗျာ။ အဲဒါကတော့ ကျနော်တို့ကလည်း ဆက်လုပ်ဖို့ကို နည်းနည်းတော့ စဉ်းစားရတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ဟာကို ဆက်လုပ်ရမှာပဲ။”

---------------------------

သြဂုတ် ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်

7:10 PM
စစ်တွေတွင် လုံခြုံရေးယူရန် ယနေ့ နေ့လည် ၂ နာရီခန့်တွင် ဘူးသီးတောင်မှာ အခြေစိုက် လုံထိန်း တပ်ခွဲ အမှတ် ၂ နှင့် မောင်တော အခြေစိုက် လုံထိန်းတပ်ဖွဲ့ အမှတ် ၄ တို့မှ အင်အား ၁၈ဝ ခန့် စစ်တွေဘက်သို့ ထွက်ခွာသွားကြောင်း နယ်စပ် အခြေစိုက်သူများ အပြောအရ သိရသည်။

6:25 PM
ထားဝယ်မြို့တွင် ကျောင်းသား ၅ဝ ခန့်က ဆိုင်ကယ်များဖြင့် ယနေ့နေ့ခင်းက မြို့မဈေးမှသည် တိုင်းရုံးအထိ စုရုံးသွားကြပြီး ခရိုင် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌထံ ယနေ့ ဖြစ်ပေါ်နေသော ပြဿနာများကို မေတ္တာရှေ့ထား ဖြေရှင်းပေးရန် စာတစောင်ပေး တောင်းဆိုခဲ့ကြသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင် ဦးဟံဇော်က မဇ္ဈိမ သို့ ပြောပြသည်။

6:23 PM
နောက်ဆုံးရရှိသော သတင်းများအရ စစ်တွေတွင် ယနေ့တွင် ချီတက် လမ်းလျှောက်ခြင်းမျိုး မဟုတ်ဘဲ လူအုပ်စုများ စုရုံးနေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

စစ်တွေ ဆန္ဒပြပွဲ ယမန်နေ့က ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၃ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

6:13 PM
ချင်းလဲန်းအမျိုးသမီးများ ရှုတ်ချ

ချင်းလဲန်း အမျိုးသမီးများ အဖွဲ့ချုပ်က ရန်ကုန်နှင့် အခြား မြို့ကြီးများတွင် အထွေထွေ အကြပ်အတည်း ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းခြင်း၊ ဖမ်းဆီးခြင်းများနှင့် ပတ်သက်၍ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဖမ်းဆီးထားသူများ ပြန်လွှတ်ရန် တောင်းဆိုလိုက်သည်။

“ယနေ့ ရန်ကုန်၊ မြန်မာပြည်အနှံ့ အမျိုးသမီးများအား လမ်းလယ်ခေါင်၊ နေအိမ်အထိ ၄င်းတို့၏ ဘဝလုံခြုံမှုကို ထိခိုက်စေသည့် စစ်အာဏာရှင်များ၏ ရက်စက်သော လုပ်ရပ်အပေါ် မိမိတို့ အနေဖြင့် ရှုတ်ချသည်။” ဟု ချင်းလဲန်း အမျိုးသမီးများ အဖွဲ့ချုပ် ကြေညာချက်က ဖော်ပြထားသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် စစ်အစိုးရကို ပိုမို ထိရောက်သော အရေးယူမှု ပြုရန်နှင့် အိန္ဒိယ အစိုးရ အနေဖြင့် မြန်မာနှင့် ဆက်ဆံရေးအား ပြန်လည် သုံးသပ်သင့်သည်ဟု ပါရှိသည်။

ထို့အပြင် “စစ်အာဏာရှင်များ၏ နည်းမျိုးစုံ နှိပ်ကွပ်မှုကြားထဲမှ ဆက်လက်၍ လက်နက်မဲ့ တုံ့ပြန် တိုက်ပွဲဝင် နေသော ပြည်သူပြည်သားများ၏ ရဲရင့်သော စိတ်ဓါတ်အပေါ် အထူး ဦးညွှတ်လိုက်သည်။” ဟု ကြေညာချက်က ဖော်ပြထားသည်။

5:58 PM
တက္ကသိုလ် ဒီမို ဆွေးနွေးပွဲနှင့် ပတ်သက်၍ ထားဝယ် အမျိုးသမီး သမဂ္ဂမှ မတင်တင်ခိုင်က ပြန်လည်ပြောပြချက်

“ဟိုကျမတို့ ထားဝယ် တက္ကသိုလ်ကနေ ပညာရေး တက္ကသိုလ်ကနေ ဒီကျောင်းသား ခေါင်းဆောင် ၁၁ ယောက်က ဒီမြန်မာပြည်မှာ ဖြစ်နေတဲ့ ဆန္ဒပြမှုတွေကို သူတို့က ဆွေးနွေးကြတာကိုး။ ပညာရေး ဝန်ကြီးတို့၊ မယက တို့၊ ဘာတို့က ဒီ ၁၁ ယောက်ကို ဆွေးနွေးလို့ မရဘူး၊ နိုင်ငံရေး ကိစ္စဖြစ်တယ် ဘာညာ ဆိုပြီးတော့ လူစုခွဲတယ်။ စကားပြောတာ ရိုင်းရိုင်းစိုင်းစိုင်း ပြောပြီးတော့လေ။ လူစုခွဲတော့ ဒီကျောင်းသား ခေါင်းဆောင် ၁၁ ယောက်ကလည်း မဟုတ်ဘူးပေါ့။... နောက်တခါ ဟိုဘက်လည်း ပြန်အော် ဒီဘက်ကလည်း ပြန်အော် နည်းနည်း ရုံးရင်းဆံခတ် ဖြစ်သွားတာလောက်ပဲ။”

လှည့်လယ် စီတန်းပြီးတော့ ဆန္ဒပြတာမျိုးတော့ မဟုတ်ဘူးလို့ ကြားတယ်လေ။

“မင်းတို့ နိုင်ငံရေး လုပ်မှာလား၊ ကျောင်းတက်မလား အဲဒီလိုမျိုးပြောတော့၊ ဟိုကလည်း ဘာဆိုင်လဲပေါ့။ ဒါကိုယ့်နိုင်ငံ ကိစ္စကို ကိုယ်ပြောတာပဲပေါ့။”

5:25 PM
ဆန္ဒပြပွဲများ အကြမ်းဖက် ဖြိုခွဲမှု ဒီငြိမ်းရှုတ်ချ

အထွေထွေ အကြပ်အတည်း ဆန္ဒပြသူများကို ရိုက်နှက်ခြင်း၊ အမျိုးသမီးများအား ကာယနြေ္ဒ္ဒ ပျက်အောင် ပြုမူမှုများအပေါ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ပြစ်တင် ရှုတ်ချလိုက်သည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အပါအဝင် ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ပါတီ ဖြစ်သော ဒီငြိမ်းက တောင်းဆိုလိုက်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာများနှင့် အရေးအခင်းများကို ငြိမ်းချမ်းသော နည်းဖြင့် ပြီးပြတ်စွာ ဖြေရှင်းရေးမှာ နအဖ စစ်အစိုးရနှင့် ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့တွင် တာဝန်ရှိသည်ဟု ပြောဆိုထားသည်။

“မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ငြိမ်းချမ်းသော နည်းဖြင့် ပြေလည် ပြီးပြတ်အောင် သက်ဆိုင်ရာ အာဏာပိုင် နယက အစိုးရနှင့် တွေ့ဆုံ ဆွေးနွေး ဖြေရှင်း အဖြေရှာရေးကို တောင်းဆိုနေရုံ သက်သက်မဟုတ်ဘဲ အလုပ်သဘော ပါဝင်သည့် ဆောင်ရွက်မှုများကို အလျှင်အမြန် အချိန်နှင့် တပြေးညီ တိုးမြှင့် ဆောင်ရွက်ပါရန် အလေးအနက် တိုက်တွန်းပါသည်။” ဟု ကြေညာချက်က ဖော်ပြထားသည်။

5:20 PM
ထားဝယ် တက္ကသိုလ်တွင် ကျောင်းသား ခေါင်းဆောင် ၁၁ ဦးက ရန်ကုန်နှင့် အခြား မြို့ကြီးများတွင် ဖြစ်ပေါ်လျှက် ရှိသော ဆန္ဒပြပွဲများနှင့် ပတ်သက်၍ လက်ဆင့်ကမ်း ဟောပြောမှုများ ယနေ့ ပြုလုပ်ခဲ့သည်။

4:00 PM
အရပ်ဝတ်ရဲ၊ ကြံ့ဖွံ၊ စွမ်းအားရှင်များက ကား ၄ စီးဖြင့် လှည်းတန်း လမ်းဆုံတွင် စောင့်ဆိုင်းလျှက် ရှိသည်။

3:25 PM
ရန်ကုန်ရှိ ကျောင်းသား လူငယ်ခေါင်းဆောင် တဦးဖြစ်သူ ရခိုင်အမျိုးသား ကိုတင်ထူးအောင်၏ နေအိမ်ကို အထူး ရဲတပ်ဖွဲ့နှင့် ကြံ့ဖွံ့တို့ သြဂုတ်လ ၂၄ ရက်နေ့ ညသန်းခေါင်တွင် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

၉၆ ခုနှစ် ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကိုတင်ထူးအောင် နေထိုင်သည့် လှိုင်မြို့နယ်၊ အုတ်ကျင်း ဘူတာရုံလမ်း ၁၅ ရပ်ကွက်ရှိ နေအိမ်သို့ ဒေသဆိုင်ရာ အာဏာပိုင်များ စုပေါင်းအဖွဲ့က နှစ်ကြိမ်တိုင်တိုင် အိမ်တွင်းသို့ စီးနင်း ဝင်ရောက်ကာ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

3:15 PM
မိတ္ထီလာ ဆန္ဒပြပွဲနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင်၏ ပြောကြားချက်

“မနက်ပိုင်းမှာ ကျနော်တို့ ဘုန်းကြီး သံဃာ ၁ဝဝ လောက်ကို ဆွမ်းလောင်းတယ်။ အဓိက ကတော့ ဒေါ်အောင်ဆန်း စုကြည်အတွက် ဆုတောင်းပွဲပေါ့လေ။ ကျနော်တို့ ဆွမ်းလောင်းလှူပွဲပေါ့။ ကျနော့် အတွင်းရေးမှုး ဒေါ်မြင့်မြင့်အေးက ဦးဆောင်ပြီးတော့ အဲဒီမှာ ဆွမ်းလောင်း လှူတယ် ။ လောင်းလှူပြီးတော့ သူတို့ ဆန္ဒအရ ကျနော့်ကို လာပြီးတော့ ကျနော်တို့ ဒီလိုဒီလိုပဲ သွားချင်တယ်။ ဆိုတော့ ဟုတ်ပြီ အေးဆေး ထိန်းသိမ်းသွားဖို့ လူထု အနေထားကတော့ အဆင်သင့် မဖြစ်သေးဘူး ။ လူထု ပါဝင်လာဖို့ အနေအထား တခုတော့ ရမှာလည်း မဟုတ်ဘူး ကျနော်တို့ အနေနဲ့ကတော့ အန်အယ်ဒီနဲ့ တာဝန်ရှိလို့ တာဝန်ပေးယူပေါ့။ ရန်ကုန်မှာလဲ လူငယ်တွေ အဖမ်းခံရတယ်။ ဆန္ဒပြသူတွေ အဖမ်းခံရတာ ကြည့်ပြီးတော့ အဲဒီ အနေထားမှာ ကျနော်တို့ဘက် ကြည့်ပြီးတော့ ရပ်တည်ချက်တွေ ထိန်ထိန်းသိမ်းသိမ်းနဲ့ ပေါ့လေ ကျနော်တို့ အေးအေးချမ်းချမ်းပဲ စီတန်း လှည့်လည် ကြတာပေါ့လေ။ လူ ၂ဝ လောက်ပဲ ရှိတယ်။”

“စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးတို့က ဆိုင်ကယ်တွေနဲ့ လိုက်ကြတာပေါ့ သူတို့ နောက်ကနေ လိုက်ပြီးတော့ မှတ်တမ်း တင်တာတို့ ဘာတို့ ရှိတာပေါ့ ။ ကျနော်တို့ကတော့ ကိုယ့်လမ်းကြောင်း ကိုယ်သွားတယ်။ ဖြစ်ပေါ်လာလို့ အတားအဆီးဖြစ်ရင်လည်း ဖြေရှင်းရမယ်။ ဆူပူ အကြမ်းဖက်မှု မပါဘဲနဲ့ ကြိုးစားမှာပဲ။ အဲဒီတော့ အာဏာပိုင် အဖွဲ့အစည်း အနေနဲ့လဲ ဖြစ်ပေါ်လာတဲ့ အနေအထားမှာ အကြမ်းဖက် နှိမ်နင်းမယ်ဆိုရင် တန်ပြန် အကြမ်းဖက်မှုတွေ ပေါ်နိုင်တယ်။ ဒီတော့ အေးအေးချမ်းချမ်း ပြေပြေလည်လည်ပေါ့လေ။ ကိုယ့်ဘက် သူဘက် ချိန်ဆပြီးတော့ ထိန်းထိန်း သိမ်းသိမ်း ကျနော်တို့ လုပ်သလို အာဏာပိုင် အဖွဲ့အစည်း အနေနဲ့ကလည်း အနှောက်အယှက် မပေးဘူးဆိုရင် ကျနော်တို့က ပြဿနာ မရှိလောက်ပါဘူး။”

3:00 PM
အာဏာပိုင်များက ပြည်လမ်းမကြီးကို ပိတ်ပစ်ရန် လုပ်ဆောင်နေပြီဟု သိရသည်။

2:36 PM
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြမှု ထပ်မံ ပြုလုပ်ရန် စုရုံးရောက်ရှိမှု စတင်နေကြပြီဟု သိရသည်။

2:23 PM
မန္တလေးတိုင်း မိတ္ထီလာ မြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂ဝ ခန့်က ယနေ့ နံနက် ၁ဝ နာရီခန့်တွင် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

1:54 PM
စစ်တွေဆန္ဒပြပွဲတွင် ယခုအချိန်တွင် ဆန္ဒပြသူပေါင်း ၁ဝဝဝ ကျော် အထိရှိသွားပြီဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဝင်္ကာပါဘောလုံးကွင်းမှစတင်ပြီး ဘုန်းကြီးအပါး ၂ဝဝ က ဦးဆောင်ဆန္ဒပြရာ အရပ်သားများ ပူးပေါင်းပါဝင်၍ လူ ၁ဝဝဝ ကျော်ဖြစ်သွားပြီဟု ဆိုသည်

1:17 PM
စစ်တွေမှာ သံဃာတော်များ ဆန္ဒပြပွဲ ထပ်မံပြုလုပ်

သံဃာတော် အများစု ပါဝင်သော ဆန္ဒပြသူ ၁ဝဝ ကျော်က ယနေ့နံနက် ၁ဝ နာရီက စတင်၍ စစ်တွေတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ထပ်မံ ဆန္ဒပြကြသည်။ နောက်ဆုံး ရရှိသော သတင်းအရ ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့ ထားလိုက်ကြသည်ဟု ဆိုသည်။

--------------------------------

သြဂုတ် ၂၈ ရက်၊ ၂ဝဝ၇ ခုနှစ်
6:00 PM
စစ်တွေ သံဃာတော်များ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ

မြန်မာစစ်အစိုးရက လောင်စာဆီ ဈေးနူန်းများ မြှင့်တက်ခဲ့ပြီး နောက်ပိုင်း ကြီးထွားလာသည့် ကုန်ဈေးနှုန်းများကြောင့် လူထုက လမ်းပေါ်တက် ဆန္ဒပြပွဲများ ပြုလုပ်နေကြရာ ပထမဦးဆုံး သံဃာတော်များ ဦးစီးသော ဆန္ဒပြပွဲ စစ်တွေမြို့တွင် ယနေ့ ဖြစ်ပွားခဲ့သည်။

သံဃာတော် အပါး တရာကျော်သည် “ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး” ဟု ကြွေးကြော်ပြီး စစ်တွေမြို့တွင်း၌ လှည့်လည် လမ်းလျှောက် ကြွချီ ဆန္ဒပြလျှက် ရှိသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်၊၊

“ခုလေးတင် ကျနော်တို့ရုံးရှေ့ကနေ ဖြတ်သွားကြပါတယ်၊ သံဃာတော်နဲ့ ကိုရင် စုစုပေါင်း အပါး (၁၀၀) ကျော်ရှိမယ် ထင်တယ်၊ အရပ်သားကတော့ နဲနဲလောက်ပဲ ပါသေးတယ် ရဲတွေတော့ နောက်က လိုက်နေကြတာ တွေ့တာပဲ” ဟု စစ်တွေမြို့မှ အမည်မဖေါ်လိုသူ အစိုးရ အမှုထမ်း တဦးက တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောသည်။

သံဃာတော်များသည် နေ့လည် (၁) နာရီ ခန့်တွင် စစ်တွေမြို့ ဘောလုံးကွင်း၌ စုရုံးကြပြီးနောက် မြို့တွင်းသို့ လှည့်လည်လျှက်ရှိကြောင်း စစ်တွေရှိ ရခိုင်ဦးပဇင်း တပါးက ပြောသည်။

5:03 PM
လှည်းတန်း ဆန္ဒပြပွဲသို့ သွားရောက် ကြည့်ရှုခဲ့သူ တဦးက ပြောပြချက်

“လှည်းတန်းရှေ့မှာ တဖွဲ့ပြီး တဖွဲ့ လာလုပ်ကြတယ်လေ။ စွမ်းအားရှင် ဆိုပြီးတော့၊ အနောက်ပိုင်း ခရိုင်ကားတွေနဲ့ ဟိုရိုက်မယ့် နှက်မယ့်သူတွေ ရောက်နေတာပေါ့၊ ကား (၆)စီးလောက် ရှိတယ်လေ။ ကျနော် သွားတဲ့အခါမှာတော့ ပြတဲ့လူတွေက တဖွဲ့တဖွဲ့ လာပြမယ် ဆိုပြီးတော့ သတင်းရတော့ ထွက်စောင့် နေကြတုံးပဲလေ။ ဟို သူတို့ စောင့်နေတဲ့ လူတွေကတော့ တစီးကို လူ ၂ဝ ဆယ်လောက် ကား ၆ စီး ဆိုတော့ ၁၂ဝ လောက်။ ဘေးက ဆိုင်တွေမှာရော၊ ဘာတွေရော ဒီ အက်စ်ဘီ (အထူးရဲ) တို့ ဘာတို့ဆိုရင် အရပ်ဝတ်နဲ့ အများကြီးပဲဗျာ။”

“အဲဒီလိုမျိုးတော့ မရှိဘူး။ ပြတယ်၊ လိုက်ဖမ်းတယ်။ ထွက်ပြေးတယ်။ လိုက်ဖမ်းတော့ မိတဲ့ လူတွေကတော့ တခါထဲ ကားပေါ် တင်ပြီးတော့ ခေါ်သွားတာပေါ့နော်။ အခုလည်း ရုပ်ရုပ် ဖြစ်နေတုံးပဲ။ လူတွေက ဘေးမှာ ရပ်ကြည့်တဲ့ လူတွေနဲ့၊ အဲဒီလိုပေါ့နော်၊ ဘယ်ကြားထဲက ထွက်လာမလဲ။ သူတို့ ဟိုဘက်ဒီဘက် ကားတွေ အများကြီး၊ လုံခြုံရေးတွေ ချထားတာပေါ့။ ကျနော်တို့ဆိုရင် ကင်မရာ မပြောနဲ့၊ တယ်လီဖုန်းနဲ့တောင် ရိုက်လို့ မရဘူး။ တယ်လီဖုန်း ထုတ်တာနဲ့ အနောက်က လူတယောက်က လာတယ်။”

3:36 PM
အတည်မပြုနိုင်သေးသော သတင်းများအရ ရခိုင်ပြည်နယ် စစ်တွေတွင် မကြားသေးခင် နာရီပိုင်း အတွင်းက ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

3:34 PM
ရန်ကုန်မြို့တွင် ပြုလုပ်သော ဆန္ဒပြသူများကို နှိမ်နင်းသည့် လူမိုက်များအနက် အချို့ကို လှိုင်သာယာ မြို့နယ်မှ စုဆောင်း ခေါ်ယူနေကြောင်း မျက်မြင်ကြုံခဲ့သူ တက္ကစီ ကားသမား တဦးက ပြောသည်။

3:25 PM
ကြံ့ဖွံ့တို့ မန္တလေးမှာ နှိမ်နင်းရေး အစည်းအဝေးလုပ်

လူထု ဆန္ဒပြပွဲများ ဖြစ်လာပါက နှိမ်နင်းရန် ရည်ရွယ်ချက်ဖြင့် မန္တလေးမြို့ အမှတ် ၇၃ လမ်းတွင် တည်ရှိသော ကြံ့ဖွံ့ရုံးတွင် ယခုလ ၂၂ ရက် နေ့ခင်းပိုင်းက အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။

မန္တလေးမြို့ရှိ ကြံ့ဖွံ့ တိုင်းစည်းရုံးရေး တာဝန်ခံ ဦးအောင်ကျော်သာက ကြံ့ဖွံ့ အသင်းသားများ၊ စွမ်းအားရှင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ ခေါင်းဆောင်များ ပါဝင်သည့် အရေးပေါ် စုံညီ အစည်းအဝေး တရပ်ကို ပြီးခဲ့သည့် ၂၂ ရက်နေ့ နေ့လည် ၁ နာရီက မန္တလေးမြို့ ၇၃ လမ်းပေါ်ရှိ ကြံ့ဖွံ့ရုံးတွင် ခေါ်ယူ ကျင်းပခဲ့ခြင်း ဖြစ်သည်။

2:42 PM
ရွှေတိဂုံ လုံခြုံရေးကြပ်

ရွှေတိဂုံ ဘုရားပေါ်တွင် ဆန္ဒပြမည် ဆိုသော သတင်းများကြောင့် အရှေ့ဘက်မုဉ်ဦး အလယ်ပစ္စယံ အတက်မှစ၍ လုံခြုံရေးများက ဘုရားဖူးများကို ယနေ့တွင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။

ထို့အပြင် မုဉ်ပေါက်တိုင်းတွင် ကြိုးမဲ့စကားပြောစက်ကိုင် လုံခြုံရေး ဝတ်စုံဝတ် လူ ၅ ဦးထက်မနည်း ရှိသည်။

2:37 PM
လှည်းတန်းမှာ ဆန္ဒပြ

ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံတွင် လူ ၇ဝ ခန့်က လွန်ခဲ့သည့် မိနစ်ပိုင်းက စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြရာ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ၁ဝဝ ခန့်က ဒိုင်နာကား ၃ စီးဖြင့် ရောက်လာပြီး လူ ၅ ဦးကို ဖမ်းသွားခဲ့သည်။

ဆန္ဒပြ၍ မကြာမီ အချိန်ပိုင်းအတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ကြည့်မြင်တိုင်ဘက်မှ ချီတက်လာသော ဆန္ဒပြသူများက လှည်းတန်းလမ်းဆုံ ရန်ကုန်-အင်းစိန်လမ်းမ ဘက်သို့ ကွေ့ဝင်ရာတွင် အဖမ်းခံရခြင်း ဖြစ်သည်။

12:49 PM
ဆန္ဒပြပွဲများသည် ပြည်သူ့ဆန္ဒ အမှန်ဟု တိုင်းရင်းသား လူငယ်များပြော

လက်ရှိ ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများသည် “အထွေထွေ အကြပ်အတည်းမှ လွတ်မြောက်လိုမှုနှင့် ရက်စက် ယုတ်မာသော စစ်အာဏာရှင် စနစ် အောက်မှ ရုန်းထွက်လိုမှု တို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူ့ဆန္ဒ အမှန်” ဟု ပြည်တွင်း အခြေစိုက် တိုင်းရင်းသားလူငယ်များ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (မြန်မာပြည်)၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“ပြစ်မှု တစုံတရာ မရှိဘဲ ယခုအချိန်အထိ ဂုဏ်သိက္ခာမဲ့စွာ မတရား လုပ်ကြံဖမ်းဆီး ချုပ်နှောင်ခံနေရသူများ၊ လွတ်လပ်မှုနှင့် လုံခြုံမှု ကင်းမဲ့နေသော မြန်မာ ပြည်သူလူထု တစ်ရပ်လုံးအတွက် ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲမိပါသည်။” ဟု ပါရှိသည်။

ထို့အပြင် မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရန် သုံးပွင့်ဆိုင် ဆွေးနွေးရေးကိုသာ လိုလားသော ဒီမိုကရေစီ အင်အားစုများ၊ ငြိမ်းအဖွဲ့များ အနေဖြင့် နိုင်ငံရေး၊ စစ်ရေး သတိရှိရှိ ပြင်ဆင် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

12:13 PM
ပဲခူးမှာ လုံခြုံရေးတင်းကြပ်

“လုံခြုံရေး အခြေအနေ ကတော့ အထပ်ထပ်ပဲ နေရာတကာကို လိုက်ချထားတယ် ။ ဘယ်အဖွဲ့လည်းတော့ မသိဘူး အရပ်ဝတ်နဲ့ပဲ ခန့်မှန်းခြေ လူဦးရေ ၃ဝဝ ခန့်လောက် ရှိမယ်။ ဘာဖြစ်မလဲတော့ မသိသေးဘူး။” ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။

“ကျောင်းသားကိစ္စနဲ့ ဘုန်းကြီးကိစ္စလို့ ပြောနေကြတယ်နော်၊ အခုအချိန်ထိတော့ ဘာမှတော့ မဖြစ်သေးဘူး။ လုံခြုံရေးတွေ ချထားတာပဲ ရှိတယ်။ နေရာတကာမှာ လိုက်ချထားတယ် ။ ဘုရားပေါ်မှာလဲ အများကြီးပဲ ကျနော်တို့ နေတဲ့ ရပ်ကွက်မှာတောင် အများကြီး ချထားတယ်။” ဟု သူက ထပ်ပြောသည်။

-----------------------------------

သြဂုတ် ၂၇ ရက်၊ ၂ဝဝ၇ ခုနှစ်

11:25 PM
ကိုဌေးကြွယ် ထိုင်းနယ်စပ်ဘက် ထွက်ပြေးပြီ

စစ်အစိုးရက အသည်းအသန် လိုက်လံ ရှာဖွေလျှက် ရှိသော အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သည့် ကိုဌေးကြွယ်သည် ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက် တဦး၏ အပြောအရ သိရသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၃ ဦးကို အာဏာပိုင်များက လွန်ခဲ့သည့် သီတင်းပတ်က ဖမ်းဆီးသွားပြီးနောက် ရှောင်တိမ်း ပုန်းအောင်းနေသည့် ကိုဌေးကြွယ်မှာ ယနေ့ ညနေတွင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီ ဖြစ်သည်ဟု ဆိုသည်။

ကိုဌေးကြွယ်၏ ဓာတ်ပုံများကို ရန်ကုန်နှင့် နယ်အနှံ့ စစ်ဆေးရေး ဂိတ်များသို့ ပို့ပြီး ရှာဖွေနေသည့် ကြားမှ ကိုဌေးကြွယ် လွတ်မြောက်သွားခြင်းနှင့် ပတ်သက်၍ လူထု အကူအညီ ယူ၍ လွတ်မြောက်သွားခြင်း ဖြစ်သည်ဟု ယနေ့ နံနက်အထိ ကိုဌေးကြွယ်နှင့် အတူရှိခဲ့သူ အမည်မဖော်လိုသူ လုပ်ဖော်ကိုင်ဖက်က မဇ္ဈိမ သို့ ပြောပြသည်။ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

လောင်စာဆီ ဈေးနှုန်းများ အနည်းဆုံး နှစ်ဆ တိုးမြှင့်လိုက်ရာမှ သောကြာနေ့ကအထိ အဓိကအားဖြင့် ရန်ကုန်မြို့တွင် ပြောက်ကျား ဆန္ဒပြပွဲများကို ကြိုးကိုင် အကောင်အထည် ဖော်ခဲ့သူ တဦးဟု အာဏာပိုင်များက စွပ်စွဲခံထားရသူ ကိုဌေးကြွယ်သည် အဖမ်းခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ အနှစ် ၂ဝ အထိ ထောင်ဒဏ် ကျခံရဖွယ် ရှိသည်ဟု အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာက ရေးသားခဲ့သည်။

7:15 PM
မစိုးရိမ် ကျောင်းတိုက်မှ သံဃာတော်တပါးနှင့် ဆက်သွယ်မေးမြန်းချက်

ဦးပဉ္ဇင်းတို့ မန္တလေးပေါ်ကတော့ ဘာမှ မရှိဘူး၊ အေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက်ပဲ။ ရန်ကုန်မှာ ဆန္ဒပြတယ်လို့ ကြားတယ်ပေါ့လေ။ ရန်ကုန်မှာ ဆီဈေးတွေတက်လို့ ဆန္ဒပြတယ်၊ ဒီလောက်ပဲ ကြားတယ်။

ဦးပဉ္ဇင်းရဲ့ အမြင်က ရန်ကုန်မှာကတော့ တနေ့လုပ်မှ တနေ့စားတွေ များတာကိုး။ လိုင်းကားစီးပြီး သွားတဲ့ ပုဂ္ဂိုလ်တွေက များတာကိုး။ ဦးပဉ္ဇင်းတို့ မန္တလေးကျတော့ လိုင်းကား မစီးတောင် စက်ဘီးတို့၊ ဆိုင်ကယ်တို့ ပေါတာကိုး။ အဲဒီတော့ သူတို့အထဲမှာ ဒီလိုမျိုး ဘာမှ မဖြစ်သေးဘူးပေါ့။ အဲသလို ကွာသွားတာလေ ရန်ကုန်နဲ့ မန္တလေးက။ ဆန္ဒပြမယ့် အနေထားကတော့ မရှိသလောက် ပါပဲဗျာ။

5:26 PM
မန္တလေးမြို့ တိတ်ဆိတ်၊ သံဃာတွေ အေးအေးဆေးဆေး နေဖို့ စစ်တပ်က ပြော

“အခု မြို့ထဲမှာတော့၊ ကျနော်ဖြတ်ခဲ့တဲ့ လမ်းထဲမှာတော့ ဘာမှ သိပ်မတွေ့ဘူး။ ထူးထူးခြားခြား ဘာမှမတွေ့ဘူး။ ဟိုဘက်တော့ ကျနော်တို့ ဘုရာကြီးဘက်တို့၊ မြတောင်ဘက်တို့တော့ ကျနော် မရောက်သေးဘူး။ အဲဒီဘက် ရောက်ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ မြို့ထဲမှာ တဆယ့်လေးလမ်းခွဲ ဘာညာတော့ နည်းနည်း အေးအေးဆေးဆေးပဲ။ ဘာမှ ဟိုလိုမျိုး ချထားတာ မတွေ့ဘူး”

“မင်္ဂလာတန်းဘက်ကပေါ့နော်။ မင်္ဂလာတန်းအထိ ကျနော်တို့ ဈေးချိုဘက် သွားနေတယ်။ ဈေးချိုဘက်သွားနေတော့ ၃၅ လမ်းဘက်က သွားတာတောင် ဘာမှမရှိဘူး။ ၂၆ လမ်းဘက်လည်း ရှိမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၆ လမ်းဘက် ပြင်ဖို့ သဘောရှိပါတယ်။ ရှိရင်တော့ ဘုန်းကြီးကျောင်းဘက်တွေတော့ မပြောတတ်ဘူး”

“မနေ့က သံဃာတွေကို လိုက်ပြီးတော့ လျှောက်တယ်လို့ ပြောတယ်။ သံဃာတွေကိုပေါ့လေ။ ကျနော်တို့ အပါး ၁ဝဝ လောက်ရှိတဲ့ ကျောင်းတွေ ဘာတွေမှာ အေးအေးဆေးဆေး နေဖို့ပေါ့နော်။ တိုင်းမှူးက လိုက်လျှောက်တယ်လို့ ပြောတယ်။ မနေ့ကတော့ ဟို ပဏိတာရုံ ကျောင်းတိုက်ကို မန္တလေး၊ ကျနော်တို့ ဟိုဟာနားပေါ့ ဘယ်လိုပြောမလဲ ရန်မျိုးလုံ အရှေ့ဘက်ထဲမှာ (ပဏိတာရုံ) ကျောင်းတိုက်က ဆရာတော်တွေတော့ လာလျှောက်သွားတယ်လို့တော့ ကြားတယ်”

4:57 PM
လုံခြုံရေး စိုးရိမ်မှုကြောင့် သုံးခွမြို့နယ်ရှိ အထက်တန်း ကျောင်းများတွင် ကျောင်းသူ ကျောင်းသားများအား ပြီးခဲ့သည့် စနေနေ့က နေ့လည် ကျောင်းဆင်း အိမ်ပြန်ခွင့် မပြုဘဲ ကန့်သတ်လိုက်သည်။

4:30 PM
လောင်စာဆီဈေးများ အနည်းဆုံး နှစ်ဆတက်သွားခြင်းကို ကန့်ကွက်သော အားဖြင့် လူရာနှင့်ချီ၍ သုံးနာရီခန့်ကြာ ပဲခူးမြို့တွင် ယနေ့ ဆန္ဒပြခဲ့ကြသည်။

လူ ၅ဝ ခန့်က အဖြူရောင် အင်္ကျီများ ဝတ်ဆင်လျှက် ဆီဈေးများ ပြန်လျော့ချရန် အော်ဟစ်ကာ ဆန္ဒပြမှု ပဲခူးမြို့မဈေးမှ နံနက် ၉ နာရီတွင် စတင်ခဲ့ကြခြင်း ဖြစ်ကာ သနပ်ပင်သွား လမ်းမကြီးအရောက် ဘေးမှ ရပ်ကြည့်သူများပါ ပူးပေါင်း ခဲ့ကြသည်။

“လူထောင်နဲ့ချီပြီး ဖြစ်လာတယ်။” ဟု ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌက ပြောသည်။

သေနပ်ပင်၊ တာဝ နှင့် ဝေါ မြို့နယ်များမှ လူအချို့ ပူးပေါင်းခဲ့ကြသည်ဟု သူ့အပြောအရ သိရသည်။

ဒေသအာဏာပိုင်များက ဆန္ဒပြသူများထဲမှ ခေါင်းဆောင်များကို ခေါ်ယူကာ တနာရီခန့် ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။

1:00 PM
၈၈ မျိုးဆက် ကျောင်းသားများကိစ္စ ဘယ်လိုလုပ်ရမလဲ နအဖ မဆုံးဖြတ်နိုင်သေး

ပဲခူးမြို့တွင် ဆန္ဒပြပြီ

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးထားပြီးနောက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို နအဖ အကြီးအကဲများ ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော အထူး ကက်ဘိနက် အစည်းအဝေးတွင် မဆုံးဖြတ်နိုင်ဘဲ ရှိကြသည်ဟု သိရသည်။

ပဲခူးမြို့တွင် နံနက် ၉ နာရီမှစ၍ လူ ၅ဝ ခန့်က မြို့မဈေးကြီးမှ စတင်၍ ဘုရားဈေးဘက်အထိ ချီတက် ဆန္ဒပြကြရာ နောက်ထပ် လူများစွာ ပူးပေါင်း ပါဝင်သည်။

ရန်ကုန်မြို့ ပြည်လမ်းမတလျှောက် မီတာ ၃ဝဝ ခန့် အကွာတိုင်း စစ်သားများ ချထားပြီး မြို့တော်ခန်းမ ရှေ့တွင်တော့ စစ်ကား ၂ စီးနှင့် နအဖ အလိုတော်ရိ လူမိုက်များ တွေ့ရှိရကြောင်း မြို့ခံတဦးက မဇ္ဈိမ သို့ ပြောပြသည်။
-----------------------------------------

သြဂုတ် ၂၆ ရက်၊ ၂၀၀၇ ခုနှစ်

အရေးပါသော ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီးလိုက်ပြီးနောက် တင်္နဂနွေနေ့တွင် ဆန္ဒပြမှုများ မရှိဘဲ ကြံ့ဖွံ၊ စွမ်းအားရှင်နှင့် အရပ်ဝတ် ရဲများသာ နေရာအနှံ့အပြား တွေ့ကြရသည်။

ထိုင်းနိုင်ငံဘန်ကောက်တွင်တော့ လူ ၁၀၀ ခန့်က ရန်ကုန်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခြင်းကို ကန့်ကွက်ခြင်းအားဖြင့် မြန်မာသံရုံး ရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက်ဟု သခင်သိန်းဖေပြော
အစိုးရ တရပ်အနေဖြင့် တာဝန်ရှိသော ရဲတပ်ဖွဲ့၊ တပ်မတော်၊ တရားရုံးများနှင့်သာ အရေးယူ ဆောင်ရွက်သင့်ပါသည်။ ၀န်ထမ်း မဟုတ်သော သာမာန် အရပ်သားများကို မြှောက်ပေးပြီး လူမိုက်ငှား ရိုက်ခိုင်းသည့် ကိစ္စမျိုးမှာ လုံးဝ မဖြစ်သင့် မဖြစ်ထိုက်သည့် အခြေအနေ ဖြစ်ပါသည်။ အကြမ်းဖက်မှု တရပ်လည်း ဖြစ်ပါသည်၊

ရန်ကုန် ဆန္ဒပြမှုများကို လူမိုက်ငှား ရိုက်ခိုင်းဖြေခြင်းမှာ အကြမ်းဖက်မှု ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ကိုယ်စား သခင်သိန်းဖေက သြဂုတ်လ ၂၅ ရက်နေ့ နေ့စွဲဖြင့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ ရေးသားထားသော အိတ်ဖွင့်ပေးစာ တစောင်တွင် ဖော်ပြထားသည်။

သခင်သိန်းဖေက “လမ်းလျောက် ဆန္ဒပြနေသူများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးရမည့်အစား အတင်းအဓမ္မ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းမှာ အင်မတန်မှ ရက်စက်သော အပြုအမူများ ဖြစ်ပါသည်” ဟု ရေးသားထားသည်။

ထို့အပြင် ဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး အပြန်အလှန် ဆွေးနွေး ညှိနှိုင်းရန် ပန်ကြားထားသည်။

----------------------

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates