သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်၌ ရှိသော မြန်မာ လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ထိုင်း နယ်မြေတွင် အခြေချ လှုပ်ရှားပြီး နအဖ စစ်အစိုးရကို တိုက်ခိုက်နေခြင်း အပေါ် ထိုင်းစစ်တပ်က ခွင့်မပြုဟု ပြောဆိုချက်သည် လက်ရှိ ရပ်တည်မှုကို ထိခိုက်မည် မဟုတ်ဟု မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆို လိုက်ကြသည်။
မြန်မာနိုင်ငံ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ထိုင်းနယ်မြေတွင် အခြေချပြီး နအဖ စစ်အစိုးရကို သွားရောက် တိုက်ခိုက်ခြင်း၊ နိုင်ငံကို ကျော်ဖြတ်၍ လက်နက် ခဲယမ်း မီးကျောက်များ သယ်ယူခြင်း၊ နယ်စပ်၌ ကိုယ်ကျိုး စီးပွားအတွက် ငြိမ်းချမ်းရေး ပွဲစား လုပ်နေခြင်းများကို ထိုင်း အနေဖြင့် ခွင့်ပြုတော့မည် မဟုတ်ကြောင်း ယမန်နေ့က မဲဆောက် အခြေစိုက် ထိုင်းစစ်တပ် အရာရှိ တဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
မဲဆောက် အခြေစိုက် အမှတ် ၁၇ ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးကြီး ဖန်းထိုးညစ်ဖိုင်ဆို့က ကိုယ်ကျိုး စီးပွားများ အတွက် ပဋိပက္ခများကို အရင်းပြုသလို၊ ငြိမ်းချမ်းရေးကို ဘန်းပြ လုပ်ဆောင်နေခြင်း မဖြစ်စေချင်ကြောင်းနှင့် ငြိမ်းချမ်းရေး အတွက် လိုအပ်မည် ဆိုပါက ထိုင်း စစ်တပ်ကလည်း အကူအညီပေးဖို့ အသင့် ရှိနေပြီး ဒေသအတွင်း၌ ငြိမ်းချမ်းသည်ကိုသာ မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။
ယခုလို ထိုင်းစစ်တပ်က ပြောဆိုချက်နှင့် ပတ်သက်ပြီး မြန်မာ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် ထိခိုက်မည် မဟုတ်ဟု ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာက ပြောဆိုသည်။
သူက “အခု သူတို့ ၀ါဒဖြန့်နေတာက ထိုင်းအခြေပြု၊ ထိုင်း အခြေပြု ဆိုပြီးတော့။ ကျနော်တို့ဟာ ထိုင်းအခြေပြု မဟုတ်ဘူး။ အခြေခံ စခန်းတွေ ရှိတယ်လေ။ အဲသလို ဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ ရပ်တည် နိုင်တယ်။ အမှန်မှာကတော့ သူတို့ရဲ့ ပေါ်လစီက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ စည်းကမ်း စည်းမျဉ်းတွေနဲ့လည်း သက်ဆိုင် နေတဲ့အခါ ကျတော့၊ ဒါက သူတို့ရဲ့ ပေါ်လစီ ဖြစ်တော့ ပေါ်လစီ ရှိတဲ့အတိုင်း သူတို့ ပြောတာပဲ။ မှန်ပါတယ်။ နောက် ဒီပေါ်လစီက သူတို့တွေ အခုမှ ပြောတာ မဟုတ်ဘူးနော်။ အရင်တုန်းကလည်း တချိန်လုံး သူ့ပေါ်လစီက ဒါရှိတယ်၊ သူ့ပေါ်လစီက ဒါရှိတယ်၊ တချိန်လုံး ဖော်ပြနေတာ ဖြစ်တော့ ဒါ အသစ်အဆန်း မဟုတ်ဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာကို သူတို့ ဖော်ပြ တာပဲ။ ကျနော်တို့မှာ ဘာမှ ပြောစရာ မရှိဘူးနော်။ အဲဒါပဲ ကျနော်တို့ ပြောချင်တဲ့ ကိစ္စ” ဟု ပြောဆိုသည်။
ရခိုင် လွတ်မြောက်ရေး ပါတီ (အေအယ်ပီ) ဒု-ဥက� ဌ ခိုင်းစိုးနိုင်အောင် ကလည်း “ကျနော်တို့ အေအယ်ပီ အနေနဲ့ ရပ်တည်တာက ထိုင်းအထဲမှာ မရပ်တည်ပါဘူး။ တခါမှ မရပ်တည်ခဲ့ဘူး။ ကျနော်တို့က သူတို့ကို ဘာမှ မပြောချင်ဘူး။ သူတို့ အနေနဲ့ သူတို့ လုပ်ပိုင်ခွင့်မှာ သူတို့ ပြောတာပဲလေဗျာ။ ဒါက သူတို့ နိုင်ငံကိုး။ ကျနော်တို့က ဘာမှ မပြောလိုဘူး။ ဘာမှ သဘောထားလည်း မပေးချင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။