ရဲတပ်ဖွဲ့တွင် စစ်ဘက်အရာရှိများကို အသွင်ပြောင်း ခန့်ထားမည်

မျိုးကြီး (မဇ္ဈိမသတင်းဌာန)
ဇွန်လ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာစစ်တပ်မှ စစ်အရာရှိ ၂၀၀၀ နီးပါးကို ပြည်နယ်နှင့် တိုင်း ရဲတပ်ဖွဲ့များတွင် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရန် ကကထူး (ခေါ်) ကာကွယ်ရေး ဌာန စစ်ရာထူး ခန့်ချုပ်ရုံးမှ ယခု လဆန်းပိုင်းမှ စတင်၍ အမိန့်တရပ် ထုတ်ပြန် လိုက်ကြောင်း ခိုင်လုံသော စစ်ဖက် သတင်းရပ်ကွက် အဆိုအရ သိရသည်။

ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရမည့် အရာရှိကြီးများတွင် ဗိုလ်ကြီး အဆင့်မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်အထိ ပါဝင်မည် ဖြစ်ပြီး၊ ရဲတပ်ဖွဲ့သို့ ရောက်ရှိ တာဝန် ထမ်းဆောင်သည့် အခါ တဆင့်မြင့် ရာထူးဖြင့် ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်နေသည့် ရဲချုပ် အပါအ၀င် ပြည်နယ်နှင့် တိုင်း ရဲတပ်ဖွဲ့မှူးများ ဖြစ်သည့် ရဲမှူးကြီး ရာထူး ယူထားသူ များမှာ စစ်တပ်မှ အသွင်ပြောင်း လာသူများ ဖြစ်သည်ဟု နိုင်ငံရေး စစ်ရေး လေ့လာသူ ဦးမြမောင်က မဇ္ဈိမကို ပြောပြသည်။

“ရဲချုပ်နဲ့ အဆင့်မြင့်တဲ့ ရာထူးတွေ တော်တော် များများကို တပ်က ၀င်ယူထားတာပေါ့။ ၇ ပြည်နယ်၊ ၈ တိုင်း ရဲမှူးကြီး အဆင့်တွေကလည်း တပ်က ပြောင်းလာတာ တော်တော် များတယ်။ မူလ ရဲကတော့ အနည်းစု ဖြစ်သွားတာပေါ့” ဟု သူက ဆက်ပြောသည်။

ဗိုလ်မှူးအဆင့်ဖြင့် ပြောင်းရွှေ့ရမည့် စစ်အရာရှိများသည် ရဲတပ်ဖွဲ့တွင် ဒုရဲမှူးကြီးအဆင့် တာဝန် ထမ်းဆောင် ရမည်ဟု သိရသည်။

နအဖ စစ်တပ်တွင် အသက်အရွယ် ကြီးရင့်သည့် စစ်အရာရှိများကို ဖယ်ရှားပစ်ပြီး၊ နောက်တက်မည့် စစ်အရာရှိငယ် များကို နေရာ ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ဦးမြမောင်က သုံးသပ် ပြောဆိုသည်။

သူက “တပ်ကလည်း ဗိုလ်တထောင်တပ် ဖြစ်နေတော့ အိုမင်းမစွမ်း ဖြစ်တဲ့ သူတွေကို ထုတ်ပစ် ချင်တာပေါ့။ တဖက်ကလည်း သူတို့ကို ပစ်မထားပါဘူး ဆိုတာ ပြချင်တော့ အခုလို ရဲဘက်တို့၊ အရပ်ဘက် ရုံးဌာနတို့ ပို့တာပေါ့” ဟု ပြောဆိုသည်။

ယခုနှစ်ဆန်းပိုင်းက စစ်တပ်မှအရာရှိ ၃၃၀၀ ကျော်ကို အရပ်ဘက် ၀န်ကြီးဌာန များသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် စေခဲ့ကြောင်းနှင့် အဆိုပါ အရာရှိများထဲမှ ၁၃၀၀ ကျော်က ပင်စင် သဘောပေးရန် လက်မှတ် ထိုး၍ ကာကွယ်ရေး ဦးစီးချုပ် ရုံးသို့ စာတင် ခဲ့ကြကြောင်း သိရသည်။

“ကကကြီးကို ထွက်စာတင်တယ် ဆိုတာ နှုတ်ထွက်ခွင့် တောင်းတာတော့ မဟုတ်ဘူး။ ပင်စင်ယူတဲ့ သဘောမျိုးပေါ့။ ဒုဦးစီးချုပ် လုပ်တဲ့ ဗိုလ်မောင်အေး ကတော့ မှတ်ချက် ပေးလိုက်တယ်။ ဘာလုပ်တာလဲ၊ လက်မှတ်တွေ ပြန်ရုပ်မလား မရုပ်ဘူးလား၊ တပ်ကနေ ထုတ်လိုက်မယ် ဆိုတော့ အားလုံး ပြန်ငြိမ် သွားကြတယ်” ဟု ဦးမြမောင်က ဆက်ပြောပြသည်။

စစ်ဘက်မှ အခြားဝန်ကြီး ဌာနများသို့ ပြောင်းရွှေ့ ခံလိုက်ရသည့် စစ်အရာရှိကြီးများသည် အသက် ၄၀ နှစ်မှ ၅၅ နှစ်အထိ ရှိသူများ ဖြစ်ကြပြီး၊ နေရာကောင်း ရသွားသူများ ရှိသလို တပ်ထဲတွင် ဆက်လက် နေခွင့်မရ၊ အိမ်ယာမရှိ မိသားစုနှင့် ကွဲကွာ နေရသူများလည်း ရှိကြောင်း သိရသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး