Friday, June 15, 2007

ရခိုင်ပြည်နယ်တွင် မိုးများပြီး ရေလွှမ်းမိုးသဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမား

ငြိမ်းချမ်း (မဇ္ဈိမ သတင်းဌာန)

ဇွန်လ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။


ရခိုင်ပြည်နယ်အတွင်း ပင်လယ်ရေ အတက်နှင့် ရက်ဆက်၍ မိုးရွာသွန်းမှုကြောင့် ဒေသတွင်းရှိ မိုးစပါး စိုက်ခင်းများ ပျက်စီး ဆုံးရှုံးခြင်း၊ ကားလမ်းများ ပိတ်ဆို့ခြင်း၊ ကျွဲနွားများ ရေထဲသို့ မျောပါသွားခြင်း နှင့် ပုဇွန်ငါး မွေးမြူရေးကန်များ ပျက်စီးခဲ့ရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

ယခုလ ၈ ရက်နေ့မှ စတင်ကာ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရခိုင်ပြည်အတွင်း ကျောက်တော်၊ စစ်တွေ၊ မြောက်ဦးနှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများတွင် ရေလွမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်ဟု စစ်တွေမှ ကုန်သည်တဦး ဖြစ်သူ ဦးမောင်သိန်းထွန်းက မဇ္ဈိမကို ပြောသည်။

“မိုးက အဆက်မပြတ် ရွာပြီးတော့ မိုးရေများတာရယ်၊ နောက်ပြီးတော့ ပင်လယ်မှာ ဖျားကြီးတယ် (ရေထရက်) ဆိုတော့ မိုးရေက ပင်လယ်ကို မဆင်းနိုင်ဘဲ မြေနိမ့်ပိုင်း ဒေသတွေမှာ ရေလွှမ်းသွားတယ်” ဟု သူက ပြောသည်။

ရန်ကုန်-စစ်တွေ ကားလမ်းတွင် တည်ရှိသည့် ကစ္စပ တံတားအနီးတွင် ကားလမ်းကို ရေကျော် သွားသဖြင့် ၃ ရက်ခန့် လမ်းပိတ် ခဲ့ရကြောင်းနှင့် ကားလမ်းနှင့် တံတားများ ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း စစ်တွေမှ ကားဒရိုင်ဘာ တဦးက ပြောသည်။

ကျောက်တော်နှင့် မြောက်ဦးမြို့နယ် ဘက်တွင် ကုလားတန်မြစ်နှင့် လေးမြို့ မြစ်မှ တောင်ကျရေများ တဟုန်ထိုး စီးဆင်း မြင့်တက် လာမှုကြောင့် ကျွဲနွားများ ရေထဲ မျောပါခဲ့ကာ၊ မိုးစပါး ဧကများစွာ ပျက်စီးရကြောင်း မြောက်ဦးမှ ဘင်္ဂလား နယ်စပ်သို့ ရောက်ရှိလာသူ ကိုပေါ်ဦးက ပြောသည်။

“မြစ်ကမ်းနဘေးမှာရှိနေတဲ့ ကျေးရွာတွေက ကျွဲနွားတွေနဲ့ မိုးစပါးတွေ ပျက်တာများတယ်။ တောင်ကျရေက မျက်စိ ရှေ့မှာတင် တရိပ်ရိပ် တက်လာတာ ဆိုတော့ ဘာမှ မတတ်နိုင်ဘူးလေ။ ဆုံးရှုံး သွားတာတွေကို သေသေချာချာ မခန့်မှန်းတတ်ဘူး” ဟု ကိုပေါ်ဦးက ပြောသည်။

မောင်တောဘက်တွင် ငါးနှင့် ပုဇွန် မွေးမြူရေး ကန်ပေါင်း ၄၀၀၀ ကျော် ရေလွှမ်း သွားသည့် အတွက် ပျက်စီး ဆုံးရှုံးမှုများ ရှိကြောင်းနှင့် နတ်မြစ်ဘေးတွင် တည်ရှိနေသော ကျေးရွာများ ဖြစ်သည့် ငခူရ၊ အထက်ပြူးမ၊ အောက်ပြူးမနှင့် ကြိမ်းချောင်း ကျေးရွာ အပါအ၀င် ကျေးရွာပေါင်း ၁၂ ရွာ ရေလွှမ်းခံရကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ရခိုင်ပြည်နယ် အတွင်း ပြီးခဲ့သည့် လအတွင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ရှိခဲ့သလို၊ ယခုအခါ ရက်ဆက်၍ မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် အဆုံးအရှုံး များသည် ယခုနှစ် မိုးဦးကျ ရာသီတွင် နှစ်ကြိမ်ရှိပြီ ဖြစ်သဖြင့် ဒေသခံများ အနေဖြင့် စားဝတ်နေရေး ပြဿနာကို ပိုမို ရင်ဆိုင် ရနိုင်ကြောင်း မောင်တော ဒေသခံ ဦးမောင်ဖြူက ပြောသည်။

သူက ဆက်ပြီး “မနေ့ ညနေလောက်က စပြီး မိုးနည်းသွားတဲ့ အတွက် ရေကတော့ တဖြည်းဖြည်း ကျလာပါပြီ။ မနက်ဖြန်လောက် ဆိုရင် ပုံမှန်အတိုင်း ပြန်ဖြစ် လာပါလိမ့်မယ်။ ဒါပေမဲ့ ပုဇွန်နဲ့ ငါးကန် ပိုင်ရှင်တွေ ကတော့ နည်းနည်း အထိနာမှာပေါ့” ဟု ပြောဆိုသည
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates