မဇ္ဈိမသတင်းဌာန
ဇွန်လ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် ဘုရားသို့ သွားရောက်ကာ ဆုတောင်းခဲ့ကြသည့် ပဲခူးတိုင်း ဇီးကုန်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) မှ အဖွဲ့ဝင် အမျိုးသမီး ၅ ဦးကို ပြီးခဲ့သည့် တနင်္လာနေ့ ညနေပိုင်းက အမည်မသိ လူတစုက လောက်လေးခွဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ဇီးကုန်းမြို့ မြသိန်းတန် ဘုရားတွင် လူထု ခေါင်းဆောင် လွတ်မြောက်ရေး အတွက် ၀တ်ပြု ဆုတောင်းပြီး အပြန် ရန်ကုန်-ပြည် ကားလမ်းပေါ်၌ အမည်မသိ အမျိုးသား ၃ ဦးက ပေ ၅၀ အကွာခန့်မှ ကျောက်တုံး ကျောက်ခဲများ၊ လေးခွများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သည်ဟု ဇီးကုန်း အန်အယ်ဒီ ဥက� ဌ ဒေါ်ခင်ဝိုင်းက ပြောသည်။
“ကျမတို့ ရန်ကုန်-ပြည် လမ်းမပေါ် ရောက်တော့ အမျိုးသား ၃ ယောက်က အရှေ့က ရပ်စောင့်နေပြီး လေးခွနဲ့ ဆက်တိုက် ဆက်တိုက် ပစ်တာ။ အရှေ့ကသွားတဲ့ အမျိုးသမီး ၄ ယောက်မှာ တယောက်က ခြေသန်းလေးတွေ ပဲ့သွားတယ်။ တယောက်က ဗိုက်မှာ၊ တယောက်က ရင်ဘတ်မှာ၊ ပေါင်မှာရောပဲ။ လောက်စာလုံး မှန်တဲ့ နေရာတွေဆိုရင် ဖူးယောင်ပြီး ညိုမည်း နေတာပဲ” ဟု ဒေါ်ခင်ဝိုင်းက မဇ္ဈိမကို ပြောသည်။
အခင်းဖြစ်ပွားသည့် နေရာ အနီးတွင် ရဲအထူး သတင်းတပ်ဖွဲ့ အရာရှိ ကျော်လင်းထွန်း ဆိုသူ ရှိနေသော်လည်း ၀င်ရောက် တားဆီးခြင်း မရှိဘဲ ရှောင်ထွက် သွားခဲ့ကြောင်းနှင့် ယခုလို တိုက်ခိုက်ခံရမှုကို ဇီးကုန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သလို၊ လုံခြုံရေး အတွက် အကာအကွယ် ပေးရန် တောင်းဆိုရာ၌ အာဏာပိုင်များက ငြင်းဆိုသည့် အပြင် ဘုရားသို့ သွားရောက် ဆုတောင်းသည့် လုပ်ရပ်ကို ဟန့်တားသည့် သဘောဖြင့် ခြိမ်းခြောက်စကား ဆိုခဲ့သည် ဟုလည်း သိရသည်။
အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်းက “ဒါ အကြမ်းဖက်မှု ပေါ့ဗျာ။ ဒါက တရား ဥပဒေ မရှိတဲ့ သဘောကို ပြတာပဲ။ ဒီလို ဥပဒေ ဘောင်ထဲက မဟုတ်ဘဲနဲ့ လုပ်ချင်သလို လုပ်တယ် ဆိုတာမျိုးက အထူးသဖြင့်တော့ ဥပဒေကို ထိန်းသိမ်းရမယ့် လူတွေက ဒီလို လုပ်တယ် ဆိုတာက တိုင်းပြည် ပျက်စီးနေတဲ့ သဘောပဲလို့ ပြောရမှာပဲ” ဟု မဇ္ဈိမကို ပြောပြသည်။
အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် မေလ တရက်နေ့မှ စတင်ကာ မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ အန်အယ်ဒီ အဖွဲ့ဝင်များက ဘုရားဝတ်ပြု ဆုတောင်းပွဲများ ပြုလုပ် လာခဲ့ရာ လူ ၁၀၀ ကျော် အထိန်းသိမ်း ခံထားရပြီး အချို့မှာ နှောင့်ယှက် ဟန့်တားခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်ခြင်း ခံကြရသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (မြန်မာနိုင်ငံ) - အေအေပီပီ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။