ဆရက်အလီ မူတာဘာ (မဇ္ဈိမသတင်းဌာန)
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်ရန် အတွက် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် SME ခေါ် အသေးနှင့် အလတ်စား အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့၏ ၂၀၀၇ ပြပွဲ (SME India 2007) ကို ရန်ကုန်တွင် ကျင်းပသွားမည် ဖြစ်သည်
အိန္ဒိယ-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး စက်မူလုပ်ငန်း (စီစီအိုင်) ၏ ဥက္ကဌ G.L. Goenka က ပြပွဲ လုပ်ရသည့် ရည်ရွယ်ချက်မှာ အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံ လာရေးအတွက် ဖြစ်ကြောင်း နယူးဒေလီတွင် ပြောကြားခဲ့သည်
“အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာပြည်မှာ ဆေးဝါး၊ ဘိလပ်မြေ၊ စတီးလ်၊ ဓာတ်မြေသြဇာ၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ၊ စားသောက်ကုန် လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ရန်ကုန်မှာ လုပ်ခဲ့တဲ့ စီစီအိုင် ကိုယ်စားလှယ်တွေနဲ့ မြန်မာ
ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေ ကနေ ဒီ အစီအစဉ် လုပ်ခဲ့တာပါ” ဟု ဆိုသည်
ယခုပြပွဲသည် အိန္ဒိယနိုင်ငံ စက်မှု လုပ်ငန်း အဖွဲ့ချုပ်က ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် (Made in India) အမည်ရှိ ပြပွဲနောက်ပိုင်း ထပ်မံ ပြုလုပ်သည့် ပွဲဖြစ်သည်။ အဆိုပါ ပြပွဲတွင် သံ၊ စတီးထုတ် ပစ္စည်း၊ ဆောက်လုပ်ရေးသုံး ပစ္စည်း၊ ဆေးနှင့် ဆေးနှင့် သက်ဆိုင်သည့် အသုံးအဆောင်၊ အလှကုန် ပစ္စည်း၊ အ၀တ်အထည်၊ လက်မှုထည်၊ သားရေထည် ပစ္စည်း၊ လယ်ယာသုံး ပစ္စည်း၊ လျှပ်စစ် ပစ္စည်း၊ မီးဖိုချောင်သုံး ပစ္စည်းများကို ပြသခဲ့ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ကဏ္ဍ ပေါင်းစုံတွင် တိုးတက် ကောင်းမွန်ခဲ့ပြီး၊ အထူးသဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် ပိုမို ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။
အိန္ဒိယမှ ထုတ်ပြန်သော စာရင်းဇယားများ အရ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅၀ အထိရှိပြီး မတ်လတွင် ရပ်တန့်ကာ၊ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၅ရ ဒဿမ ၆၈ သန်း ရှိခဲ့သည်။
ထိုင်း၊ တရုတ်၊ စင်္ကာပူ နိုင်ငံများပြီးလျှင် အိန္ဒိယသည် မြန်မာနိုင်ငံ၏ ၄ နိုင်ငံမြောက် အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သည်သာမက၊ ထိုင်းနိုင်ငံပြီးလျှင် ဒုတိယမြောက် မြန်မာ့ ထုတ်ကုန် တင်ပို့သည့် နိုင်ငံ ဖြစ်သည်။ မြန်မာထုတ်ကုန် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို လက်ခံ ၀ယ်ယူ နေသည့် နိုင်ငံ ဖြစ်သည်
မြန်မာပြည်မှ ထုတ်ပြန်သော စာရင်းအင်းများ အရ မြန်မာနိုင်ငံတွင် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၃ ခုသည် အမေရိကန် ဒေါ်လာ ၃၅ ဒဿမ ၀၈ သန်း ရှိပြီး၊ ၁၉၈၈ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုသည် ဒေါ်လာ သန်း ထောင်ပေါင်း ၁၄ ဒဿမ ၄ အထိရှိကြောင်း သိရသည်။
ဇွန်လ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်