ဆန်းကျယ်သော ဖြစ်ရပ်ဖြင့် မြန်မာအမျိုးသမီးတဦး ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ

မုံပီး၊ ကိုဒီး (မဇ္ဈိမသတင်းဌာန)
ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

ဆန်းကျယ်သော ဖြစ်ရပ်ဖြင့် နယူးဒေလီရှိ မြန်မာ အမျိုးသမီးသည် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိကာ ဆပ်ဒါးဂျင်း ဆေးရုံတွင် တက်ရောက် ကုသနေရသည်။

ယခုလ ၆ ရက်နေ့က နယူးဒေလီ အနောက်ပိုင်းခရိုင် ဂျနပ်ပူရီ အရပ်ရှိ အထည်အလိပ် လုပ်ငန်းတွင် လုပ်ကိုင်နေသူ ချင်း တိုင်းရင်းသူ တဦးသည် ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာ ဝေဒနာ ခံစားရပြီး ဆပ်ဒါးဂျင်း ဆေးရုံသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ယခုကိစ္စကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ချင်းအမျိုးသား ဦးပါစော အဆိုအရ အမျိုးသမီးငယ် ဒဏ်ရာ ရရှိမှုနှင့် ဆေးရုံသို့ တင်လိုက်ရသည့် အကြောင်းကို သူမ၏ မိသားစုနှင့် အသိုင်းအ၀ိုင်းက ချက်ချင်း မသိရှိခဲ့ရဟု သိရသည်။

“ရာ့ဂ်ျဆိုတဲ့ လူတယောက်က ကောင်မလေးရဲ့ သူငယ်ချင်း မကင်မ်ကို အလုပ်ရုံမှာ လာခေါ်တယ်။ ဒီလို ကနေပဲ ကျနော်တို့တွေ အဖြစ်အပျက်ကို သိရဖို့ ဖြစ်လာတာပါ” ဟု ဦးပါစောက မဇ္ဈိမကို ပြောသည်။

ရာ့ဂ်ျက အမျိုးသမီးငယ်၏ ဖြစ်ရပ်ကို မကင်မ်ကို ပြောပြရာတွင် ဘတ်စ်ကားပေါ်မှ လိမ့်ကျပြီး မတော်တဆ ထိခိုက် ဒဏ်ရာ ရခဲ့သည်ဟု ဆိုသည်။

ဆေးရုံ တင်ထားရသော အမျိုးသမီးသည် သတိကောင်းစွာ မရဘဲ၊ စိုးရိမ်နေရသော အခြေအနေတွင် ရှိသည်ဟု သိရသည်။

ဒေလီ အနောက်ပိုင်း ရဲတပ်ဖွဲ့က ရာ့ဂ်ျနှင့် ဘတ်စ်ကား မောင်းသူကို ဖမ်းဆီးခဲ့ပြီး၊ မတော်တဆ ဖြစ်ပွားမှု ဖြစ်သည်ဟု အတည်ပြု ပြောဆိုသော်လည်း ယခု အချိန်အထိ ဆေးစစ်ချက် ထွက်မလာ သေးသဖြင့် အခင်း ဖြစ်ပွားပုံကို ယခုတိုင် ရှင်းလင်းစွာ မသိရသေးကြောင်း သိရသည်။

ယခု အမှုကို နီးကပ်စွာ လိုက်ပါဆောင်ရွက် နေသူတဦး ဖြစ်သည့် ချင်းအမျိုးသား ဦးရွန်ဘိခ် က မတော်တဆ ဖြစ်ပွားခဲ့သည်ကို မယုံကြည်ကြောင်း ပြောသည်။

“ဒါ မတော်တဆမှု မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ မတော်တဆ ဖြစ်တယ် ဆိုရင် ခေါင်းတင်ပဲ ထိမှာ မဟုတ်ဘူး။ တခြား နေရာတွေမှာလည်း ဒဏ်ရာ ရမှာပေါ့” ဟု ဦးရွန်ဘိခ် က ပြောသည်။

မြန်မာ အသိုင်းအ၀ိုင်းက ဤအမှုကို စုံစမ်း လေ့လာပေးရန် အတွက် အိန္ဒိယ ပါလီမန် အမတ် မစ္စတာ ဆန်းလျန်နာထံ အသိပေး နှိုးဆော်ခဲ့ ကြသည်။ သူက ဒေလီ အနောက်ပိုင်း ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေး ပေးရန်အတွက် အကြောင်းကြား ခဲ့သည်ဟု သိရသည်။

နယူးဒေလီရှိ မြန်မာ ဒုက္ခသည် အသိုင်းအ၀ိုင်းသည် မရေရာသည့် ရပ်တည်မှုနှင့် စားဝတ်နေရေး အတွက် လုံးပမ်း နေရသည့် ကြားထဲတွင် ယခု ဖြစ်ရပ်ကြောင့် စိုးရိမ် ထိတ်လန့်မှု အသစ် ဖြစ်ပေါ်လာရသည်။

“ကျမတို့အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမယ် ဆိုတာ မသိတော့ဘူး။ အလုပ် လုပ်ရတာတောင် ကြောက်သွားပြီ။ ဒါပေမဲ့ အလုပ် မလုပ်ပြန်ရင်လည်း ဘယ်လို အသက်ရှင်ရမလဲ” ဟု မြန်မာ ဒုက္ခသည် တဦးက မဇ္ဈိမကို ပြောသည်။

ကာယကံရှင် လူနာ အမျိုးသမီးငယ်သည် လွန်ခဲ့သည့် ၆ လခန့် ကတည်းက နယူးဒေလီသို့ ရောက်ရှိလာကာ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးထံမှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုမှု ခံယူရန် ကြိုးပမ်း နေသော်လည်း ကုလရုံးက ဒုက္ခသည်အဖြစ် လက်မခံသေးကြောင်း သိရသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး