ငြိမ်းချမ်း (မဇ္ဈိမ သတင်းဌာန)
ဇွန်လ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။
ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့သို့ ဆက်သွယ် ဖောက်လုပ်ထားသော ကားလမ်းတွင် မိုးရွာသွန်းမှု များပြားသောကြောင့် တောင်ပြိုကျပြီး ကားလမ်း ပိတ်ဆို့ သွားသဖြင့် ကုန်စည် ပို့ဆောင်ရေး ခက်ခဲ နေကြောင်း သိရသည်။
မိုးရက်ဆက် ရွာသွန်းမှုကြောင့် ယခုလ ၉ ရက်နေ့တွင် ၁၆ မိုင်ခန့် ရှည်လျားသော ဘူးသီးတောင် မောလမ်းမှ နေရာ ၃ ခုတွင် တောင်ပြိုပြီး ကားလမ်းများပေါ်သို့ ဖုံးလွမ်းသွားသည့် အတွက် ယခုလို လမ်းပမ်း ဆက်သွယ်ရေး အခက်အခဲ ကြုံရပုံကို မောင်တောမှ ဦးသိန်းရွှေက ပြောသည်။
“တောင်ပြိုလို့ ကားလမ်းမှာ မြေဖုံးသွားတယ်။ ကားသွားလို့ မရတာက ဟုတ်ပါတယ်။ ဒီနေ့ အထိပေါ့။ အခုလို ဖြစ်ရတာက တောင်ပြိုတဲ့ နေရာက တာဝန်ရှိတဲ့ လူတွေက ပြုပြင်လိုက်မယ် ဆိုရင် ရက်အနည်းငယ် အတွင်းမှာ ပြန်ကောင်းသွားမှာ ဖြစ်ပေမယ့် မိုးက ရက်ဆက် ရွာနေတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ပေါ့ပေါ့ဆဆနဲ့ ၁၁ ရက်နေ့ကမှ စပြီးတော့ လမ်းကို ပြုပြင်တဲ့ အတွက် မြန်မြန် မပြီးနိုင်ဘူး ဖြစ်နေတာပါ” ဟု သူက� မဇ္ဈိမသို့ ပြောသည်။
ကားလမ်း ပိတ်ဆို့နေသော နေရာများသည် ဘူးသီးတောင် မြို့နယ်အတွင်း ဖြစ်ပြီး နအဖ ခြေမြန်တပ်ရင်း (ခမရ) ၂၆၃ အနီး တနေရာ၊ ဒေသအခေါ် ဂေါက်ကွေ့ နေရာနှင့် ဒေသအခေါ် လမ်းပိုင်း နေရာတို့ ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ လမ်းပိတ်ဆို့ကြောင့် ယခင်က ဘူးသီးတောင်-မောင်တောသို့ သွားရောက်ရာတွင် ကားခ ကျပ် ၂၅၀၀ သာ ကုန်ကျသော်လည်း ကားလမ်း ပိတ်ဆို့ နေမှုကြောင့် ကျပ်ငွေ ၃၅၀၀ ကုန်ကျပြီး တနာရီခန့် လမ်းလျှောက် ရသေးကြောင်း ဘူးသီးတောင်မှ ဘင်္ဂလား-မြန်မာ နယ်စပ်သို့ ရောက်ရှိလာသူ ကိုသက်မောင်အေး က ပြောသည်။
“လမ်းပိတ်နေတာက တမိုင်ခွဲလောက် ရှိတယ်။ ဘူးသီးတောင်က ထွက်ပြီး နာရ်ီဝက်လောက် လမ်းခရီးကို ကားခက ၁၀၀၀ ပေးရတယ်။ နောက်ပြီးတော့ ခမရ ၂၆၃ ရှေ့ကို ရောက်တာနဲ့ ဆင်းပြီး လမ်းလျှောက်ရတယ်။ တနာရီလောက် လမ်းလျှောက် ရတယ်လေ။ ပြီးတော့ ပြန်ပြီး ကားစီးရတယ်။ အဲဒီမှာ မောင်တော ရောက်တာနဲ့ ၂၅၀၀ ပေးရတယ်။ အခု အခြေအနေက လူတွေလည်း ပင်ပန်းတယ်၊ ငွေလည်း ပိုကုန်တယ်” ဟု ကိုသက်မောင်အေး က ပြောသည်။
ဘူးသီးတောင်မှ မောင်တောသို့ ကုန်စည် ပို့ဆောင်သည့် လမ်းကြောင်းအဖြစ် ယင်း ကားလမ်း တခုသာရှိပြီး လမ်းပိတ်နေသည့် အတွက် ကုန်စည် ပို့ဆောင်မှု ခက်ခဲ နေသည်ဟု ဘူးသီးတောင်မှ ကုန်သည် တဦးက ပြောသည်။
မောင်တော မြို့နယ်အတွင်း ပုံမှန် လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကို စစ်တွေမြို့မှ ဘူးသီးတောင်သို့ ရေလမ်းဖြင့် ပို့ဆောင် နေရကာ ဘူးသီးတောင်မှ တဆင့် မောင်တောသို့ ကားဖြင့် ပို့ဆောင် ရသလို၊ ယခုအခါ� ကားလမ်း ပိတ်ဆို့မှုတွင် အခက်အခဲများ ပိုမို ဖြစ်ပေါ်လာသောကြောင့် မောင်တောတွင် မကြာခင် အချိန်အတွင်း ကုန်ဈေးနှုံး တက်လာနိုင်သည်ဟု အဆိုပါ ကုန်သည်က ရှင်းပြသည်။
ဘူးသီးတောင်-မောင်တော ကားလမ်းရှိ နေရာ ၃ နေရာတွင် ယခုလို တောင်ပြိုမှု ဖြစ်ပွားခဲ့သော်လည်း ခမရ ၂၆၃ အနီးရှိ ကားလမ်း ပိတ်ဆို့မှု တခုကိုသာ ရှင်းလင်း နိုင်သေးပြီး ကျန်နှစ်နေရာတွင် ပြိုကျနေသော မြေများကို သယ်ယူ ဖယ်ရှားနေဆဲဖြစ်ကြောင်း သိရသည်။