Tuesday, February 12, 2013

တလအတွင်း ပဲမျိုးစုံ ဒေါ်လာ ၆၃ သန်းဖိုး ပင်လယ်
ရေကြောင်းမှ တင်ပို့ခဲ့

ခင်မျိုးသွယ် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၂ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၃၀ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံကို ပင်လယ် ရေကြောင်းမှ တင်ပို့လျက်ရှိရာ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း အမေရိကန်ဒေါ်လာ ၆၃ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဇန်နဝါရီလထဲမှာ ပြည်ပကို အများဆုံးတင်ပို့ခဲ့တဲ့ ပဲတွေက မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနဲ့ ကုလားပဲတို့
ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ပဲ-နှမ်း ကုန်သည်အသင်းမှ ဥက္ကဋ္ဌ ဦးထွန်းလွင် က မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ထို့အပြင် မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲလွန်းဖြူ စသည့် ပဲများကိုလည်း တင်ပို့လျက်ရှိသည်။

“မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲတွေကို အိန္ဒိယက ၈၀ ရာခိုင်နှုန်းဝယ်ယူပြီး စင်္ကာပူက တဆင့်ခံ တင်ပို့မှုနဲ့ သွားနေသလို တရုတ်နဲ့ အာဆီယံနိုင်ငံအချို့တို့က အဓိက ဝယ်ယူလျက် ရှိနေပါတယ်” ဟု ဦးထွန်းလွင် က ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် ပဲတီစိမ်းကို အဓိက ဝယ်ယူသည်ဟုလည်း ဆိုသည်။

ဇန်နဝါရီ လဆန်းက ပဲတီစိမ်း ၁ တန်လျှင် ၆၈၅,၈၇၇ ကျပ် ရှိခဲ့ပြီး ဖေဖေါ်ဝါရီ လဆန်းတွင် ပဲတီစိမ်း ၁ တန်လျှင် ၇၄၀,၃၈၀ ကျပ်အထိ ဖြစ်လာခဲ့သည်။ ပဲစိမ်းငုံသည်လည်း ဇန်နဝါရီ လဆန်းရက်က ၁ တန်လျှင် ၅၂၅,၄၃၁ ကျပ်ရှိခဲ့ရာမှ ဖေဖေါ်ဝါရီ လဆန်းတွင် ၅၃၀,၉၄၂ ကျပ်အထိ ဖြစ်လာခဲ့သည်။

“ရန်ကုန် FOB ဈေးနှုန်းအနေနဲ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ပဲတီစိမ်း ၁ တန်လျှင် ၉၃၀ ဒေါ်လာ၊ မတ်ပဲ ၁ တန်လျှင် ၅၃၅ ဒေါ်လာ၊ ပဲစင်းငုံ ၁ တန်လျှင် ၆၆၅ ဒေါ်လာနှင့် ကုလားပဲဖြူလုံးမှာ ၆၈၀ ဒေါ်လာတို့ ရှိနေပါတယ်” ဟု ပြည်ပသို့ ပဲတင်ပို့နေသူ ဦးကြည်စိုး က ပြောသည်။

ယခုအခါ မြန်မာပဲမျိုးစုံကို အာရှဈေးကွက်အပြင် အာဖရိကနှင့် ဥရောပ နိုင်ငံများသို့ပါ တင်ပို့ ရောင်းချနေ၍ ပဲတောင်သူများထံမှ ဝယ်ယူတင်ပို့ရောင်းချမှုများ တိုးတက်လာနိုင်ကြောင်း ပဲကုန်သည် အများစုက သုံးသပ်
ပြောကြားကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates